ကျွန်မနှင့် တွေ့ ကြုံသိကျွမ်းခွင့်ရခဲ့သော ချစ်ခင် လေးစား ရသော သူငယ်ချင်း ရဲဘော်ရဲဘက်များသို့ 
Engineering လောကထဲက ယောက်ျားတွေက ဘာများထူးဆန်းနေလို့ လဲ။
ရှင်တို့ အမြင်မှာတော့ မပြောတတ်ဘူးရှင့်။ ကျွန်မကတော့ သူတို့ ကို အလွယ်ဆုံး ကောက်နှုတ်ချက်လေး တစ်ခုနဲ့  ရယ်ပွဲဖွဲ့ လေ့ရှိပါတယ်။ မိန်းကလေးတွေနဲ့ ပတ်သတ်ပြီးတော့ပါ။
သူတို့ နဲ့ ဝေးဝေးနေရင် ဝေဖန်ပြစ်တင် ရှုံ့ ချခံရမယ်။ မနီးမဝေးရောက်လာရင် သူတို့ အန္တရာယ်က လွတ်အောင် မြန်မြန်ရှောင်ပြေးတော့။ (ပြေးချင်ရင်ပေါ့) ။ သူတို့ နဲ့ အနီးဆုံးကိုရောက်ခဲ့ရင်တော့ သူတို့ ရဲ့ ဘက်တော်သား ရဲဘော်ရဲဘက် အဖြစ် စိတ်ဒုံးဒုံးချ သတ်မှတ်လိုက်တတ်ကြတတ်ပုံများပါ။
၂၀၀၂ အလုပ်စဝင်တော့ Maintenance Dept ကို ရောက်ခဲ့ပါတယ်။ အနေအထိုင်ကလဲ ကြမ်း လူပုံကလဲမိုက်ကမ်းကမ်း ကျွန်မ အလုပ်ခွင် သူငယ်ချင်းများကို မကြောက်ချင်ယောင် ဆောင်ပြီး အလုပ်စဝင်ခဲ့ပါတယ်။ ပေါင်းသင်းပြောဆိုရလဲခက် ဘုကလန့် တိုက်ပြီး ကျွန်မကို တမင်သက်သက်ရှောင်နေတဲ့ သူတို့ ဆီက လုပ်ငန်းနဲ့ ပတ်သတ်တာတွေ ကျွန်မဘယ်လို မေးရပါ့မလဲ။ အလုပ်ထဲကို မနက်ဝင်လာရင် ညဆိုင်းဆင်းထားတဲ့ သူတို့ တွေ Maintenance section ထဲက ဘေစင်မှာ မျက်နှာသစ် အလုပ်ရှုပ်ကြတုန်း။ အဝတ်အစားလဲကြတုန်း။ ကျွန်မက ကိုယ်နေရမဲ့စားပွဲကို အရောက်မသွားနိုင်သေးပဲ သူတို့ ကိစ္စအပြီးအထိ ရပ်စောင့်ပေးရတတ်ပါတယ်။ နောက်တမျိုး ကျွန်မ ရင်ဆိုင်ရတဲ့ ပြဿနာ တစ်ခုက အဝတ်တွေကို ပုံးတစ်ခုထဲမှာ မေ့မေ့လျော့လျော့စိမ်ထားပြီး သုံး လေးရက် ကြာနေတတ်တာမျိုးပါ။ စားပြီးသား ပန်းကန်တွေကို ဘေစင်မှာ ပုံထားတတ်တားပါသေးတယ်။ အလုပ်များတဲ့ရက်တွေမှာ ပေပေတူးတူး ပင်ပင်ပန်းပန်းလုပ် ပြီးရင် ကတ်ထူစက္ကူလေးတွေနဲ့  တစ်နာရီလောက် ချောင်တစ်ချောင်မှာ ကွေးအိပ်တတ်ကြတဲ့ သူတို့ ။ ကျောင်းတုန်းက ကျော့လျော့ လှပ ရှိုးပြခဲ့ကြတဲ့ အမှတ်တရ album တွေ ပြန်ကြည့်တဲ့ အခါ သူတို့ မှ ဟုတ်ပါလေရဲ့လား။
နောက်တော့ ကျွန်မ manager က ကျွန်မကို maintenance အတွက် လိုအပ်တာ သုံးဘို့  fund လေးတစ်ခု မ,တည်ပေးလာပါတယ်။ အဲဒီ ပိုက်ဆံနဲ့  အဲဒီလမှာ ကျရောက်တဲ့ အဖွဲ့ ဝင်တစ်ယောက်ရဲ့ မွေးနေ့ ကို လက်ဆောင်ပေးဖြစ်ခဲ့ပါတယ်။ လက်တွေပေရေနေလို့  မုန့် စားတုန်းက tissue နဲ့ ကိုင်ပြီး စားကြတဲ့ သူတို့ ကို သတိရမိပါတယ်။ သူတို့ ရဲ့ အဝတ်တွေ မလျှော်ပဲ နေ့ တစ်ဝက်ထက်ကျော်လာတဲ့အခါ ကျွန်မက အော်ဟစ် သတိပေးရတဲ့သူ ၊ စားပြီးသား ပန်းကန်တွေ မဆေးရင် ပြတ်ပြတ်သားသား အမှိုက်ပုံးထဲ ပစ်တဲ့သူ၊ ထမင်းစားနားချိန် တစ်နာရီပြည့်တဲ့ အခါ အိပ်ပျော်နေတဲ့ သူတို့ ကို တံခါးခေါက် နှိုးရတဲ့သူ၊ လစာ ထွက်လာရင် လစာရဲ့ ၃% မှ ၅% အတွင်း ဖြတ်တောက်ပြီး maintenance fund ထဲ ထည့်တတ်သူ ဖြစ်လာပါတယ်။
သူတို့ တွေဟာ စိတ်သဘောထား ဖြောင့်စင်း လုပ်ငန်းခွင်မှာ တော်ကြ ထက်မြက်ကြပါသော်လည်း တခါတရံ အူတတ်ထူတတ်လွန်းလို့  ဘေးနားက လူတွေ အသဲအူယားကြရတာလဲ မပြောပါနဲ့ ။ အတည့်အတိုင်း စဉ်းစားနေသော်လည်း နှုတ်ထွက်က တခြားသူ ရိုက်ချင်စရာကောင်းအောင် ကပေါက်တိ ကပေါက်ချာ လဲဖြစ်တတ်ကြပါသေးတယ်။ အလုပ်ထဲမှာ စိတ်ဝင်တစား နစ်မြုပ်နေတဲ့ သူတို့ မျက်နှာတွေမှာ တည်ငြိမ်ခြင်း နဲ့  ရဲရင့်ခြင်းပေါင်းလို့  အလွန်မှ နှစ်လိုဖွယ်ရှိသော်လည်း ထူးခြားသော ဆိုးဆိုးဝါးဝါး ကိုယ်ရည်ကိုယ်သွေး တချို့ ကိုလဲ အံသြစရာကောင်းအောင် တကူးတက ထိန်းသိမ်းထားတတ်ပါသေးတယ်။
ဥပမာဆိုရသော် လပေါင်းများစွာ မဖွတ်မလျှော်ပဲ အပူပိုင်းဒေသတွင် အမြဲလိုလို စီးသော အဝတ်ဖိနပ်ကို အိတ်အထပ်ထပ်နှင့် သိမ်းဆည်းကာ မှတ်မှတ်ရရ သိမ်းထားခြင်း။
စဉ်းစားကြည့်ပါဦး။ သူ ခွင့်ရှည်ပြန်သွားတဲ့ တစ်ခါက ကျွန်မတို့  electronic component တစ်ခုရှာရင်း အဲဒီအိတ်ကို မှားဖွင့်လိုက်မိတာ အဲဒီနေ့ တစ်ရက်စာ တော်တော်ဖူလုံသွားသည်။ နောက်တော့ ကျွန်မက သူ့ ကိုတွေ့ ဖို့ ဆိုရင် ကိုယ့်အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့  အသက်ကိုအရင်တဝ ရှူ ၊ ပြီးရင် အသက်အောင့် မျှဉ်းထားတတ်ပြီး သတိအနေအထားနဲ့  အနားကို ကပ်တတ်ပါတယ်။ စိတ်ချရတဲ့အခြေအနေလို့  လက်ခံလို့ ရမှ သူ့ ကိုစိတ်ပါလက်ပါပြုံးပြနိုင်ပြီး ကိုယ်လိုချင်တာ အပူကပ်ပါတယ်။ သူသာမသိပေမဲ့ ကျွန်မ အထိနာထားတာသိတဲ့ သူငယ်ချင်းတွေက ရယ်ချင်တဲ့ နှုတ်ခမ်းတွေ ထိန်းချုပ်ပြီး တစေ့တစောင်း ကြည့်နေတတ်ကြပါတယ်။
ကျွန်မတို့  Department မှာ တစ်လတစ်ခါ ဆိုသလို Entertainment အဖြစ် Dinner တို့ ဘာတို့ လုပ်တဲ့အခါ စားသောက်ဆိုင်မှာ စ ထိုင်တဲ့ ရှေ့ တစ်နာရီစာ က ကျွန်မကို ငဲ့ညှာသော အားဖြင့် အရက် ဘီယာ မသောက်စားဘဲ စောင့်ဆိုင်းပေးတတ်ပါတယ်။ စားပြီး သောက်ပြီး စကားစမြည် အနည်းငယ် ပြောပြီးရင်တော့ ကျွန်မအိမ်ပြန်ဘို့  ကားဂိတ်ကို တစ်ယောက်ယောက်က လိုက်ပို့ ပေးတတ်ပါတယ်။ နောက်မှ သူတို့ အလှည့် သောက်ကြ စားကြ ပျော်ကြတာပေါ့လေ။
အချိန်လေး နဲနဲကြာတဲ့အခါ ဘယ်တုန်းက ဘယ်သူ ဘယ်လိုမူးပြီး ဘယ်လို ရစ်တယ်ဆိုတာ စစ်မမေး ရိုက်မမေးရဘဲနဲ့  အချင်းချင်း အတင်းတုတ်တတ်ကြပါတယ်။ ကျွန်မက သူတို့ ပြောသမျှ ဒိုင်ခံနားထောင် ပြီး ရယ်ပေါ့။
"သူ့ ကိုငါက ဆေးလိပ်မီးနဲ့ ထိုးမိမှာစိုးလို့  သတိပေးတာကို နားကြားလွဲပြီး ဆေးလိပ်မီးနဲ့  ထိုးတယ် တော်တော်ရက်စက်တဲ့ကောင်ကွာ ဆိုပြီး တညလုံး ရစ်တာတို့ ။ ဆက်ပြီး လမ်းမလျှောက်နိုင်တော့ဘူး ဒီမြောင်းလေးဘေးမှာပဲ အိပ်တော့မယ်။ အကြီးဆုံး အကိုက ခေါင်းရင်းမှာအိပ် ညီက ခြေရင်းမှာ အိပ်မယ်ဆို ပြီး နေရာချထား ခဏနားတတ်တာမျိုးတို့ " သူတို့ နဲ့ မှ ကြားဖူးပါတယ်။
Company နှစ်ပတ်လည်လိုမျိုးကျရင် stage show တို့ ဘာတို့ ကလဲပါတတ်တော့ ကျွန်မတို့ အဖွဲ့ က တက်ညီ လက်ညီ ပါဝင်တတ်ကြပါတယ်။ အဲဒီလို ညမျိုးဆိုရင် ကျွန်မက ကိုယ့်အဖွဲ့ ကိုယ် ခပ်လှမ်းလှမ်းက စောင့်ကြည့်ရင်း ပါးစပ်မစေ့နိုင်အောင်ကို ရယ်နေရပါတယ်။
ဘောလုံးပွဲ ရှုံးလာလို့  နောက်နှစ်အတွက် စိန်ခေါ်တဲ့သူနဲ့ ။ လက်တစ်ဘက်ကို ရင်ဘတ်နားကပ် လက်တစ်ဘက်ကို ပန်ကာလို မွှေ့ ယမ်းရင်း cowboy dance လို့ သူဘာသူ အမည်ပေးထားတဲ့ ဘယ်သူမှ မြင်ဘူးမှ မဟုတ်တဲ့ အကနဲ့  စက်ရုံဝင်း ဟိုဘက်ဒီဘက်ပြေးရင်း စိတ်ပါလက်ပါ က နေသောသူနဲ့ ။ နောက်နှစ်ယောက်က ဆူပုတ်နေလို့  ဘာဖြစ်လို့ လဲလို့  စပ်စုလိုက်တော့ ငါက ဒီကောင်နဲ့ တွဲက ချင်တာကို ဒီကောင်က မကနိုင်သေးဘူး ရှက်တယ်တဲ့လေ။ ဟိုတစ်ယောက်က ဘာလို့ တွဲမက ချင်ရတာလဲဆိုတော့ ငါ့ဘာသာ က နေတာ အရှိန်ပျက်တယ်။ ဒီကောင်လာနှောင့်ယှက်တာတဲ့။
အင်း မောတယ်။ ရယ်ရလို့ ။
နောက်တစ်ယောက်က ဘာဖြစ်ရပြန်ပြီလဲ stage ပေါ်မှာ သီချင်း notes တက်ဖြုတ်နေပါလား။
ဖြုတ်မှာပေါ့။နင်စဉ်းစားကြည့် ငါတို့ အဖွဲ့ ထဲက သီချင်းဆိုမဲ့ အလှည့်ကို ကျော်ပစ်တယ်လေ။ ဟေ့ကောင် မင်းဆိုမနေနဲ့ တဲ့လေ။
အလှည့်ကျော်ခံရတဲ့တစ်ယောက်ကလဲ မဆိုပဲ နေမယ်ထင်လား။ စာရွက်တက်ဖြုတ်တဲ့ တစ်ယောက် တခွက်သွားမော့နေတုန်းအလစ်မှာ သူက စင်ပေါ်ရောက်နေပြီ။ ပြီးရင် သူက maintenance တဖွဲ့ လုံး စင်ပေါ်ခေါ်တင်ပြီး ပျော်ပျော်ပါးပါး ဆိုကြ ကကြနဲ့ ။
အားလပ်ရက်တွေမှာ အပြင်ထွက်ဖြစ်တဲ့အခါ သူတို့ က ကျွန်မကိုပါ သတိတရ ခေါ်တတ်လေ့ရှိပါတယ်။
လည်တာ ပတ်တာ စားသောက်တာ ပြဿနာမရှိပေမဲ့ ရုပ်ရှင်ကြည့်ကြမယ်ဟေ့ဆိုရင်တော့ သူတို့ စိတ်ညစ်တတ်ကြပါတယ်။ကျွန်မက ရုပ်ရှင်ကြည့်ရင် ငိုတတ်သူဆိုတော့ ကျွန်မငိုတာကို လူတွေကြည့်ရင် သူတို့ က ရှက်တယ်တဲ့။ ကျွန်မကတော့ သူတို့ အဖွဲ့ နဲ့  ရုပ်ရှင်အမြဲ လိုက်ကြည့်တတ်ပြီး အမြဲလဲငိုပါတယ်။ ကဲ ဘာတတ်နိုင်သေးလဲ။
တခါတလေနေ့ လည်အားလပ်ချိန်များမှာ ကျွန်မတို့  အကြောင်းအရာ တခုခုကို Topic တစ်ခုသတ်မှတ်ပြီး ဆွေးနွေးလေ့ရှိပါတယ်။ နိုင်ငံရေး လဲဖြစ်မယ်။ စီးပွါးရေး ၊ ကုန်ဈေးနှုံး ၊ နိုင်ငံခြားသွားပြီး အလုပ်လုပ်ဘို့ ၊ အချစ်၊ မိန်းမ (ဒီ topic မှာတော့ သူတို့ က ကျွန်မကို နင်အခုချိန် ယောကျာ်းလေးလို့  ပြောဆိုသတ်မှတ်ပြီး သူတို့  အမျိုးသမီးတွေ ချစ်သူတွေကို မကျေနပ်သမျှ ကြည့်မရသမျှ အစာမကြေသမျှ အမျိုးသမီးထုကြီးနဲ့  ချီပြီး ထုတ်ဖော် ရှုံ့ ချပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မက ပြုံးပြုံးလေးနဲ့  တခါတလေလဲ အလုပ်များနေ သယောင်နဲ့  ငြင်းလဲမငြင်း ဝန်လဲ မဝန်ခံပဲ ကြားနေမူဝါဒ နဲ့ နေပေးရပါတယ်။) နဲ့  တခါတလေ English essay အချင်းချင်းရေးပြီး တတ်သလောက် မှတ်သလောက် ဝေဖန် လေကန်ကြပါတယ်။
Department ပိုင်စာကြည့်တိုက်လေး တစ်ခုလုပ်ထားပြီး တခါလေလဲ စာထဲပါတာကို ငြင်းကြ ခုံကြပေါ့လေ။
ကျွန်မအတွက် သူတို့ ဟာ အုပ်ထိန်းသူ ၊ သူနာပြု ၊ သူငယ်ချင်း ၊ တိုင်ပင်ဖော် တိုင်ပင်ဖက် ၊ အဝယ်တော် ခြေမြန်တော် ၊ Designer စသဖြင့် ၇ နှစ်ကြာ အနီးကပ်ရှိခဲ့သော အမြဲအမှတ်ရနေတဲ့ မိတ်ဆွေတွေပါ။
ကျွန်မကို အဲဒီအလုပ်က သူငယ်ချင်းတွေက maintenance ကွင်း လို့ ခေါ်ကြပါတယ်။ လှလို့ ပလို့ ခေါ်တယ် တော့မထင်ပါနဲ့ ။ ကျွန်မကို စိတ်ဝင်စားသော တချို့ သော အမျိုးသားတွေ အနားမကပ်နိုင်ပဲ ကွင်းရှောင်ရလို့ ပါ။ ကျွန်မ ရဲဘော်တွေနဲ့ ကျွန်မနဲ့ က ရုံးမှာတင် ခင်တာမင်တာ မဟုတ်ပဲ အားလပ်ရက် အပြင်ထွက်လည်လဲ သူတို့ တအုပ်တမ နဲ့ ဆိုတော့ အနားကပ်ဘို့ စဉ်းစားနေသူများ အသံလေးသာ ကြားလိုက်ရတယ်။ သတ္တိရှိရှိ ရှေ့ တက်မလာရဲပါဘူး။ ကျွန်မအဖွဲ့  ထုံးစံအတိုင်း မျက်နှာဆိုး မျက်နှာတည်နဲ့  တစ်ယောက် တစ်ချက် ဝင့်ကြည့်လိုက်တတ်တဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲကြလို့ ပါ။
ဒါပေမဲ့ အချစ်ဆိုတာ သိမ်းထားလို့ ရတဲ့ အရာမျိုးမှ မဟုတ်တာ။ကျွန်မက Engineering Field ကမဟုတ်တဲ့ ရှေ့ နေပေါက်စ တစ်ယောက်ကို သဘောကျခဲ့ပါတယ်။ ပုံမကျ ပန်းမကျ အလှတွေပြင်လာတာ၊ တခါတလေ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တိတ်နေတတ်တာ၊ တစ်ယောက်ထဲ ပြုံးနေတတ်တာ သူတို့ မေးလာတာများတော့ ကိုယ်လဲ ဝန်ခံရတာပေါ့။ သူတို့ က အဲဒီတစ်ယောက်ကို လိုက်ကြည့်မယ်တဲ့။ ဒါနဲ့ ကျွန်မက သူငယ်ချင်းတွေ အကူအညီနဲ့  ရှေ့ နေပေါက်စကို လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ချိန်းထားရပါတယ်။ ကျွန်မခြေတုန် လက်တုန် ရင်တုန်နဲ့ အိနြေ္ဒမရ ဖြစ်နေခဲ့တာ မှတ်မိပါတယ်။ သူတို့ ဘာမှတ်ချက်ပေးမှာလဲပေါ့။ နောက်တော့ ကျွန်မက ရှေ့ နေနဲ့  စကားဝိုင်းထဲ မြောပါသွားရင်း သူတို့ ကို မေ့သွားပါတယ်။ အဲဒီည အိမ်ပြန်ရောက်ရောက်မှ ရင်ခုန်တာတွေ ဘာတွေရပ်ပြီး ကျွန်မသူငယ်ချင်းတွေ ည ၉ နာရီ ၁၀ နာရီ မြို့ စွန် စက်မှုဇုံကို လိုင်းကားအမြန်ယာဉ်နဲ့ ပြန်ရမှာ စဉ်းစားမိရင်း စိတ်မကောင်း ဖြစ်ရပါသေးတယ်။ နောက်နေ့ မနက်မှာ ရှက်ရှက်နဲ့  အလုပ်ထဲကို ကမူးရှူးထိုးလာတဲ့ ကျွန်မကို ဝိုင်းသြဘာပေးရင်း တစ်ယောက်တစ်ပေါက် ဝေဖန်ကြပါတယ်။
သူတို့ ဝေဖန်မှုမှာ ကျွန်မအတွက် ရှေ့ ဆက်မတိုးဘို့ ပါ။ ကျွန်မလား။ ဟင့်အင်း တိုးခဲ့တာပေါ့။
နောင်တော့ ကျွန်မငိုတဲ့အခါ စိတ်မသက်မသာနဲ့  သက်ပြင်းချရင်း ကျွန်မကို မကြည့်ပဲ မျက်နှာတဘက်လွှဲ မျက်မှောင်ကြုံ့ ထားတဲ့သူတို့ ၊ ကျွန်မကို မချင့်မရဲ စိတ်ဆိုးကြတဲ့ သူတို့ ၊ ကျွန်မ ကို သူတို့ နဲ့  ရှိနေတဲ့ အလုပ်ချိန် ၈ နာရီ ၉ နာရီအတွင်း တစ်ယောက် တစ်ပေါက် မရိုးရအောင် နေ့ တိုင်း စ နောက်တဲ့တတ်သူတို့ ။
သူတို့ အတွက်လဲ ကျွန်မက ကျွန်မအစွမ်းရှိသမျှရပ်တည်ခဲ့ပါတယ်။
စက်ရုံဘောလုံးပွဲမှာ Department ပေါင်းစုံ အပြိုင်နွှဲကြတော့ ကျွန်မက သူတို့ ရဲ့ တစ်ဦးတည်းသော တစ်ကွင်းလုံးနဲ့  တစ်ယောက်ရန်ဖြစ်သော ပရိတ်သတ်၊ သူတို့ ရဲ့ တစ်ဦးတည်းသော Medical Cover ၊ သူတို့ ရဲ့ အမောပြေသောက်စရာ ဖျော်ရည်နဲ့  သံပုရာသီးချဉ် အထုပ်ဆွဲပြီး ကွင်းဟိုဘက် ဒီဘက် အစွမ်းရှိသလောက် ပြေးလွှား အားပေးတဲ့ သူပါ။ သူတို့ ရဲ့ မင်္ဂလာပွဲတွေ၊ သူတို့ ရဲ့ သားငယ် သမီးငယ် မွေးဖွားမှုတွေ၊ သူတို့ အလှူအတန်းတွေ ၊ သူတို့ မိန်းကလေးတွေရဲ့ ကိုယ်ရံတော်၊ သူတို့ အချစ်ခရီး အတွက် အကြံပေး အရာရှိ နောက်ဆုံး သူတို့ ဆွဲတဲ့ ကာတွန်းရုပ်လေးတွေအတွက်ပါ ကိုယ်ဟန်ပြပေးခဲ့ရပါတယ်။
သူတို့ ဂစ်တာတီးရင် ကျွန်မ သီချင်းဆိုမယ် ၊ ကျွန်မ သီချင်းဆိုချင်တဲ့အခါ သူတို့ ကို ဂစ်တာတီးဘို့  ပူဆာမယ်။
တိုးတက်နေတဲ့ technical ပိုင်းမှာ နောက်မကျန်စေဘို့ ကြိုးစားနေတဲ့ သူတို့ ၊ မိသားစုကို တွယ်တာ သံယောဇဉ်ကြီးတဲ့ သူတို့ ၊ သူငယ်ချင်းကောင်း ပီသတဲ့ သူတို့ ၊ ဘဝကို ဟန်ချက်ညီစေဘို့  ရှိသမျှအားနဲ့  ထမ်းပိုး ထိန်းညှိနေတဲ့သူတို့ ။ အလုပ်ထဲမှာ ပျော်ဝင်နစ်မြုပ်နေတဲ့အခါ ခန့် ညားချောမောကြတဲ့ သူတို့ ။
အသဲကွဲတဲ့အခါ လူနဲ့ မလိုက်အောင် ချည့်နှဲ့ ခံနိုင်ရည်မရှိတတ်ကြသောသူတို့ ။
အခုသူတို့ နဲ့  ဝေးနေခဲ့တာ ကြာပါပြီ။
No comments:
Post a Comment