Tuesday, November 13, 2012

မိတ်ဆွေများနှင့် နေ့ လည်စာ

ဆယ်စုနှစ်တခု ကျော်ခဲ့ပြီ။ ကျွန်မ မိတ်ဆွေများနှင့်အတူ နေ့ လည်စာ ပုံမှန် စားခဲ့သည်။ အနည်းဆုံး တပါတ် ငါးရက်။ နေရာ နှင့် လူ အမည်နာမ များသာ ကွဲလွဲသွားခဲ့သည်။ ချစ်စရာ နှစ်သက်စရာ နေ့ လည်စာစားချိန်များက ကျွန်မနှင့်အတူ ရှိခဲ့သည်။
အစားအသောက် သိပ်မရွေးချယ်တတ်သည်က ညက်ညက်ဝါးပြီး မျိုချလိုက်ရုံရှိသော အစာကို မမက်စက်။ နေ့ လည်စာစားချိန် ကျွန်မတို့  ဆွေးနွေးကြ ငြင်းခုန်ကြ သော အကြောင်းအရာ ပေါ်မှာသာ ပိုတပ်မက်ခဲ့သည်။
လွန်ခဲ့သော ငါးနှစ်ခန့် ကတောင် နေ့ လည်စာ ချိန်သည် ကျွန်မအတွက် သိပ်မသက်ဝင်လှသေး။ Maintenance က အဖွဲ့ တွေ တယောက်ကို တယောက်စောင့်ရင်း စက်ရုံကကျွေးတဲ့ ထမင်းကို gen set ဆူဆူညံညံကြား အာရုံစိုက် စားရသည်။ generator သံ ကိုကျော်ပြီး တခြားတယောက် ကြားအောင် အော်ပြောဘို့ ဆိုတာ ထမင်းစားရင်း အေးအေးလူလူ မပြောနိုင်။ ဒါတောင် ကျွန်မတို့  တစ်ယောက်ကို တစ်ယောက် ကရုတစိုက် ရှိခဲ့ကြသည်။ အဲဒီလို ဆူညံပွက်လောရိုက်သော ထမင်းပွဲများကို တခါတရံတော့လဲ လွမ်းမိသည်။ လက်အမူအရာ မျက်နှာပေးတို့ နှင့် ရံခါ သုံးပြီး (၇) နှစ်မျှကြာအောင် သူတို့ နှင့် အတူရှိခဲ့သည်။ လူတစ်ယောက်၏ မျက်လုံးအရွေ့ မျက်လုံးနှင့် ခန္တာကိုယ် အမူအရာ ကပြောသော စကားသံတို့ ကို နေ့ လည်စာ စားရင်း  ဆူညံသော ပါတ်ဝန်းကျင် အကြား တတ်သိလာခဲ့သည်။ မတတ်ပဲ နေပါမည်လား။ ကျွန်မတို့  maintenance ဌာန မှ သူငယ်ချင်းများက ကျွန်မကလွဲလျှင် ကျန်သောသူအားလုံး ယောက်ျားလေးများ ဖြစ်ပြီး ထမင်းစားချိန်မှာ စက်ရုံ နှင့် ရုံးပိုင်းမှ မိန်းကလေးများကို တရားဝင် ကြည့်ခွင့်ရသော အချိန် ၊ အချင်းချင်း အသိပေးကြခြင်းပါပေ။ အလွန် ရိုးစင်းပေမဲ့ မမေ့နိုင်သော နေ့ လည်စာ ချိန်များပင်။
ဒီလိုနှင့် ဒီဘက် နှစ်တွေ မှာ နေ့ လည်စာ စားဘက် မိတ်ဆွေ တို့  ပြောင်းလဲခဲ့သည်။
အရင်လို  gen set သံ မရှိတော့။ စိတ်ကူးက ရည်မှန်းချက် တခု ပစ်မှတ်တခုစီသို့  ပြောင်းလဲလာခဲ့သော အခါ နေ့ လည်စာ စားချိန်တွင် အိပ်မက်ကို ဆာလောင်သံသော အသံ သာ ကြီးစိုးခဲ့သည်။ နည်းပညာ အကြောင်းသည် ကျွန်မတို့ ၏ နေ့ လည်စာ ထဲမှ အဓိက ဟင်းတခွက်။ အမိမြေ နှင့် အိမ်ကို လွမ်းဆွတ်မှုသည်လဲ အရသာ ပြင်းသော ဟင်းတခွက်။ မျှော်လင့်ထားသလောက် မမျှော်လင့်စရာ ကောင်းလောက်အောင် ဆိုးသော attitude shock သည်လည်း မကြာခန ပါတတ်သော ဟင်းတခွက်။ တယောက် ကို တယောက် ယိုင်းပင်း ဖေးမ ရင်း ဝေမျှမှု သည်လည်း စားမြိန်ဖွယ် ဟင်းတခွက်။ စ စရာ နောက်စရာ ပေါက်ကရ အကြံဥာဏ် အမြူးဆုံး အချိန်။ ငြင်းရင်း ခုံရင်း ကိုယ်ရပ်တည်ချင်ရာ ကိုယ်ရပ်ကြ။ နိုင်ငံရေး လူမှုရေး ပညာရေး စီးပွါးရေး အချစ်ရေး မိသားစုအရေး.... ကျွန်မတို့  စကားတွေ အများကြီး ပြောခဲ့ကြသည်။ ကျွန်မတို့ ကိုယ်ပိုင် ရပ်တည်မှု အချင်းချင်း ခိုင်မာစေခဲ့သည်။ ခေါင်းမာချင်ရင် ခေါင်းမာနိုင်သည်။ ဝေဖန်ချင်ရင် ဝေဖန်နိုင်သည်။ ကိုယ်မကြိုက်တဲ့ အတွေးအခေါ် အပြုအမူ ဘယ်တစုံတရာ ကိုဖြစ်စေ လွတ်လပ်စွာ ဝေဖန် ပိုင်းခြား ကာကွယ်နိုင်သည်။
ကျွန်မတို့  နိုင်ငံတော်သစ်အကြောင်း ခနခန ပြောကြသည်။ ဘယ်သူမှ စကားကြီး စကားကျယ် ပြောသည်ဟု မထင်။ ကျွန်မတို့  ကိုယ်တိုင်မှာ တာဝန်ရှိနေကြောင်း သိကြသည်။ ကျွန်မတို့  အားလုံး စာဖတ်ကြသည်။ ပြီးတော့ မှီသလောက် ဝေဖန် ပိုင်းခြားကြသည်။ ငြင်းခုံကြပြန်သည်။
တခါတရံ ပုံပြင် တခုလုပ်ပြီး တယောက်တပေါက် ဝင်ပြီး ခွန်းထောက်ကြသည်။

ပညာရေးနဲ့  ပါတ်သတ်ပြီး ရုပ်သံက ကိုရီးယားကားတွေ များနေတဲ့ နေရာမှာ ကျွန်မတို့  စိတ်ကူး နဲ့  အစားထိုးချင်တာက အကျိုးပြု စိတ်ကူးကောင်း လက်တွေ့ ကျတဲ့ အစီအစဉ်လေးတွေ ထည့်စေချင်တာ။ ဆယ်တန်းအောင်ရင် ဘာလုပ်ရမှာလဲ ဆိုတဲ့ ကလေးတွေ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ လမ်းညွှန် အပြော အဟော တခုခုနဲ့  လမ်းပြစေချင်တာ။ မီဒီယာ ဟာ သိပ်အရေးပါတယ် မဟုတ်လား။ ကျူရှင် မတက်နိုင်တဲ့ ကလေးတွေ အတွက် စာအသင်အပြကောင်းတဲ့ ( စာအုပ်ကြည့်ရွတ်မနေတဲ့) အာဝဇွန်းကောင်း အရည်အချင်းပြည့် ဆရာတစ်ယောက် ဒါမှ မဟုတ် နာမည်ကြီး ကျူရှင် ဆရာ တစ်ယောက်နဲ့  အချိန်လေး တခုလုပ် အစီအစဉ်လေး လွှင့်စေချင်တာ။ လူငယ်ဘဝဆိုတာ ဆေးချ အရက်သောက်နဲ့  မှောင်မိုက်ရှုပ်ထွေးနေတဲ့ သားရဲ တောအုပ်လို့  ထင်နေသူတွေအတွက် လွင်ပြင်ကျယ်မှာ နေရောင်ခြည်လေး လှုံရင်း လေကောင်းလေသန့်  ရှုကြည့်စေချင်မိတာ။ ပြီးတော့ ရောက်တာ မရောက်တာ နောက်ထား..။ အဝေးမှာ ကိုယ်သွားရမဲ့ ရွှေမြို့ တော် ကို လှမ်းမျှော်ကြည့်  စိတ်ကူးကြည့်စေချင်မိတာ။
ဒီ့ထက် အစီအစဉ်ကျနတဲ့ plan တွေ နေ့ လည်ထမင်းစားဝိုင်းမှာ ဆွေးနွေးခဲ့ကြ။

ဒီလိုနဲ့  ကျွန်မ ... ကျွန်မ ရဲ့ မိတ်ဆွေ များနဲ့  စကားစမြီ ပြောခွင့်ရ စိတ်ကူးဥာဏ် အသစ်တွေ ပိုတောက်ပြောင်ခွင့်ရတဲ့ နေ့ လည်စာ အချိန်ကို ပိုပိုပြီး ချစ်ခင် စွဲလမ်းလာပါတယ်။ မိတ်ကောင်းဆွေကောင်းများနဲ့ အတူစကားလက်ဆုံကျခဲ့တဲ့ နေ့ လည်စာချိန် နာရီ တွေဟာ တဖြည်းဖြည်း.. ခရီးရှည် တခုလိုတောင် လမ်းပေါက်ခဲ့ပေါ့။ ကျွန်မတို့  အခွင့်အရေး ရှိနေသေးသ၍ ဆက်လျှောက်ဦးမဲ့ လမ်း..။ နောက်အချိန်တော်တော်ကြာအထိ အတူရှိနေကြဦးမဲ့ နေ့ လည်စာ စားချိန်တွေပေါ့။