အမှောင်ရိပ်က တရွေ့ ရွေ့ တွားဝင်လာသည်။
ဆောင်းအကုန် နွေအကူးမှာ ဖြတ်လာတဲ့ လေကလဲ ခြောက်ခြောက်သွေ့ သွေ့ ...
ရိုးပြတ်ထဲကို ဖြတ်လာတဲ့ မြောင်းငယ်လေး တခု တလျှောက်သာ မြက်ရိုင်းတချို့ နဲ့  အစိမ်းရောင် မျဉ်းကွေ့ တစ်ကြောင်းအဖြစ် ဝေ့ဝိုက် လို့  ။ အိုမင်း ရင့်ရော်လှပြီဖြစ်တဲ့ ဒေသဟာ နေရောင်အောက်မှာ တည်ငြိမ် ရင့်ကျက်စွာ လှပနေဆဲပါ..။ အဝေးက တောင်တန်းရဲ့ အနိမ့်အမြင့်တို့ ဟာ အမျိုးသမီးတစ်ယောက် ဆံပင်ရှည်တွေ ဖြန့် ခင်းရင်း တစောင်း လဲလျောင်းနေသလို... ဝင်လုဆဲ လိမ္မော်ရောင် ပုစွန်ဆီရောင် အရောရော နေရောင်အောက် အမှောင်ရိပ် တဘက်ခြမ်း ညို့ ညို့ နဲ့  သူမအလှကို ပိုမိုသက်ဝင်စေသလိုပါ...။ သူမသည် လှပသည် မှန်သော်လည်း ကြမ်းတမ်းသည်။ အေးချမ်းသလို ထင်ရသော်လည်း ထူးမခြားနား လာဘ်စားမှု မြေသိမ်းမှုတွေနဲ့  အတွင်းလှိုက် နာကြင်နေသော ဒေသတခုသာ ဖြစ်သည်။ တောင်ခါးစောင်းမှ မီးရထားလမ်းအတွက် ကျောက်မိုင်းခွဲရာက သူမ အလှတွေထဲကပဲ ထင်သာ မြင်သာ ဒဏ်ရာကြီးကြီးတခု။ အလုပ်မဖြစ်သော မီးရထားလမ်းကြီးက သူမ ခန္တာကိုယ်ပေါ်တွင် ကင်ခြေများ ကြီးကြီး တစ်ကောင်တင်ထားသလို ။ သို့ မဟုတ် လက်ရာမသေသပ်သည့် ချုပ်ရာ ကြီးကြီး တခုလို ။ ဒီဒေသကို ညို မနှစ်မြို့ သလောက် ဒီဒေသဟာ ညို့  အသဲထဲထိ စွဲစွဲထင်ထင်...
ယူကလစ်ပင်တန်းတွေအောက်က ကွန်ကရစ်လမ်းကလေးပေါ် ရပ်နေတုန်း မိန်းကလေး လေးယောက် စက်ဘီးလေးတွေ အပြိုင်နင်းရင်း ညို့ ကို လေပွေ ငယ်လေးများလို ဖြတ်သန်းသွားလေရဲ့..
သူတို့ လွင့်ကျ ခဲ့တဲ့ ရယ်သံတွေက အဲဒီနားတဝိုက် ကျဲပြန့် ကာ။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
ကုက္ကိုပင်အောက်က အဖြူရောင်တံတားပေါ်အရောက် မိန်းကလေး လေးယောက်စလုံး စက်ဘီးပေါ်က ဆင်းပြီး တံတားဘောင်ပေါ် ထိုင်လိုက်ကြသည်။
တံတားအောက်က ချောင်းငယ်ထဲမှာ ရွက်ဝါ တချို့ မျောရင်း... ငယ်ဘဝ၏ ပြက္ခဒိန်ရက် တော်တော် များများတွင် ထိုမိန်းကလေးများ အတူ စက်ဘီးစီးလေ့ ရှိတတ်သည်..။ အူဝဲကတည်းက တစ်ယောက်နဲ့  တစ်ယောက် ဆေးရုံ အတက်အဆင်းသာကွာ... တခုတည်းသော ဒေါ်သောင်းရီ မူကြိုမှာ ဒေါ်သောင်းရီ ရဲ့ ရင်ဘတ်ထဲမှာ ကျောပေါ်မှာ ထမီအနားစွဲကာ အတူတူကြီးလာခဲ့ကြ။ မူလတန်း အလယ်တန်း တစ်လျှောက် ရန်ဖြစ်ကြ ပြန်ချစ်ကြ ဆရာ ဆရာမတွေ အချစ်ကို ရယူဘို့  အပြိုင်ကြိုးစားကြ။ တဆိုင်တည်းသာရှိသော ကျောင်း မုန့် ဈေးမှာ သင်္ဘောသီးသုတ် ၁ကျပ်ဘိုးကို မျှဝေစားတတ်ကြသည်။

ကျောင်းရှေ့ က ခနော်နီ ခနော်နဲ့  ကစားကွင်းထဲမှာ လေထဲ မြောက်တက်သွားအောင် တစ်ယောက်တစ်လှည့် ဒါန်းလွှဲပေးမည်။ ကျောင်းတံစက်မြိတ်က မိုးရေစက်တွေကို တစ်ယောက်နှင့် တစ်ယောက် မှီတွဲ ထိုင်ကာ ငေးမောကြမည်။ အမှတ်အရဆုံး အချိန်များက သူငယ်ချင်းလေးယောက် ညနေခင်း စက်ဘီးစီးချိန်များပင်။
အလယ်တန်း အထက်တန်း ဆက်ကျော်သက်တစ်လျှောက် ဘဝသည် အနိမ့် အမြင့် အတက် အကျ မသိသာစွာ ဖြတ်သန်းခဲ့ကြသည်။ တောနယ်ဖြစ်တာကြောင့်လဲ ကုန်ဈေးနှုံး အတက်အကျ ဆီဈေး ဆန်ဈေး အတက်အကျများသည် သူတို့  လူနေမှု ဘဝ ထဲ မြန်မြန်ဆန်ဆန် သက်ရောက်မှု မရှိခဲ့။
အထက်တန်း အောင်စာရင်းထွက်ချိန်မှာတော့ ဘဝ ဦးတည်ရာ လမ်းချိုး တွေ ပြောင်းခဲ့ကြသည်။
တစ်ယောက်က စက်မှု လက်မှု သိပ္ပံ တစ်ယောက်က တစ်ယောက်က စီးပွါးရေး တက္ကသိုလ် နှစ်ယောက်က ဆရာအတတ်သင် ...
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
ညို အဖေ နဲ့  မျက်နှာချင်း မဆိုင်ချင်။ အဖေ့ မျက်လုံးတွေက နီရဲကာ ကြိုးကြေလွယ်သည့် မုန့် လေပွေလို မျက်နှာထားမျိုး။ ဘာစကားမှ မပြောပဲ မသိကျိုးကျင်ပြုကာ အမေ့ အနောက်မှာ ကွယ်ကာနေခဲ့သော်လည်း ညို့ ရင်ထဲက စကားတွေက မျက်လုံး များမှ အော်ပြောနေမှာ သေချာသည်။ ခွဲကာနီး ဒီမျက်လုံးတွေနဲ့  အဖေ့ကို မနှုတ်ဆက်ချင်။
ညို့ ဘဝကို ဒီနေရာမှာလဲ အဆုံးမသတ်လိုက်ချင်။ ဒီဒေသထဲက လယ်သမား တစ်ယောက် သို့ မဟုတ် အစိုးရ အကြီးစား စက်မှုလုပ်ငန်းထဲက အငယ်တန်း အင်ဂျင်နီယာ တစ်ယောက် သို့ မဟုတ် စစ်တပ်ထဲက စစ်သား တစ်ယောက်ယောက် အလွန်ဆုံးဖြစ်နိုင်လှ စစ်ဗိုလ်တစ်ယောက်ယောက်နှင့် နီးစပ် အိမ်ထောင်ကျသွားနိုင်ပြီး တုံးတုံးအအ အိမ်ထောင်ရှင်မ ဖြစ်ချင်ဖြစ် မဖြစ်ရင်လဲ ဖယ်ရီလေးစီးပြီး အတင်းတွေ ဖောင်ဖောင်ပြောကာ သနပ်ခါးအဖွေးသားနှင့် စက်ရုံအလုပ်သမ တစ်ယောက်လို ဘဝ မျိုး နှင့် ညို မရောင့်ရဲနိုင်ပါ။ ညို့  သူငယ်ချင်းတွေ တော်တော်များများ ဒီလိုပင်။ ငြီးငွေ့ စရာ ကောင်းသော ဘဝ၏ ထွက်ပေါက်က အသက်ငယ်ငယ်မှာပင် အိမ်ထောင်ပြုလိုက်ကြကာ ကလေး တွေမွေးကြ။ ဆင်းရဲမှုဒဏ်ကို မခံနိုင်သော ယောက်ျားက အရက်ပုလင်းနှင့် နေ့ တိုင်း မျက်နှာချင်းဆိုင်။ အပျိုရည်သွေး ယဉ်စစ အလှမှာ နှုတ်ကြမ်း ကိုယ်ကြမ်းတွေ နေရာဝင်ယူကြသည်။ ဘယ်မှာလဲ ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်။
ညို ဆယ်တန်းအောင်တော့ ညို့ အဖေ အမေ အစိုးရ ဝန်ထမ်းစရိတ်ကလေးနှင့် ညို့ အနာဂတ်သည် သူတို့ ခေါင်းခြောက်စရာကောင်းသော ခေါင်းစဉ်တခု ဖြစ်သည်။ အတန်ငယ် ကြွယ်ပိုး ကြွယ်ဝ ရှိသော အဘိုး အဘွား များ အထောက်အပံ့ဖြင့် ညို ကျောင်းဆက်တက်ခဲ့ခြင်းဖြစ်သည်။
ဘာကျောင်းမှ မဖွင့်တော့ ကိုယ်အမှတ်မှီရာလေးနှင့် စက်မှု လက်မှု သိပ္ပံသို့  ညို ရောက်ခဲ့သည်။ ညိုတို့ ထက် စီနီယာတွေက ကျောင်းအပြီးမှာ ရန်ကုန်သွား အလုပ်ရှာကြ အလုပ်တွေရကြ။ ရန်ကုန်မှာ ဟိုတည်ကြီးတွေ ဆောက်နေတယ် အလုပ်တွေရကြတယ် ရန်ကုန်မှာ အလုပ်ပေါမှပေါ စက်ရုံတွေကလဲ သိပ်ခေတ်မှီကြ သတဲ့ ဆိုသည့် ဝမ်းသာစရာ သတင်းစကားများနှင့် ညိုတို့  အားတက်ကြသည်။
ကျောင်းပြီးလို့  ၁ နှစ်ကြာအထိ အဖေ့ကို ချစ်သော ကြောက်သောညိုသည် ရန်ကုန်ရောက်နှင့်ကြသော သူငယ်ချင်းများ နောက်သို့  လိုက်ဘို့  စကားမစ ရဲသေးပေ။
ညို့ မှာ အဘိုး၏ ကုန်သည်မျိုးရိုး စွန့် စားစိတ်က အပြည့်ပါသည်။ အဘိုး၏သမီး ညို့အမေက သူ့ မမက်ခဲ့ရသော အိပ်မက်များအတွက် ညို့ကို သူတတ်သမျှ မှတ်သမျှ အားပေးရင်း ညို့လိုအပ်ချက်ကို ဖြည့်ပေးရှာသည်။ အဖေ၏ ဒေါသများ အလိုမကျမှုများ တကိုယ်ကောင်းဆန်မှုများ အထင်သေးမှုများကို ရေစစ်တခုလို စစ်ယူကာ ညို့ကို ရှေ့ ဆက်ရဲဘို့  သတ္တိ လုံခြုံစေဘို့  မေတ္တာများကို ပေးရှာသည်။ ညို အဆင်မပြေရင် ပြန်လာခဲ့ဘို့ ။ ရှုံးနိမ့်မှုမှာ ရေစုံမမျှောလိုက်ဘို့  နဲ့  ညို့ကို အားကိုးတဲ့အကြောင်း ချစ်တဲ့အကြောင်းကို စစ်ထွက်ကာနီး သူရဲကောင်းတစ်ယောက်လို မှာရှာသည်ကို ညို မမေ့ပေ။
ဒီလိုနဲ့  ညို မမှတ်တော့သော ရန်ကုန်ကို ရောက်ခဲ့သည်။ ထင်မှတ်ထားသည်ထက် ပိုလွန်စွာ ရန်ကုန်သည် ညို့ ကို စိန်ခေါ်ခဲ့သည်။ ရိုးရိုးတန်းတန်း အရောင်းစာရေး အလုပ်ကလေး ရဘို့ ပင် လပေါင်းများစွာကြာအောင် ရှာရသည်။ ထမင်းနပ်မမှန်တာ ။ ကားခ မရှိတော့လို့  လမ်းလျှောက်ရတာ။ နေမကောင်းလို့  ဘာဆေးမှ သောက်ဘို့  ပိုက်ဆံမရှိ ။အားရှိအောင် စားစရာမရှိ၍ စောင်ခြုံအိပ်နေရတာ ... ညို ကြံ့ကြံ့ခံခဲ့သည်။ ညို့ ဘဝ ယိမ်းယိုင်နေတောင် လဲကျ မသွားအောင် မိဝေး ဖဝေးမှာ စာရိတ္တရိပ်တခုတည်းနဲ့ သာ လုံခြုံအောင် ညို အပြင်းအထန် ကာကွယ်ခဲ့သည်။
သင့်တော် လျှောက်ပါတ်ရာ အလုပ်ကလေးတခု နှစ်ပေါက်အောင်ရှာပြီးမှ တွေ့ ရှိသွားသောအခါ ညို သည် သွင်ပြင်အားဖြင့် ဆယ်ကျော်သက်သာ ဖြစ်သော်လည်း အသက်နှစ်ဆ မက တွေးတတ်အောင် ရင့်ကျက်တန်သလောက် ရင့်ကျက်ခဲ့ပြီ ဖြစ်သည်။
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
ဆရာနှင့်စကားပြောရင်း ကျောင်းပြူ တင်းပေါက်မှ အပြင်ကို မကြာမကြာ လှမ်းမျှော်ကြည့်မိသည်။ ညို ငယ်ငယ်က တက်ခဲ့သော မူလတန်း ကျောင်းသည် ဘာမှ မပြောင်းလဲ။ ဆရာက နှစ်ပေါင်းများစွာ ဝေးကွာသွားသော တပည့်နှင့် စကားလက်ဆုံ ကျ ချင်သည်။ ညို အလုပ်တဘက်နှင့် ကွန်ပြူ တာ တက်တာ အင်္ဂလိပ်စာ လေ့ကျင့်တာ သူက ညို့အဖေ ဆီက ကြားသတဲ့။ အဖေ နှင့် ညို မျက်နှာချင်းမဆိုင်တာ ခုနှစ် နှစ် နီးပါးတော့ ရှိခဲ့မည်။ ဒါပေမဲ့ ညိုကောင်းနိုးရာရာလေးတွေ လုပ်သမျှ သူက ဒီဘက်က ကြွားစရာလူရှိတိုင်း အကြောင်းသင့်တိုင်း ကြွားခဲ့သည်။
တိုက်ဆိုင်လာသော အခွင့်အရေး တခုနှင့် ညို့ ကြိုးစားမှု ပေါင်းကာ ဘန်ကောက်မှာ စကောလားရှစ်တခု တက်ခဲ့သည်။ oversea အတွေ့ အကြုံလေးရှိလာတော့ စင်ကာပူမှာ အလုပ်ရှာဘို့  ဆိုတာ ညို့အတွက် အလွန်ကြီးမားသော အတားအဆီးတော့ မဟုတ်တော့ချေ။ ညို မျှော်လင့်သလောက် မဟုတ်တောင် ဘာဖြစ်ဖြစ် ညိုဖြစ်ချင်သည်ကတော့ နီးနီးစပ်စပ်ဖြစ်ခဲ့သည်။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ်ရှာတဲ့ ပိုက်ဆံ ကိုယ်သုံးကာ လိုအပ်ရာကို ကြည်ကြည်ဖြူဖြူ ပေးနိုင် စိတ်တိုင်းကျ ဆုံးဖြတ်ခွင့်ရှိသော ဘဝသည် ညို အမျှော်လင့်ခဲ့ဆုံး ပျော်ရွှင်မှု ဖြစ်သည်။
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
ညနေစောင်းအမှောင်က အနက်ရောင်ခပ်ကဲကဲ ပန်းချီလက်ရာ တခုလို။ အဝါရောင် စပါးခင်းတွေက အညိုရောင် လှိုင်းတခုလို အနက်ရောင် ရင့်ရင့် တောတန်းလေးများ အနားသတ်လို့  ရှိနေသည်။ လေထဲက ယုဇန ပန်းနံ့ သည် စက္ကူဖြူ တရွက်လို ဘာအရောင်အသွေးမှ မစွန်းထင်းခဲ့သော ငယ်ဘဝ၏ အမှတ်တရ တခုဖြစ်သည်။ ညို့ အမှတ်တရများတွင် သူငယ်ချင်း လေးယောက် ။ ညို့မျက်နှာကို တမေ့တမော ကြည့်ရင်း ညို့ကို ချစ်တဲ့ ခွေးလေးတစ်ကောင်။ ပင်လုံးကျွတ် ပွင့်တတ်တဲ့ ယုဇနပင်နှင့် နှင်းငွေ့ ငွေ့  လှပတဲ့ ဆောင်းည မြင်ကွင်းများ။ ပြီးတော့ ညို့ ရင်ထဲ အမြဲရှိတဲ့ အမေ့ မျက်နှာ။
လက်နှိပ်ဓါတ်မီး အလင်းက ဝေ့ကာသီကာ ညို့ မျက်နှာပေါ် ရောက်လာသည်။ ညို အိမ်ပြန်တာ နောက်ကျနေ၍ အမေ လိုက်လာခြင်းဖြစ်သည်။ ညို တို့  မြို့ ငယ်လေးပေါ် အခြေချပြီးကတည်းက မရောက်တာကြာသော မွေးရပ်မြေကို အလည်လာကြခြင်းဖြစ်သည်။ ညိုတို့ ဖြတ်သန်းလာရာ တလျှောက် အသိမ်းခံထားရသော လယ်တွေ ကို ပိုင်ရှင်တွေ ဒီနှစ် ပြန်ရကြပြီလို့  အမေက ပြောတော့ ညို့ရင်ထဲ ဝမ်းသာမိသည်။ တာဝန်အရလို့  အဖေက ပြောပြီး လယ်သမားကြီးများကို လယ်သိမ်းရသည့် အကြောင်းသွားပြောသည့်အခါ လေးလေးတွဲ့ တွဲ့ နှင့် အေးပေါ့ မောင်ရာ ရန်သူမျိုး ငါးပါး ဆိုတာ ရှိတတ်တာကိုးလို့  ပြောသည့်အကြောင်း အဖေ ပြန်ပြောခဲ့တာ တခုကို ညို သတိရမိသည်။
ကလေးတစ်ယောက်လို တွေး လှုပ်လှုပ်ခတ်ခတ်ရီတတ်သော ညို့ သူငယ်ချင်း ဆရာမကို နေ့ လည်က ညို ငေးမောကြည့်နေသည်ကို အမေက ညို့ မျက်နှာကဲ အကြောင်း ပြန်ပြောပြကာ ရီရသေးသည်။ ၁၀နှစ်ကြာ ဖြတ်ကျော်ပြီးချိန်မှာ ဘဝက ပုံသွင်းလိုက်တဲ့ အတွေးအခေါ် အပြုအမူ
များမှာ များသောအားဖြင့် မတိုက်ဆိုင် မတူညီတော့။ တူညီတာ မပြောင်းလဲတာတခုက
ငယ်ဘဝတုန်းကလို သူငယ်ချင်းစိတ် တခုသာ ကံကောင်းထောက်မ စွာ ကျန်တော့သည်။
မိဘရှိသော အရပ်သည် ညို့အိမ်လို့ တွေးခဲ့ပေမဲ့ ဒီအရပ်ကို ညို မကြာ မကြာ အိပ်မက်မက်သည်။ ဘယ်နေရာရောက်ရောက် ညို ကြီးပျင်းခဲ့ရာ အရပ်သည်သာ ညို့အတွက် အလွန် ရင်းနှီးသော နေရြာ ဖြစ်သည်။
တည်းခိုရာ အသိအိမ်မှာ အပြင်ထွက်ရပ်နေသည့် အဖေက ညို့ပုခုံးကို ဖက်ကာ ကြိုသည်။ အဖေ့ လက်မှာ ညို့အပေါ် အားကိုးခြင်း ချစ်ခင်ခြင်း ဂုဏ်ယူခြင်းများ ရှိနေသည်။