Wednesday, December 4, 2013

GN


ဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ်ရယ်
ညည့်က တဖြည်းဖြည်းပြိုကျ
အသံမဲ့ ရယ်သံက ငါ့ရင်ထဲ ဖိတ်ကျ စင်လို့ 
နင့်အပြုံးကို စိတ်မှန်းနဲ့ တင် နှုတ်ဆက်
good night.....


Tuesday, November 19, 2013

စာကြည့်တိုက်

ကျွန်မ စာဖတ်တတ်စဉ် အရွယ်ကနေ ဆယ်ကျော်သက် အထိ အချိန်ဖြုန်းခဲ့တဲ့ စာကြည့်တိုက်လေးကို အရင် တပါတ်က ရောက်ခဲ့သည်..။
လွန်ခဲ့သော နှစ်၂၀ ခန့် က ကျောင်းပိတ်ရက် နေ့ လည် ၂ နာရီ လောက်ဆို စက်ဘီး တစီးနဲ့  အဲဒီစာကြည့်တိုက်လေးကို ရောက်လာ..အသားညိုညို ပိန်ပါးပါး နဲ့  စစ်စွပ်ကျယ် နွမ်းနွမ်း ဝတ်ထားတတ်တဲ့ ရခိုင်သား စာကြည့်တိုက်မှူးကို ဦးလေးရေ စာအုပ်အသစ် ဘာများရောက်ပါသလဲလို့  မေးနေကျ မေးခွန်းကို မေး.. သူပြောတဲ့ စာအုပ်အသစ်တွေကြည့်.. ပြီးရင် စာကြည့်တိုက် ထောင့်နားလေးက စာအုပ် အမှတ်စဉ်ကဒ်ပြားလေးတွေမှာ ကိုယ်ဖတ်ချင်တဲ့ ဝတ္တု စာအုပ်ကို သွားရှာရသည်..
စာအုပ်အမှတ်စဉ်ကဒ်ပြားလေးတွေမှာ မဂဇင်း အဟောင်းတွေ မပါတတ်တော့ စန္ဒာတို့  ရှုမဝတို့  လုံမလေးတို့  ဖတ်ချင်တဲ့အခါ စာအုပ်ဗီရိုတွေထဲ ဝင်ရှာဘို့  စာကြည့်တိုက်မှူးကို အသနားခံရသည်.. ပုံမှန်က စာအုပ်လိုချင်ရင် အမှတ်စဉ်ကဒ်ပြားကို ယူပြီး သူ့ ကိုပြ.. သူက စာအုပ်ရှာပေးပြီး ငှားလိုက်တာမျိုးလေ.. စာအုပ်စင်တွေကြားထဲ ပေးမဝင်ခွင့်မပြုတတ်..
ဒါပေမဲ့ နောက်တော့ ကျောင်းပိတ်ရက်ညနေတိုင်း ရောက်နေကျ ကိုယ်ကို့  အထူးအခွင့်အရေးပေးပြီး ကြိုက်တဲ့စာအုပ် ဝင်ရှာ ဝင်ဖတ်စေပါသည်။ စန္ဒာ မဂဇင်းလို့ ရေးထားတဲ့ စာအုပ်စင်ရှည်ကြီးအောက်မှာ တပါတ်စာ ရွေးမပြီးတဲ့ကိုယ်.. ဖတ်လို့ မပြီးတဲ့ အခန်းဆက် ဝတ္တုအဟောင်းတွေကို သူ့ နားရပ်ပြီးပြော ၊ သူစာအုပ်ရှာရင်း အလုပ်များနေလဲ နောက်ကလိုက်ပြောနဲ့  အဲဒီအခန်းဆက်ရဲ့ နောက်တလ စာအုပ်ပျောက်နေရင် သူနားပိုပူပြီ။ တဖြည်းဖြည်းနဲ့  ဘယ်နေရာမှာ ဘာစာအုပ်ရှိတယ်ပါ သိလာတော့ သူ့  လက်ထောက်ဖြစ်နေပြီး ကိုယ်စာကြည့်တိုက်ရောက်တဲ့အချိန်တွေဆို စာအုပ်လာငှားတဲ့လူတွေကို စာအုပ်အမြန်ဆုံးရှာပေးတတ်.. ကြည့်လိုက်တာနဲ့  ပျောက်နေတဲ့စာအုပ်မှန်း မှတ်မိတတ်လာရော.. စာအုပ်ကဒ်တွေ အသစ်ရေးရင် ကွန်ပါဘူးထဲက ထောက်ချွန်လေးနဲ့  ဝိုင်းနေအောင် ရေးပေးထားတဲ့ ကဒ်တွေကို သူက ကွမ်းတမြုံ့ မြုံ့ နဲ့  တပြုံးပြုံးကြည့်နေတတ်သေး..
ကဒ်ထူအမာနဲ့  သပ်သပ်ရပ်ရပ်ဖုံး နိုင်လွန်ကြိုးနဲ့  ချုပ်ထားတဲ့ စာအုပ်တွေပေါ်မှာ စာအုပ်နာမည် ၊ ခုနှစ် နှင့် လ ၊ စာအုပ်အမှတ်စဉ်တွေရေးပေးပြီး တခါတလေ ရောင်စုံဘူးနဲ့  ခြယ်ခွင့်ပြုတဲ့အခါ အရမ်းပျော်ရတာ မှတ်မိသေးသည်..။ လက်စွမ်းတွေ ပြခွင့်ရပြီဆိုပြီး...
ရွှေပြည်တော် မျှော်တိုင်းဝေးကို တပိုင်းတစနဲ့  ရှာမရ ဖတ်မရလို့  တွေ့ တိုင်းပြောမိတော့ ငါ့သမီးရယ် ညည်းအသက်ကြီးလာတဲ့အခါ ကြိုက်တဲ့စာအုပ်ဝယ်ဖတ်နိုင်အောင် အခုတော့ စာကြိုးစား.. ပိုက်ဆံရှာတတ်အောင်လုပ်တဲ့…. သိုင်းဝတ္တုလိုမျိုးက အိမ်က ဖတ်ခွင့်မပေးတော့ မဂဇင်းဟောင်းတွေ ရှာပြီးရင် ဘီရိုတွေဘေးမှာ သိုင်းဝတ္တုတွေကို ဝါးစားသလို ကမန်းကတန်း ဖတ်လေ့ရှိသည်.. သူစာအုပ်တခုခု ဖတ်မနေတဲ့အခါ စာအုပ်ရှာမပေးရတဲ့အချိန်များမှာ စာအုပ်ထဲက သိုင်းကျင့်နည်းတွေကို ရီစရာပြောပြီး အိမ်ပြန်ရင် မိုးပျံသိုင်းနဲ့  ပြန်ပါလား စက်ဘီးနင်းစရာ မလိုတော့ဘူး .. အသားဖြူအောင် အိမ်မှာ ဖျာလိပ်ထဲ တပါတ်လောက်ဝင် အသက်အောင့်သိုင်းကျင့်ပါလားတို့ နဲ့  နောက်တတ်ပါသည်…
ဖတ်တော့ လုံမလေး .. တခါမှလဲ မိန်းကလေးပီပီ အချိုးမကျ တဲ့.. ပြီးရင် ညည်း ငါ့ချွေးမ လုပ်မလားဆိုရင် ခေါင်းတွေမူးသွားအောင် ခါပစ်လိုက်တဲ့အခါ တဟားဟားရီတတ်သေး…
စာကြည့်တိုက် အပြင်ဘက်က ပုန္နရိပ်ပင်တန်းတွေကို စာကြည့်တိုက်ဖွင့်ချိန်စောင့်ရင်း ငေးခဲ့တာ သတိရသည်.. အနီရောင် အဝါရောင်ရောသော ပုန္နရိပ်ပင်တွေက စာကြည့်တိုက်ဖြူဖြူလေးရှေ့ မှာ သိပ်လှပ ပြီး စိမ်းမြနေတတ်သေးသည်.. ဆောင်းရာသီ နွေရာသီတွေမှာ ကျွန်မကို တံခါးဖွင့်ပေးပြီး အပင်တွေ ရေသွားလောင်းတတ်သော စာကြည့်တိုက်မှူးရဲ့ အရိပ်ကို မှတ်မိနေသေးသည်။
တက္ကသိုလ်တတ်ပြီး ပြန်လာတဲ့အခါကတော့ စာကြည့်တိုက်လေး ပိတ်သွားပြီ.. သူ့ ကိုတော့ စာကြည့်တိုက်နဲ့  တွဲထားတဲ့ သမဆိုင်လေးမှာ တွေ့ မိသေးသည်… စာကြည့်တိုက် ဘာလို့ ပိတ်သလဲ မေးရင် ကွမ်းတဝါးဝါးနဲ့  ပိတ်ထားတာ ကြာပြီတူမရေ.. စာအုပ်တွေလဲ မစုံတော့ဘူး.. အသစ်လဲ မဝယ်နိုင်တော့ဘူး.. ခေတ်တွေက မတူတော့ဘူး လို့  ပြောတတ်သည်..။ စာကြည့်တိုက် မှန်ပြူတင်းအပြင်က မြင်နေရတဲ့ စာအုပ်စာပေ လူ့ မိတ်ဆွေ ဆိုတဲ့ ရှေးလက်ရေး ဆောင်ပုဒ်ကိုသာ မော့ကြည့်ခဲ့ရသည်။ အဲဒီ စာတန်းအထက်က ဖုံအလိမ်းလိမ်းနဲ့  ဗိုလ်ချုပ်ပုံ ရှိနေသေးတာပဲ ကျေးဇူးတင်ရမလို …
အခုနောက်ဆုံးတခေါက်မှာတော့ အဖေက စာကြည့်တိုက်လေးဆီ လိုက်ပို့ ပေးသည်။ ကျွန်မငယ်ငယ်က သူ လာလာရှာရတဲ့ နေရာတွေထဲက တခုဆိုတာ မှတ်မှတ်ရရ ပြောတော့ ရီရသေးသည်။
စာကြည့်တိုက်ပြန်ဖွင့်တာ ဝမ်းသာရပေမဲ့ စာကြည့်တိုက်ထဲ ဝင်သွားတော့ အူကြောင်ကြောင်ဖြစ်နေမိသည်.. နံရံပေါ်က စာတချို့ ရှိဆဲ… စာအုပ်ရှာတဲ့ ကဒ်ထားသော သေတ္တာလေးတွေကတော့ မရှိတော့..။ စာအုပ်စင် ညိုညိုမြင့်မြင့်ကြီးတွေ မရှိတော့.. ။ စားပွဲရှည်တွေပေါ် စုပုံတင်ထားသော စာအုပ်တွေကို ကြည့်ရင်း သက်ပြင်းသာ ချမိသည်.. စန္ဒာ တို့  ရှုမဝ တို့  လုံမလေး တို့  မရှိတော့.. မိနစ် အနည်းငယ်မျှ ဝေ့ဝိုက်ကြည့်ရင်း ပြန်ထွက်လာခဲ့သည်… သမီးတို့ ငယ်ငယ်က စာကြည့်တိုက်မှူးရော ဆိုတော့ ပင်ဆင်ယူပြီး ပြောင်းသွားပြီတဲ့..
ကျွန်မစိတ်ထဲမှာ ကျွန်မတို့ ငယ်ငယ်ကထက် ပိုသားနား သပ်ရပ်သော စာကြည့်တိုက်လေးတခုကို ခိုးပြီး အိပ်မက်ခဲ့တယ် တူပါရဲ့… စာကြည့်တိုက်ဝန်း ထောင့်က ငုဝါပင်လေးကတော့ ယောင်ချာချာရှိဆဲ.. အလုပ်တခုဆိုပေမဲ့ သူသေချာကျနစွာ ပျိုးထောင်ခဲ့သော စာကြည့်တိုက်လေးကို မြင်ယောင်မိရင်း သူ့ ကို လေးစားချစ်ခင်မိဆဲစာအုပ်စင်တွေကြားက သူ့ အရိပ်နေရာမှာ ကျွန်မတို့  အရိပ်နဲ့  အစားထိုးရင်း ..ပိုကောင်းမွန် ပိုအဆင်မြင့် ပိုစုံလင် တဲ့ စာကြည့်တိုက်လေးတခုလဲ ဝေမျှပေးချင်သေးရဲ့…

Sunday, September 29, 2013

လက်ဘက်ရည်ဆိုင်..

ကြယ်ရောင်ပျပျအောက်
နင့်အနားထိုင်
ရေဒီယိုက သီချင်းလေးလိုက်ညည်းရင်း
စားပွဲခုံအောက်က သိုဝှက်ထားတဲ့
လက်ကလေးတွေက
ပိုမြဲမြံနွေးထွေး....

(လက်ဘက်ရည်သောက်ချင်တာရယ် လက်တွေ တော်တော်အေးနေတာရယ်ရောပြီး ဒီကဗျာကိုရေးသည်)
 
Tea Shop...

Seating together
Under the vague stars…
Humming tune from air..
There are hiding a pair of hands,
Underneath of stand
More tighten and warm…

Tuesday, September 24, 2013


စာမျက်နှာ တစ်ရွက်ပြီး တစ်ရွက်
တဖြတ်ဖြတ်လွင့်ခါသွားတဲ့နောက်
အမှတ်တရ ကြည့်ဘို့ 
တယုတယ ဖွင့်ကာမှ ဗလာသက်သက်တဲ့ကွယ်...

Monday, April 8, 2013

တခါ တခါ
အိပ်မက်မှာသာ ရှာနိုင်တဲ့
အလင်းရနံ့ ကို ဆုပ်ကိုင်ထားချင်မိ..။
လမ်းဆုံ သို့ မဟုတ် လမ်းခွဲ
တစ်နေရာထဲပေမဲ့
လားရာတွေက ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်လို့ ..။
မျက်ရည်တွေ အငွေ့ ပြန်တဲ့အခါ
အက်ခြောက်ခြောက်အပြုံးတွေသာ
နှုတ်ခမ်းပေါ် ကျန်ရစ်တယ်။
မကြာခဏ စိုစွတ်တတ်တဲ့ မျက်တောင်ဖျားတွေက
အကြည့်တွေမှာ ပိုနာကြင်စေမလားပဲ..
ငါ့အိပ်မက်က နင်ဖြစ်ခဲ့တယ်
ဆောင်းည အိပ်မက် တခုပေါ့ကွယ်...။