ဒီအတွေးတွေဟာ တကယ်တော့ ကျွန်မဖတ်ခဲ့တဲ့ စာတွေကနေ ကျွန်မကိုယ်ထဲ အသွေးအသားထဲကို တစိမ့်စိမ့် ဝင်လာခဲ့ပုံရပါတယ်။ နောင်တော့ ကျွန်မ ဘာပဲ ခံစားနေရ နေရ အတွေးတစ်ခုခု ရှိနေတတ်တာ သတိထားမိပြီး စာအုပ်တစ်ခုနဲ့  မှတ်သားထားမိရာက အခု စုပေါင်းပြီး ဖော်ပြလိုက်ပါတယ်။ တခါတလေလည်း ခေါင်းစဉ်တစ်ခုခုနဲ့  တွေးမိပြီး တခါတလေလဲ စိတ်ခံစားချက်ပေါ် မူတည်လို့  တွေးမိတာတွေ ရှိပါတယ်။ ကျွန်မရဲ့ အတွေးများကို ဝေမျှ ခံစားပေးပါဦး။
ပြူတင်းပေါက်
တချို့ လူတွေ ဘာလို့ များ ရယ်စရာကောင်းပါလိမ့်။ ပြူတင်းပေါက် ဆိုတာ ကိုယ့်အိမ်ထဲကနေ ပြင်ပ လောက ကို မထွက်ခင် စူးစမ်းဘို့ ၊ ပြင်ပလောကရဲ့ အလှအပ ကောင်းကျိုးဆိုးကျိုးကို သိနိုင် မြင်နိုင် ခံစားနိုင်ဘို့  ဟုတ်? ဒါနဲ့ များ ပြူတင်းပေါက်တွေကို ပိတ်ဆီးထားဘို့  ဘာဖြစ်လို့  စဉ်းစားရတာပါလိမ့်။ ပြူတင်းပေါက်နား တယ်လီဗေးရှင်း ချထားတဲ့ လူတွေကို သိပ်စိတ်ပျက်မိပါတယ်။ ရုပ်သံ စီးရီးရဲ့ ဆွဲခေါ်ရာနောက် လိုက်သွားပြီး မင်းသား မင်းသမီးတွေရဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမှာ မျောပါရင်း တကယ့်လောက ကရှေ့ မှာရှိပါလျှက် လျစ်လျှူရှုလိုက်ကြပါတယ်။တယ်လီဗေးရှင်း ခဏပိတ်ပြီး ပြူတင်းတံခါးကို ဖွင့်လိုက်ပါ။ လရောင်နဲ့ ည ရဲ့ ပေါင်းစည်းမှုကို ငြိမ်းချမ်းစွာ ခံစားပါ။ နံနက်ခင်း အလင်းဖျော့ဝါဝါတွေနဲ့  ငှက်ကလေးတွေ သီချင်းဆိုတာ နားထောင်ပါ။ ပြီးတော့ ရဲရင့်မှု ငြိမ်သက်တည်ကြည်မှုတွေနဲ့  ပြင်ပ လောကကို ရင်ဆိုင်ပါ။
အခက်အခဲ
အခက်အခဲဆိုတာ အောင်မြင်ခြင်းဆီသွားရာ လှေကားထစ်တွေပဲ။ လှေကား တစ်ထစ်တက်လို့  မြင့်တက်သွားခြင်းတိုင်းမှာ ပျော်ရွှင်မှုကို စားသုံးရမယ်။ ခြေလှမ်းတိုင်းမှာ စိတ်ရှည်ဇွဲရှိဘို့ တော့ လိုတာပေါ့လေ။
အလှတရား
@ အလုပ်ထဲမှာ နစ်မြုပ်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာဟာ ဘယ်လောက်တောင် တည်ကြည်ခန့် ငြား ကျက်သရေ ရှိလိုက်လေသလဲ
@ ကြည်လင်ပြည့်ဝတဲ့ အပြုံးတစ်ခုကို မနက်ခင်းမှာ သင်ရခဲ့ရင် နေခြည်တွေ ပိုဝင်းလက်သွားသလို ခံစားရလိမ့်မယ်။ ဒါကြောင့် သင့်သူငယ်ချင်းတွေကို ဒီလို ကိုယ်ပိုင် နံနက်ခင်း ခံစားမှုမျိုး မျှဝေနိုင်ဘို့  ကြိုးစားစို့ ။ လွယ်လွယ်လေးပါ။ ပြည့်ပြည့်ဝဝ ကြည်လင်စွာ ပြုံးပြပါ။
အချစ်
@ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ အပင်လေး တစ်ပင် စိုက်ရသလိုပဲ။
ကရုစိုက်ရတယ်။ စိတ်အာဟာရ ကျွေးမွေးရတယ်။ မေတ္တာအရိပ်ပေးရတယ်။ ကြည်နာတဲ့ နေခြည်လေးလဲ ဆမ်းပေးရတယ်။ အချစ်ကိုလဲ သွန်းလောင်းရတယ်။ သူ့ အပေါ်ကျရောက်မဲ့ အန္တရာယ်ကလဲ စောင့်ကြည့် တားဆီးပေးရသေးတယ်။ စိတ်ရှည်လက်ရှည်စောင့်ရတယ်။ သူ ကိုယ့်ကြောင့်ပြုံးတာ ကိုယ်ပန်ခွင့်ရတဲ့ ပန်းလေးတပွင့်ပဲ မဟုတ်လား။
@ အစားအစာကို ချစ်တဲ့အချစ်လောက် ဘယ်အချစ်မှ မစစ်မှန်ဘူးတဲ့။ ဆာလောင်နေချိန်မှာတောင် နင့်ကို သတိရမိတဲ့ငါ ..... ဒါတောင် ငါ့အချစ်ကို မယုံသေးဘူးလား။