Tuesday, November 13, 2012
မိတ်ဆွေများနှင့် နေ့ လည်စာ
ဆယ်စုနှစ်တခု ကျော်ခဲ့ပြီ။ ကျွန်မ မိတ်ဆွေများနှင့်အတူ နေ့ လည်စာ ပုံမှန် စားခဲ့သည်။ အနည်းဆုံး တပါတ် ငါးရက်။ နေရာ နှင့် လူ အမည်နာမ များသာ ကွဲလွဲသွားခဲ့သည်။ ချစ်စရာ နှစ်သက်စရာ နေ့ လည်စာစားချိန်များက ကျွန်မနှင့်အတူ ရှိခဲ့သည်။
အစားအသောက် သိပ်မရွေးချယ်တတ်သည်က ညက်ညက်ဝါးပြီး မျိုချလိုက်ရုံရှိသော အစာကို မမက်စက်။ နေ့ လည်စာစားချိန် ကျွန်မတို့  ဆွေးနွေးကြ ငြင်းခုန်ကြ သော အကြောင်းအရာ ပေါ်မှာသာ ပိုတပ်မက်ခဲ့သည်။
လွန်ခဲ့သော ငါးနှစ်ခန့် ကတောင် နေ့ လည်စာ ချိန်သည် ကျွန်မအတွက် သိပ်မသက်ဝင်လှသေး။ Maintenance က အဖွဲ့ တွေ တယောက်ကို တယောက်စောင့်ရင်း စက်ရုံကကျွေးတဲ့ ထမင်းကို gen set ဆူဆူညံညံကြား အာရုံစိုက် စားရသည်။ generator သံ ကိုကျော်ပြီး တခြားတယောက် ကြားအောင် အော်ပြောဘို့ ဆိုတာ ထမင်းစားရင်း အေးအေးလူလူ မပြောနိုင်။ ဒါတောင် ကျွန်မတို့  တစ်ယောက်ကို တစ်ယောက် ကရုတစိုက် ရှိခဲ့ကြသည်။ အဲဒီလို ဆူညံပွက်လောရိုက်သော ထမင်းပွဲများကို တခါတရံတော့လဲ လွမ်းမိသည်။ လက်အမူအရာ မျက်နှာပေးတို့ နှင့် ရံခါ သုံးပြီး (၇) နှစ်မျှကြာအောင် သူတို့ နှင့် အတူရှိခဲ့သည်။ လူတစ်ယောက်၏ မျက်လုံးအရွေ့ မျက်လုံးနှင့် ခန္တာကိုယ် အမူအရာ ကပြောသော စကားသံတို့ ကို နေ့ လည်စာ စားရင်း  ဆူညံသော ပါတ်ဝန်းကျင် အကြား တတ်သိလာခဲ့သည်။ မတတ်ပဲ နေပါမည်လား။ ကျွန်မတို့  maintenance ဌာန မှ သူငယ်ချင်းများက ကျွန်မကလွဲလျှင် ကျန်သောသူအားလုံး ယောက်ျားလေးများ ဖြစ်ပြီး ထမင်းစားချိန်မှာ စက်ရုံ နှင့် ရုံးပိုင်းမှ မိန်းကလေးများကို တရားဝင် ကြည့်ခွင့်ရသော အချိန် ၊ အချင်းချင်း အသိပေးကြခြင်းပါပေ။ အလွန် ရိုးစင်းပေမဲ့ မမေ့နိုင်သော နေ့ လည်စာ ချိန်များပင်။
ဒီလိုနှင့် ဒီဘက် နှစ်တွေ မှာ နေ့ လည်စာ စားဘက် မိတ်ဆွေ တို့  ပြောင်းလဲခဲ့သည်။
အရင်လို  gen set သံ မရှိတော့။ စိတ်ကူးက ရည်မှန်းချက် တခု ပစ်မှတ်တခုစီသို့  ပြောင်းလဲလာခဲ့သော အခါ နေ့ လည်စာ စားချိန်တွင် အိပ်မက်ကို ဆာလောင်သံသော အသံ သာ ကြီးစိုးခဲ့သည်။ နည်းပညာ အကြောင်းသည် ကျွန်မတို့ ၏ နေ့ လည်စာ ထဲမှ အဓိက ဟင်းတခွက်။ အမိမြေ နှင့် အိမ်ကို လွမ်းဆွတ်မှုသည်လဲ အရသာ ပြင်းသော ဟင်းတခွက်။ မျှော်လင့်ထားသလောက် မမျှော်လင့်စရာ ကောင်းလောက်အောင် ဆိုးသော attitude shock သည်လည်း မကြာခန ပါတတ်သော ဟင်းတခွက်။ တယောက် ကို တယောက် ယိုင်းပင်း ဖေးမ ရင်း ဝေမျှမှု သည်လည်း စားမြိန်ဖွယ် ဟင်းတခွက်။ စ စရာ နောက်စရာ ပေါက်ကရ အကြံဥာဏ် အမြူးဆုံး အချိန်။ ငြင်းရင်း ခုံရင်း ကိုယ်ရပ်တည်ချင်ရာ ကိုယ်ရပ်ကြ။ နိုင်ငံရေး လူမှုရေး ပညာရေး စီးပွါးရေး အချစ်ရေး မိသားစုအရေး.... ကျွန်မတို့  စကားတွေ အများကြီး ပြောခဲ့ကြသည်။ ကျွန်မတို့ ကိုယ်ပိုင် ရပ်တည်မှု အချင်းချင်း ခိုင်မာစေခဲ့သည်။ ခေါင်းမာချင်ရင် ခေါင်းမာနိုင်သည်။ ဝေဖန်ချင်ရင် ဝေဖန်နိုင်သည်။ ကိုယ်မကြိုက်တဲ့ အတွေးအခေါ် အပြုအမူ ဘယ်တစုံတရာ ကိုဖြစ်စေ လွတ်လပ်စွာ ဝေဖန် ပိုင်းခြား ကာကွယ်နိုင်သည်။
ကျွန်မတို့  နိုင်ငံတော်သစ်အကြောင်း ခနခန ပြောကြသည်။ ဘယ်သူမှ စကားကြီး စကားကျယ် ပြောသည်ဟု မထင်။ ကျွန်မတို့  ကိုယ်တိုင်မှာ တာဝန်ရှိနေကြောင်း သိကြသည်။ ကျွန်မတို့  အားလုံး စာဖတ်ကြသည်။ ပြီးတော့ မှီသလောက် ဝေဖန် ပိုင်းခြားကြသည်။ ငြင်းခုံကြပြန်သည်။
တခါတရံ ပုံပြင် တခုလုပ်ပြီး တယောက်တပေါက် ဝင်ပြီး ခွန်းထောက်ကြသည်။
ပညာရေးနဲ့  ပါတ်သတ်ပြီး ရုပ်သံက ကိုရီးယားကားတွေ များနေတဲ့ နေရာမှာ ကျွန်မတို့  စိတ်ကူး နဲ့  အစားထိုးချင်တာက အကျိုးပြု စိတ်ကူးကောင်း လက်တွေ့ ကျတဲ့ အစီအစဉ်လေးတွေ ထည့်စေချင်တာ။ ဆယ်တန်းအောင်ရင် ဘာလုပ်ရမှာလဲ ဆိုတဲ့ ကလေးတွေ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ လမ်းညွှန် အပြော အဟော တခုခုနဲ့  လမ်းပြစေချင်တာ။ မီဒီယာ ဟာ သိပ်အရေးပါတယ် မဟုတ်လား။ ကျူရှင် မတက်နိုင်တဲ့ ကလေးတွေ အတွက် စာအသင်အပြကောင်းတဲ့ ( စာအုပ်ကြည့်ရွတ်မနေတဲ့) အာဝဇွန်းကောင်း အရည်အချင်းပြည့် ဆရာတစ်ယောက် ဒါမှ မဟုတ် နာမည်ကြီး ကျူရှင် ဆရာ တစ်ယောက်နဲ့  အချိန်လေး တခုလုပ် အစီအစဉ်လေး လွှင့်စေချင်တာ။ လူငယ်ဘဝဆိုတာ ဆေးချ အရက်သောက်နဲ့  မှောင်မိုက်ရှုပ်ထွေးနေတဲ့ သားရဲ တောအုပ်လို့  ထင်နေသူတွေအတွက် လွင်ပြင်ကျယ်မှာ နေရောင်ခြည်လေး လှုံရင်း လေကောင်းလေသန့်  ရှုကြည့်စေချင်မိတာ။ ပြီးတော့ ရောက်တာ မရောက်တာ နောက်ထား..။ အဝေးမှာ ကိုယ်သွားရမဲ့ ရွှေမြို့ တော် ကို လှမ်းမျှော်ကြည့်  စိတ်ကူးကြည့်စေချင်မိတာ။
ဒီ့ထက် အစီအစဉ်ကျနတဲ့ plan တွေ နေ့ လည်ထမင်းစားဝိုင်းမှာ ဆွေးနွေးခဲ့ကြ။
ဒီလိုနဲ့  ကျွန်မ ... ကျွန်မ ရဲ့ မိတ်ဆွေ များနဲ့  စကားစမြီ ပြောခွင့်ရ စိတ်ကူးဥာဏ် အသစ်တွေ ပိုတောက်ပြောင်ခွင့်ရတဲ့ နေ့ လည်စာ အချိန်ကို ပိုပိုပြီး ချစ်ခင် စွဲလမ်းလာပါတယ်။ မိတ်ကောင်းဆွေကောင်းများနဲ့ အတူစကားလက်ဆုံကျခဲ့တဲ့ နေ့ လည်စာချိန် နာရီ တွေဟာ တဖြည်းဖြည်း.. ခရီးရှည် တခုလိုတောင် လမ်းပေါက်ခဲ့ပေါ့။ ကျွန်မတို့  အခွင့်အရေး ရှိနေသေးသ၍ ဆက်လျှောက်ဦးမဲ့ လမ်း..။ နောက်အချိန်တော်တော်ကြာအထိ အတူရှိနေကြဦးမဲ့ နေ့ လည်စာ စားချိန်တွေပေါ့။
Wednesday, October 24, 2012
ငြီးငြီးငွေ့ ငွေ့ နေ့ စွဲတွေ
မှုန်မှိုင်း အုံ့ ပျ
လေထုထဲမှာကို ဒီပါတ်ဝန်းကျင်က
စိမ်း ရှ လွန်းလှချည့်..။
Wednesday, September 19, 2012
အထက်တန်းကျတဲ့ အပြုအမူ
စာဖတ်သူတို့  အလုပ်ခွင်မှာ ကျောင်းမှာ လုပ်ဖော်ကိုင်ဘက်ကြောင့် ဖြစ်ဖြစ် အတန်းသားကြောင့်ပဲ ဖြစ်ဖြစ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကသိကအောက် ဖြစ်စရာလေးတွေ ကြုံဘူးကျမယ်ထင်ပါတယ်..။ ကိုယ့်ကြောင့် တခြားသူ စိတ်အနှောင့်အယှက် မဖြစ်စေဘို့  ဘယ်လို အထက်တန်းမကျတဲ့ အရာလေးတွေ ရှောင်မလဲလို့  သိထားသမျှလေး ဝေမျှချင်လို့ ပါ..။ ဒီထဲက အချက်တော်တော်များကို ကျွန်မတို့ ရုံးရဲ့ HR handbook မှ ပြန်လည်ဝေမျှပြီး တချို့ ကိုတော့ internet နဲ့  ကိုယ်ပိုင်အတွ့ အကြုံ များမှ ဝေမျှခြင်းဖြစ်ပါတယ်။
ဘယ်အရာတွေ ဘယ်လိုအပြုအမူတွေ အထက်တန်းမကျဘူးလဲ။ Unprofessional Culture လို့ ဆိုမယ်ထင်ပါတယ်။
၁) မျက်ထောင့်နီနဲ့  - ဒေါသနဲ့ ကြည့်ခြင်း (Evil Eye)
အလုပ်ခွင်ထဲမှာ စိတ်တွေမဆိုး ဒေါသတွေ မထွက်တာအကောင်းဆုံးဆိုပေမဲ့ ကျွန်မတို့  လူဆိုတဲ့ သတ္တဝါက အတ္တလို့ တောင် နာမည်ပြောင်းခေါ်ရမဲ့ အမျိုးမဟုတ်လား။ ဘယ်နေလိမ့်မလဲ အဆိုးကြီး ဆိုးပစ် မီးပွင့်မတတ် ကြည့်ပစ်လိုက်မှာပေါ့..။ တကယ်တော့ မှားပါတယ်။ အလုပ်ခွင်ထဲမှာ emotion တွေ မထည့်တာ အကောင်းဆုံးပါ။ ကျွန်မတို့  HR ကတော့ တင်းတင်းကျပ်ကျပ်ကို တားမြစ်ထားပါတယ်။ Evil Eye နဲ့  မကြည့်ရတဲ့။
၂) ထိကပါး ရိကပါး သို့ မဟုတ် အနိုင်ကျင့်အနှောင့်အယှက်ပေးမှု (Harassment)...
Harassment မှာ Bullying ( အနိုင်ကျင့်တာ ဆူဆူညံညံ ရန်လိုတာ)   
Stalking ( အမှားရှာ အလစ်အငိုက် စောင့်ပြီး ပွဲဖြတ်လိုက်တာ )  
Sexual Harassment ( ပွတ်သပ် ထိကိုင်ပြီး အနှောင့်အယှက်ဖြစ်စေတာ၊ ပြောဆိုတာ အမူအယာပြတာ)
Racial Harassment ( အထူးသဖြင့် ကစားပွဲတွေမှာ တရားလွန် အောင်ပွဲခံနည်းမျိုး)   
Religious Harassment ( ဘာသာရေးနှင့် ပတ်သတ်၍ နှိမ်ချမှု လှောင်ပြောင်မှု ) 
နှင့် Cases of Physical Assault ( ကိုယ်ထိလက်ရောက် ကျူးလွန်မှု)များပဲဖြစ်ပါတယ်။ နိုင်ငံတိုင်းလိုလိုမှာလဲ Harassment နဲ့  ပတ်သတ်တဲ့ ဥပဒေတွေ ပြဌာန်းထားပြီး telephone နှင့် ဖြစ်စေ စာနှင့်ဖြစ်စေ တိုင်ကြားနိုင်တဲ့ နေရာတွေလဲ ရှိပါတယ်။ 
ကျွန်မတို့ ရုံးမှာတော့ ဒီ Harassment တွေနဲ့ ပါတ်သတ်လို့  အတိအကျ တားမြစ်ထားပါတယ်။ ဥပမာ အနေနဲ့  "ဒီည ငါနဲ့  ရုပ်ရှင်လိုက်ကြည့်မလား နောက်လ promotion နဲ့  ပါတ်သတ်လို့  စကား ပြောရအောင်လေ" ဆိုတာမျိုး... အမူအရာ အားဖြင့် အနှောင့်အယှက်ပေးခံရတာမျိုး။ သက်သေမရှိပင်သော်ငြား HR သည် အရေးယူပိုင်ခွင့် အပြည့်ရှိ၏ လို့ ဆိုပါတယ်။
၃) အရိုအသေ ( Respect) 
ဒီ culture ကတော့ အလွန်ကျယ်ပြန့် သော အသုံးအနှုံးလို့ ထင်ပါတယ်။ အသက်အရွယ်  နဲ့  ရာထူးအရှိန်အဝါ ကန့် သတ်ချက်လဲ သိပ်ကို နည်းသွားပါတယ်။ အလုပ်အမှုဆောင်မှ သန့် ရှင်းရေးသမား အထိ ။ မူလတန်းမှ ကျောင်းအုပ်ကြီးအထိ တစ်ဦးကို တစ်ဦး စေတနာတရားနဲ့  ကိုယ်ချင်းစာတရားနဲ့  အရိုအသေပေး ပြောကြဆိုကြဆိုရင် ဘယ်လောက်တောင်များ သာယာနာပျော်လိမ့်မလဲ။ ကပ်ဖား ယပ်ဖား လုပ်တာနဲ့  သဘောတရားချင်း ဆန့် ကျင်ဘက်ပါ။ မျက်နှာထားချီ မျက်လုံးစင်းပြီး မတူမတန် ကြည့်တဲ့ အကြည့်ပိုင်ရှင်များကို ကျွန်မက ကျပ်မပြည့်သူများလိုပဲ သဘောထားချင်ပါတယ်။ များသောအားဖြင့်လဲ အဲဒီလိုလူများဟာ မှန်ကန်တဲ့ စိတ်နှလုံးမရှိတတ်ကြပါဘူး။ 
တဘက်လူရဲ့စကားကို နားထောင်တတ်ခြင်း။ တာဝန်ယူတတ်မှု။ ကူညီတတ်မှု။ မလိုအပ်ပဲ မငြင်းခုံတတ်မှု။ အဲဒါတွေကလဲ အထက်တန်းကျတဲ့ အပြုအမူတွေပါပဲ။
ဒီရက်ထဲမှာ ကျွန်မခေါင်းထဲ တလည်လည်ရောက်နေတဲ့ စကား ၂ ခု က
၁) တခြားသူအတွက် များများစဉ်းစားပါ ။ ကိုယ့်အတွက် ကိုယ် တွေးတာတွေ များနေပြီ။
၂) ကိုယ်လိုချင်တဲ့ အပြုအမူအတိုင်း တခြားသူကို စပြီး ပြုမူလိုက်ပါတဲ့။
ကျွန်မတို့  အထက်တန်းကျတဲ့ အပြုအမူလေးတွေနဲ့  ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တည်ဆောက်ရအောင်။
Thursday, May 24, 2012
မျက်နှာစာအုပ် - AAB (all about blogger) မှာ ရေးခဲ့တဲ့ ရောက်ရာပေါက်ရာများ
သူခိုးကို လှည့်စားဘို့ 
Dummy camera သွားရှာတယ်။ ဖိနပ်ပျောက်တယ်။ အိမ်ရှေ့ မှာ ဘာလဲမသိ လာချောင်းတာ ခံရတယ်။ မိန်းကလေးတွေချည်းပဲ နေမှန်းသိလား မသိဘူး။ ဟမ်း dummy နဲ့ တွေ့ မယ်။
အလွဲ
အလွဲတွေထဲမှာ ခြေအိတ် အတို တဘက် အရှည်တဘက် နဲ့  (ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ) ရုံးလာမိခြင်းက နံပါတ်တစ် အလွဲ။
ငါးတွေရဲ့အမြင်
သူငယ်ချင်းက waterproof camera တလုံးဝယ်လာတော့ ရေကူးကန်ထဲနှစ်ပြီး ကိုယ့်ကိုကိုယ် ပြန်စမ်းရိုက်ကြည့်တယ်။ ရေလှိုင်းရဲ့ အတွန်းအခေါက်တွေက ကင်မလာ မှန်ဘီလူးကို အဆချဲ့ စေတဲ့နေရာချဲ့ ။ ချုံ့ စေတဲ့နေရာ ချုံ့ နဲ့ ။မူမမှန်တဲ့ ကယ်ရီကေးချားလို။ သူက ခေါင်းတခါခါနဲ့  အဖြေတခုပြောတယ်။ ဒါ့ကြောင့် ငါးတွေက လူမြင်ရင် ထွက်ပြေးတာ။ တော်တော်ဆိုးတာပဲတဲ့ ။ ဟိဟိ။
စပ်စုစိန်
မနက်က ရုံးသွားဘို့ အထွက် ဘေးအိမ်က စပ်စုတုံး အဘိုးကြီးက တခါမှလဲ စကားမပြောဖြစ်ပဲနဲ့  ကျွန်မက မြန်မာဖြစ်နေမှန်းသိပြီး သူ့ အိမ်က မြန်မာ အကူက သူပြောတဲ့ စကား နားမလည်သတတ်။ နင်လာသင်ပေးလေ တဲ့။ သူ့ သင်ပေးစရာမလိုဘူး။ အဘ ကိုပဲသင်ပေးမယ်။ ကိုယ်ခိုင်းချင်တာတောင် နားလည်အောင် မပြောတတ်ဘူးလား ဆိုတော့ မှုံတုံတုံ ကြည့်ပြီး ကျန်ခဲ့လေရဲ့။ ဟွန့်  နောက်နေ့ ထပ်ပြော ထပ်တွေ့ မယ်။
IQ နိမ့်လူသား
ကတောက်။ တနေ့ တနေ့ ဒီအလုပ်နဲ့  ငါတော်တော် IQ နိမ့်သွားတယ်။ ငါးရက် တစ်ပါတ်ကြာတဲ့အခါ အဖြစ်အပျက် တချို့ ကောင်းကောင်း မမှတ်မိတော့ဘူး။ ဘယ်နေရာမှာ ဘာထားသလဲ မသိတော့ဘူး။ မနေ့  တနေ့ က ဘာဟင်းနဲ့ စားခဲ့သလဲ တွေးမရတော့ဘူး။ မော်ဒန်ကဗျာတွေ စကားလုံးသာသိ အဓိပါယ် ဖမ်းမမိတော့ဘူး။ ငါ့ရဲ့ခံစား သိလွယ်တဲ့ အာရုံခံစားမှုကို သူခိုးယူသွားပေါ့။
သူငယ်ချင်း အိမ်ရှင်မကလဲ ပြောဘူးပါ့။ သူ့ ယောကျာ်း ဒီနှစ်တွေထဲ တော်တော် IQ နိမ့်သွားတယ်တဲ့။ ဘယ်ပစ္စည်း ဘယ်နားထားသလဲ တချိန်လုံးဖြေနေရတဲ့ IQ နိမ့်လူသားတဲ့လေ။ တိန်။
ပုံပြင်
 ရုံးပိတ်ရက် ညနေမှာ online က ဒီပုံပြင်စာအုပ်လေးတွေ ဖတ်ဖြစ်တယ်။ ငယ်ငယ်က နွေရာသီ နေ့ လည်တွေမှာ ညီမလေး ၊ မောင်ငယ်လေး တို့ ကိုဖတ်ထားတဲ့ ပုံပြင်တွေ ပြန်ပြောပြ။ ပုံပြင်တွေပြောဘို့ စာဖတ်ရ။ ဘာမှပြောစရာမရှိတဲ့အခါ စိတ်ကူးတည့်ရာ လက်တန်းပုံပြင်ပြောရနဲ့ ။ ကျွန်မဟာ မင်းသမီးလေး ဖြစ်လိုက် ကြွက်မလေးဖြစ်လိုက် စုန်းမကြီးဖြစ်လိုက်။
အိမ်အပြန်လမ်းကလေး
ရုံးက ပြန်တိုင်း ဖြတ်ရတဲ့ နောက်ဖေးလမ်းကြား။ ဒီလမ်းက ချက်တဲ့ ပြုတ်တဲ့ အနံ့ က ဝမ်းပိုဟာစေတယ်။ သရက်ဖူးတွေနဲ့  မွှေးပျံ့ နေတဲ့ သရက်ပင်ပုလေးရှိတယ်။ အလကားနေရင်း ဒေါသထွက်နေတဲ့ ကြောင်ဝ ကြီးရှိတယ်။ အပွင့် တလက် နှစ်လက်နဲ့  ယုဇနပင်လေး ရှိတယ်။ မိုးရွာရင် အုတ်ကြွပ်ပြားတွေပေါ် မိုးရေကျသံ အနိမ့် အမြင့်ကိုကြားရမယ်။
အလုပ်ထဲမှာ တနေကုန်နှစ်ထားတဲ့ ကိုယ့်ကိုကိုယ် ဆယ်လာတဲ့ တခဏ ဒီလမ်းတိတ်တိတ်ဆိတ်ဆိတ်လေးက အိမ်ကိုလွမ်းစရာ။ အတွေးစတွေ ဆွဲဆန့် ရာ....
လူတွေ
ရထားတွေ ကားတွေ ကြပ်တော့ နောက်ရထားနဲ့ လိုက်ပါလို့  (ရုံပိုင်မမလေး) တွေက အသံချိုလေးတွေနဲ့  အော်ကြတယ်။ ဖြစ်သင့်တာက အပေါက်ဝ မှာပဲ ပေရပ်နေတဲ့သူတွေ။ သတင်းစာကြီး ဖြန့် ပြီး ကိုယ့်အချိန်ကိုယ် လုနေသူတွေ။ အိုင်တွေနဲ့  ချက်လိုက် ကစားလိုက် ကန့် လန့် လုပ်နေပြီး ထိမိရင် ဂီးဂီး ဂဲဂဲ ကြည့်တတ်သော သူတွေကို ပိုပြီး educate လုပ်သင့်တာ။
သူမ
ဒီနေ့ world certification service က ရုံးမှာ Audit ဝင်တယ်။ us နဲ့ Europe တချို့ ။ ကိုယ်က quality management system နှစ်ခုလောလောဆယ် control လုပ်နေရတော့ သူတို့ နဲ့  ဗျူးရတယ်။ interview မှာ မင်းဘယ်က လာတာလဲဆိုတော့ မြန်မာဆိုတာနဲ့  သူတို့ က wow... အရမ်းနာမည်ကြီး အရမ်းသတ္တိရှိတဲ့ အမျိုးသမီးရှိတဲ့ နိုင်ငံကလေ တဲ့။ ဟေ့ဟေ့ ကျွန်မဖြင့် ပျော်လိုက်တာ။
ကျေးဇူးပါ အန်တီ။
Duties and Responsibility
အလုပ်ထဲမှာ စိတ်အပျက်ရဆုံးစကားက this is not my problem.. This is not my responsibility ဆိုတာပဲ။ customer focus ဆိုတာ သူတို့ ဘယ်လိုများ သဘောပေါက်ပါလိမ့်။ external customer တင် ကရုစိုက်စရာလို့ ထင်လေသလား။ internal customer ဖြစ်တဲ့ ကိုယ့်အချင်းချင်းတောင် ကရုမစိုက်ရင် အပြင်မှာအောင်မြင်နိုင်ဘို့ ပိုဝေးတယ်။ give and take မှာ ယူဘို့ ပဲ စဉ်းစားနေသူတွေ တသက်လုံး ဘယ်အရာကိုမှ တာဝန်မယူတဲ့ ဘဝမှာ လိပ်ပြာသန့် သန့် နဲ့ နေနိုင်ကြလေမလား။ အမှိုက်ကြုံးနေရတဲ့ weekend work အတွက်စိတ်နာပေမဲ့ လူတွေအကြောင်း သင်ပေးတဲ့ လောကကြီးကိုတော့ အလွန်ကျေးဇူးတင်ကြောင်း....ဂီး
Wednesday, May 23, 2012
ဒီလိုနဲ့  တနေ့ နေ့ တော့ ကျွန်မ ရှင့်ကို မေ့ လိုက်မိဦးမယ်။
အရာရာ စိမ်းစိုလတ်ဆတ်ဆဲ ဒီတခဏ
ရှင် ကျွန်မ ကို ချစ်တဲ့အကြောင်း ထပ်ပြောပါ။
ကျွန်မ အကြိုက်ဆုံး ရှင့်အပြုံးကို ထပ်မြင်ပါရစေဦး။
လွတ်လပ်တဲ့ ခွင့်လွှတ်တဲ့ ကြည်လင်တဲ့ အပြုံးမျိုးလေ။
ဦးနှောက်က မေ့သွားပေမဲ့ နှလုံးသားက မမေ့နိုင်တဲ့ အပြုံးမျိုး။
တခါလောက် ကျွန်မကို ပွေ့ ဖက်ပါ။
နှလုံးသားက မမေ့နိုင်မဲ့ နွေးထွေးမှုမျိုး။
ဦးနှောက်က မေ့သွားခဲ့ရင်တောင် နှလုံးသားက မှတ်မိနားလည်နိုင်တဲ့ နီးကပ်မှုမျိုး။
Wednesday, April 11, 2012
QA မှတ်စု < ၂ >
တကယ်တော့ QA နယ်ပယ်ဟာ ကျွန်မအတွက် စိမ်းပါတယ်။ စာရွက်စာတမ်းအလုပ်တွေနဲ့  ငြီးငွေ့ တဲ့ ကျွန်မ အခုတော့ ပျော်လာခဲ့ပါပြီ။  QA Tools ထဲမှ အခြေခံအကျဆုံး Tool တခုအကြောင်း share ချင်ပါတယ်။ Manufacturing ဖြစ်ဖြစ် Construction ဖြစ်ဖြစ်တော်တော်များများ သုံးဘူးကြပါလိမ့်မယ်။ NCR လို့ ခေါ်တဲ့ Non Conformance Report ပါ။ ဒီနေရာမှာတော့ ကျွန်မဟာ manufacturing background ကလာသူဖြစ်လို့  အဲဒီက အတွေ့ အကြုံကိုသာ အခြေခံထားတာ ဖြစ်ပါတယ်။ တခြား engineering များမှာ သုံးတာနဲ့  အနည်းငယ် ကွဲလွဲကောင်း ကွဲလွဲနိုင်ပေမဲ့ သဘောတရားခြင်းတော့ အတူတူပါပဲ။
ဒီတော့ ဝယ်သူ လက်ခံရရှိသူ အမှားတွေ့ ရှိသူက NCR originate လုပ်ပြီး ME သို့ မဟုတ် တာဝန်ရှိသူ တဦးဦးက ဆုံးဖြတ်ပါတယ်။ ( တော်တော်များများက NCR ဘယ်သူလုပ်ရမယ် ဆိုတာ မေးလေ့ရှိတာ ကြားဘူးလို့ ပါ)
အဲဒီနောက် ဒီNCR ဟာ ဘယ်သူ့ ကြောင့်မှားတာလဲဆိုတာပါ သိဘို့ လိုပါတယ်။ ဆိုလိုတာက ကိုယ့်ဘက်က မှားတာလား ရောင်းသူဘက်ကမှားတာလား ခွဲခြားပေးရပါတယ်။ ရောင်းသူဘက်က မှားတာဆိုရင် SQE ( supplier quality engineer ) သို့ မဟုတ် Quality group မှ တဆင့် Supplier ကို သတိပေးတာတွေ CAPA တွေ လုပ်ရပါတယ်။ အဲဒီတော့ Responsibility မကွဲပြားရင် ဆိုရသော် ဘယ်သူမှားမှန်း မသိရင် စုံစမ်းရ စစ်ဆေးရပါတယ်။ Supplier ကြောင့်ဆိုရင်လဲ ဘာကြောင့်မှားတယ် ဘယ်လိုမှားတယ် သက်သေ သာဓက ပြရမှာလေ။
အဲဒီနောက် တခါ ဒီပစ္စည်းအမှားရဲ့ disposition code ကို စဉ်းစားရပါတယ်။ disposition code မှာ အကြမ်းဖျဉ်း ၄ မျိုး အနည်းဆုံးရှိပါတယ်။ လုပ်ငန်းပေါ်မူတည်ပြီး ၄ မျိုးထက်မက ရှိနိုင်ပါတယ်။ disposition code ဆိုတာက ဒီပစ္စည်းကို ဘာဆက်လုပ်ကြမလဲ လို့ စဉ်းစားတယ်လို့  ဘာသာပြန်ရမည် ထင်ပါတယ်။
၁) RTV (Return to Vendor) - Vendor / Supplier သို့  ပြုပြင်ရန် သို့ မဟုတ် လဲလှယ်ရန်အတွက် ပြန်ပို့ ခြင်း
၂) RWK (Rework) - ပြန်လည် ပြုပြင်ခြင်း ။ ဒီနေရာမှာ RWK ကို ကိုယ့် company တွင်းမှာ ပြုပြင်တာကိုသာ သုံးပါတယ်။ Supplier / work shop မှာ ပြန်လည်ပြုပြင်ခြင်းကို RTV နဲ့ သာသုံးပါတယ်။
၃)SCP (Scrap) - ပျက်စီး
၎)UAI (Use As Is) - တချို့ ပစ္စည်းတွေမှာ cosmetics issue အနာအဆာ လေးတွေပါပေမဲ့ design ဒါမှမဟုတ် function ကိုမထိခိုက်ပဲ သုံးနိုင်တဲ့ပစ္စည်းမျိုးတွေ အတွက်ပါ။
နောက်ဆုံးအနေနဲ့  NC Report မှာပါသင့်တဲ့ အင်္ဂါရပ်တွေကတော့
- NCR Number  (များသောအားဖြင့် company တွေမှာ QA က generate လုပ်ပါတယ်။ ဒါမှမဟုတ် QA system တခုခုဝယ်ထားခဲ့ရင်လဲ system က auto generate လုပ်ပေးပါလိမ်းမယ်)
- NCR Originator
- Department Or Found Area
- Part Number Or Item Description
- Quantity
- Cost ( If Applicable)
- PO / DO/ WO/ RMA ( Purchase order, Delivery order, Work order, Return Material Authorization .. if any)
- Problem ( Actual Condition)
- Specified ( Should Be)
- Responsibility (Owner OR Supplier)
- Disposition Code
- Comment
- Approved Person and Date
ဆက်ပြီး ကိုယ့်မှာ ရှိနေရမဲ့ record data က
- NCR Closed Date
- NCR pending days and Caused
- History
- Attachment
NCR နဲ့ ပါတ်သတ်ပြီး ဖြည့်စွက်စရာ ဆွေးနွေးစရာများရှိရင် ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
အရင်ကရေးခဲ့တဲ့ QA မှတ်စု < ၁ >  က ဒီမှာပါ။
Sunday, January 29, 2012
မရေရာ မသေချာသေးခင်
ဘာကိုမှ ပြောမထွက်ချင်ဘူး
ငါတစ်ယောက်တည်းတော့ တိတ်တဆိတ် အတွေးနယ်ချဲ့။
တမ်းတတဲ့စိတ်နဲ့ မပျော်ပိုက်
စိတ်အမှိုက်သရိုက်တွေပေပွ
သူတပါး မသိအောင်တော့
အပြုံးနဲ့  ကာရံထား။
မစွပ်စွဲရက်တဲ့စကားလုံးတချို့ အတွက်
မျက်ရည်နဲ့ သာ ငါရူးသွပ်
မငိုတတ်ဘို့  အကြိမ်ကြိမ်ရွတ်ဆို သတိပေးရင်းက......
အလုံးစုံ ပျောက်ဆုံး မှုန်ဝါး ကွဲကျ အက်ရှ
ဒီနာကျင်မှုက ငါ့ကိုမြှုပ်နှံခဲ့သည့်တိုင်
ချစ်နေသေးမိတာ နင်သိစေချင်သည်။
- FB မှ Chinese သူငယ်ချင်း တစ်ယောက်ရဲ့ wall တွင် share ထားသော post ကို google translate မှ ဖတ်ကြည့်မိရင်း ခံစားချက် တူသောကြောင့် ဘာသာပြန် ဖြစ်ပါသည်။
Saturday, January 21, 2012
နွေ..လွမ်း
တဆောင်းပြောင်းဘို့ ရွယ်
ရော်ဝါရွက်တို့  ကြွေချိန်နီးပြီ။
အေးရှရှ အခန်းတွင်း
ရာသီဥတု အတုတစ်ခုအောက်က
ပူလောင်တောက်ပတဲ့နွေကို လွမ်းနေ။
ငယ်သူငယ်ချင်းမ နွေ့ ကိုလွမ်းနေ။
နှစ် ၂၀ ကျော်စီက
ခြောက်ခြားတိတ်ဆိတ်တဲ့
နွေအိပ်မက် တခုကို  မှတ်မိနေ။
အသဲခွဲခဲ့တဲ့
နွေကျောင်းပိတ်ရက်ရှည် တခုစီ
ဝေ့ဝဲနေ။
နွေနေ့ လည်ခင်းက
ပုစဉ်းရင်ကွဲအော်သံကို ကြားမိနေ။
နှစ်သစ်ကူး တေးသွားနဲ့ 
သိပ်လှတဲ့ နွေ။
ဒီတခါတော့ နင့်စီအရောက်ပြန်လာခဲ့ဦးမယ် ...နွေ။