Sunday, October 23, 2011

နှုတ်မဆက်ချင်ခဲ့သူ

Mr. Bean ရဲ့ Johnny English မှာ ဆေးရုံဘယ်နေရာမှာရှိမှန်းမသိတာနဲ့ ကားလမ်းအတိုင်း ရဟတ်ယာဉ် မောင်းလာရင်း ရှာရင်း ကားတွေ အဝိုင်းမှာ ကွေ့ ရင် သူပါ ရဟတ်ယာဉ်လိုက်ကွေ့ မောင်းတဲ့ Bean ကိုရယ်ခဲ့ရတယ်။ အသက် - နင်မှတ်မိဦးမလား။ အဲဒါမျိုး ငါတို့  ဖြစ်ခဲ့ကြတယ်လေ။ ကြာခဲ့ပြီ ၁၁နှစ်တောင်။ ဒုတိယနှစ် စာမေးပွဲ တွေပြီးလို့  အိမ်မပြန်ခင်တရက်။ ငါတို့  အဖွဲ့ ကို နင်ပဲ ဘာကျွေးမလေး ညာကျွေးမလေးနဲ့  စားသောက်ဆိုင် လိုက်ရှာခဲ့ကြတယ်။ ပြည်မြို့ ရဲ့ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းဆိုတာ ခပ်သေးသေးရယ်ပါ။ ဒါပေမဲ့ ရန်ကုန်သွားတဲ့ ရခိုင်ဘက်ဆင်းတဲ့ ရွှေတောင်လိုင်းကားတွေ ဖြတ်တဲ့ နေရာဆိုတော့ နည်းနည်းတော့ ရှုပ်တာပေါ့။ ဒါပေမဲ့ နင် အဲဒီအဝိုင်းကို တစ်ယောက်တည်း သုံးပါတ် ပါတ်ပြီး ကားရှောင်တာတော့ နည်းနည်းတော့ လွန်တာပေါ့။ ငါတို့ တောင် ရောယောင်ပြီး နင့်နောက်က နှစ်ပါတ်လောက် လိုက်ပြီး စက်ဘီးနင်းလိုက်ကြသေး။
Final ရောက်တော့ စာမေးပွဲ အပြီး နင်... ငါတို့ ကို လာနှုတ်ဆက်တယ်။ မျက်ရည်တွေတောင် ယောင်ယောင်ဝဲလို့ ။ ငါတို့ တဖွဲ့ လုံးကလဲ စာမေးပွဲအပြီးမှာ အိမ်ပြန်ဘို့  မစဉ်းစားအားသေးပဲ ပျော်စရာ အမှတ်တရ တခုခုလုပ်ဘို့ သာ စိတ်စောနေတာလေးတွေ ရပ်ပြီး နင့်ကို စိတ်ထဲလဲ မကောင်းစွာ တကယ်လဲ နင့်ခင်မင်မှုကို သတိရမိရင်း နှုတ်ဆက်ကြတယ်။ နာရီဝက်လောက် ငါတို့ အဆောင်ရှေ့ မှာ နင့်နဲ့  တို့ အဖွဲ့  အချိန်ဖြုန်းပြီး နင် စက်ဘီးလေး နင်းရင်းပြန်သွားတယ်။ ငါတို့ လဲ ရုတ်ရုတ်စုစု ကိုယ့်အစီအစဉ် ကိုယ်ပြန် စ ကြတာပေါ့။ ဟင်းတွေချက်ပြီး ထမင်းတူတူစားကြမယ်။ ရုပ်ရှင်ကြည့်ကြမယ်။ ဂစ်တာတီး သီချင်းဆိုကြမယ်။ ဒီတညလုံး မအိပ်ပဲ မှတ်မှတ်ရရ ရှိနေပေးကြမယ်ပေါ့။ သိပ်မကြာသေးဘူး။ တို့ အဆောင်ရှင် ဖွားဖွားက လာပြောပြန်တယ်။ EC ကသူငယ်ချင်းတွေ ခြံဝ မှာ နှုတ်ဆက်မဲ့သူ ရောက်နေတယ်တဲ့။ ဘယ်သူလဲ ။ နင်ပဲ ဖြစ်နေပြန်တယ်။ ငါတို့  နဲနဲလေးတော့ နင့်ကို ဒေါသထွက်ချင်နေပေမဲ့ နင့်ကို စိတ်ရှည်ရှည်ထားပြီး ထပ်နှုတ်ဆက်ကြပြန်တယ်။ နင်တကယ် ဝမ်းနည်းနေပုံ နဲ့  ဆိုတော့လဲ စိတ်မကောင်း ဖြစ်သွားပြန်ရင်းနဲ့ ။ ခန နေတော့ နင်ပြန်သွားတယ်။ ငါတို့  တစ်ယောက်ကို တစ်ယောက် ကြည့် မျက်မှောင်ကျုတ်ရင်း မျက်လုံးတွေ ပုတ်ခတ် ပုတ်ခတ်လုပ် စဉ်းစားရင်း။ ငါတို့ ရေချိုးကြ။ အလှပြင်ကြ။ တစ်ယောက်ကို တစ်ယောက် စ နောက်ရင်း အော်ဟစ်ကြ။ မနက်ဖြန်မှာ ငါတို့ မခွဲရသေးတဲ့အတိုင်း။ မြို့ သေးသေးလေးထဲ အနှံ့ သွားကြတယ်။ ညဈေးမှာ ဝယ်တာ မဝယ်တာ ထား။ လမ်းလျှောက်ကြတယ်။ မြစ်ရေနံ့  နဲနဲညှီတဲ့ ကမ်းနားလမ်းမှာ ပုခုံးချင်းထိတားရင်း ငေးမောကြ။ ရွှေဆံတော်ဘုရားရဲ့ ထောင့်တဘက် ဆယ်ထပ်ကြီးဘက်က ပိုက်ဆံလှူတဲ့ ဆုံလည်ဝိုင်းမှာ ကိုယ်ဆုတောင်းထားတဲ့ ဖလားထဲထိ ရောက်အောင် သံဆကာထဲ အတင်းလှမ်း ပိုက်ဆံထည့်ကြ။ ရိုးမဘက်မှာ နေဝင်သွားတဲ့အထိ ဘုရားရင်ပြင်ပေါ်က စောင့်ကြည့်ကြနဲ့  ငါတို့ ပြန်လာတော့ လမ်းမီးတွေတောင် လင်းနေပြီ။အဆောင်ပြန်ရောက်တော့ နှုတ်ဆက်ပွဲအတွက် စားဘို့ သောက်ဘို့ ပြင်ဆင်ရင်း EC အဖွဲ့  ဧည့်သည်တဲ့။ နင်ပဲလေ။ ဒီတခါ ငါတို့ အားလုံး နင့်ကို မနှုတ်ဆက်ချင်တော့ဘူး။ အားလုံး တစ်ယောက်ကို တစ်ယောက် လွှဲချ ရှောင်ဖယ်ရင်း နောက်ဆုံးတော့ လာလာကြီး ကပဲ ခေါင်းငိုက်စိုက် နဲ့ ထွက်သွားပေးရှာတယ်။ ငါပဲ အနစ်နာ ခံလိုက်ပါတော့မယ်တဲ့။
မှောင်လာတာနဲ့ ခြင်ကိုက်တတ်တာ ပြည်က ထုံးစံပဲလေ။ နင့်အတွက်နဲ့  လာလာကြီး ဘယ်လိုတွေ ပေးဆပ်ခဲ့ရလဲ နင်မှတ်မိလား။ သူ့ ခမျာ ခြေထောက်ကို တစ်ဘက်ပြီး တစ်ဘက် မနားတမ်း မြှောက်ရင်း လွှဲရင်း ခုန်ရင်း နင့်နှုတ်ဆက်စကားကို ငါတို့ ကိုယ်စား နားထောင်ပေးခဲ့ရတယ်။ ငါတို့ တွေကလဲ ထမင်းစားမစောင့်နိုင်တော့ အရင်စားနှင့်ကြ ပေါ့လေ။ အခုတော့လဲ တွေးမိတော့ ပြုံးရတယ်။ ဒီနှုတ်ဆက်ပွဲကို ငါ ခပ်ရေးရေးသာဖြစ်နေတာ ကြာပြီ။
အစ ဖော်ပေးတဲ့ စု ။ အားလုံးကိုယ်စား ရှေ့ တန်းက ပါဝင်ပေးခဲ့တဲ့ လာလာ။ ငါတို့ အဖွဲ့ နဲ့  အခုထိ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နင် " သက်ထွန်းအောင်"။ ငါတို့  ဆုံဆည်းမှု အမှတ်တရ။

Saturday, October 22, 2011

စောင့်နေခဲ့တယ်
မနေ့ စီက လာခဲ့ရာလမ်းအတိုင်း
တညနေတောင် စောင်းပြန်ပေါ့
မျက်ရည်တစ မျက်လွှာချလို့ 
တနေ့  အိမ်ပြန်နောက်ကျခဲ့ပြန်သည်။
အလွတ်ရနေတဲ့
နင့် တယ်လီဖုန်း နံပါတ်ကို ငါမခေါ်တော့
ချစ်တယ်ဆိုတဲ့ စာတိုလေးတွေ ငါမပို့ တော့
နင့်ကိုသတိတရ စာရှည်တွေ ....
နင့်အမည်လိပ်စာကို ငါ့အမြင်အာရုံနဲ့ ရှိုက်နမ်းရင်း
သက်ပြင်းတဝက်နဲ့  draft တတ်ပြီ
နင့်ခြေလှမ်းတွေ ထွေပြားမှာ စိုးရိမ်မိသည်........။
အဝေးက နင့်အနမ်း အသံ ဟန်ပန်
အလွမ်းတွေနဲ့ စနစ်တကျ ထုတ်ပိုးလို့ 
အသေအချာသိမ်းထားခဲ့ပြီ။
အထီးတကျန်လက်စ
ငါသာရှိပါစေတော့....။