Monday, July 6, 2015
နှလုံးသားချင်း သိနားလည်
ဒီလိုနဲ့  တနေ့ နေ့ တော့ ကျွန်မ ရှင့်ကို မေ့ လိုက်မိဦးမယ်။
အရာရာ စိမ်းစိုလတ်ဆတ်ဆဲ ဒီတခဏ
ရှင် ကျွန်မ ကို ချစ်တဲ့အကြောင်း ထပ်ပြောပါ။
ကျွန်မ အကြိုက်ဆုံး ရှင့်အပြုံးကို ထပ်မြင်ပါရစေဦး။
လွတ်လပ်တဲ့ ခွင့်လွှတ်တဲ့ ကြည်လင်တဲ့ အပြုံးမျိုးလေ။
ဦးနှောက်က မေ့သွားပေမဲ့ နှလုံးသားက မမေ့နိုင်တဲ့ အပြုံးမျိုး။
တခါလောက် ကျွန်မကို ပွေ့ ဖက်ပါ။
နှလုံးသားက မမေ့နိုင်မဲ့ နွေးထွေးမှုမျိုး။
ဦးနှောက်က မေ့သွားခဲ့ရင်တောင် နှလုံးသားက မှတ်မိနားလည်နိုင်တဲ့ နီးကပ်မှုမျိုး။
.....................................................................................................
CT scan မှ ထွက်လာသည့် အဖြူ အနက် ကော်ပြားကို ကြည့်နေသည့် ဆရာဝန်ရဲ့ ဗလာ မျက်နှာ။ ပျော်ရွှင်မှု စိတ်မကောင်းမှု ဘာမှမရှိတဲ့ ဗလာမျက်နှာ။ ပြီးတော့ သောက်ရမဲ့ ဆေးများ။ ဆောင်ရန်  ရှောင်ရန်များ။ သူမ စိတ်ရှုပ်ထွေးစွာ မေးပြီးသား မေးခွန်းတချို့ ထပ်ခါထပ်ခါမေးခဲ့သည်။
"ဆရာပြောတဲ့အတိုင်းဆို ဒီဆေးတွေက ကျွန်မ အာရုံကြော ရောင်တဲ့ရောဂါ သက်သာဘို့  ကျွန်မ မတွေးနိုင် အောင် သူတို့ လုပ်တော့မှာပေါ့နော် ဆရာ။"
ဆရာဝန်က ခေါင်းညိတ်ရင်း ထပ်ပြောသည်။
"ဟုတ်တယ် ဒီဆေးသောက်နေစဉ် အတွင်း သူတို့ က မင်းကို ထိုင်းမှိုင်းစေမယ်။ သဘောက အရမ်းပင်ပန်း အလုပ်များ ဖိအားများနေတဲ့ မင်းရဲ့ အာရုံကြောတွေကို အနားပေးစေချင်လို့ ပါ။ တတ်နိုင်သလောက် ဘာမှ မတွေးပါနဲ့ ။ ဆေးရဲ့ အာနိသင်ကို ခုခံပြီး တွေးမယ် စဉ်းစားမယ် ဆိုရင် ဘာမှ သိပ်ထိရောက်မယ် မဟုတ်ဘူး။"
"ကျွန်မ အလုပ်နဲ့  အဆင်ပြေပါ့မလား ဆရာ။"
"ပြောရမှာ စိတ်မကောင်းပါဘူး မာယာ ။ ဒီအသက်မွေးဝမ်းကြောင်း ပညာက မင်းရောဂါနဲ့  မလိုက်ဖက်ပါဘူး။ တခြားပေါ့ပေါ့ပါးပါး အလုပ်မျိုးက ပိုအဆင်ပြေမှာပါ။ စိတ်ပင်ပန်းမှုပြေစေမဲ့ ပန်းချီဆွဲတာ... ဂစ်တာတီးတာမျိုး တယောထိုးတာမျိုးလို ဖြစ်ဖြစ် အနုပညာ တခုခုကို လုပ်တာလဲ စိတ်အာရုံကို တည်ငြိမ်လန်းဆန်းစေတယ်.. အဲဒါမျိုး လုပ်ဘို့ လဲ တိုက်တွန်းချင်တယ်.. "
အဲဒီ ထိုင်းမှိုင်းလေးလံခြင်းနောက်မှာ သူမ ဘယ်အရာတွေ ဘယ်လောက်အခြေအနေ အထိ ဆိုးရွားစွာ ကျော်ဖြတ်ရလေမလဲ။ ကြည့်သာကြည့်နေမိ သေချာ နားမလည်သည့် ဓါတ်မှန်ပြားကို နောက်ဆုံး တခေါက်ကြည့်ပြီး အမှိုက်ပုံးသို့  ပစ်ထည့်လိုက်သည်။ ချွေးစီးပြန်နေသည့် သူမလက်တွေကို ဆေးရုံ သန့် စင်ခန်း တခု အတွင်း ဝင်ဆေးရင်း သန့် စင်ခန်း မှန်မျက်နှာပြင်မှာပေါ်နေသည့် သူမ အရိပ်ကို ကြာရှည်စွာ စိုက်ကြည့်နေမိသည်။ ခေတ်ရဲ့ မိန်းမပျိုတစ်ယောက်။ လို - တ - ရ ဘဝ မဟုတ်ခဲ့ပေမဲ့ သူမရယူချင်သည်များကို သူမ လက်ဖဝါး ခြေဖဝါး မှ ရနိုင်သည့် အခြေအနေ။ သူမကြိုးစား ပြုံးကြည့်သည်။
မျက်နှာပြင်ပေါ်က အတွန့် အကွေးတွေက အပြုံးမှ ဟုတ်လေရဲ့လား မသေချာ။ ကံတရားက ဒီလို ကြည်စယ်မယ်လို့  သူမ မတွေးဘူးမိ။ သူမကျောပေါ်မှာ ဒဏ်ရာတချို့ ရှိခဲ့စေဦးတော့ မက်မော တွယ်ဖက်ထားချင်စရာ ဘဝဆိုသည့် ရေအိုင်ကြည်လေးရဲ့ အေးမြမှုက သူမပင်ပန်းသမျှကို အမောပြေစေခဲ့သည်။
သိပ်များမကြာတင်မီ ပိုဆိုးလာသော ဒဏ်ရာနှင့် မေမေ့ တိုက်တွန်းချက်ကြောင့် နောက်တခါ ဆေးခန်း ပြန်ပြချိန်တွင် သူမ ခေါင်းထဲတွင် အကြိတ်တခု ရှိနေတာ သေချာသွားသည်... 
ဝေဝါးဝါး ကြောက်စိတ်နှင့် အတွေးတချို့ ၊  တရေးနိုး ညနက် များကို  ဖြတ်သန်းရင်း  နောက်ဆုံးတော့ ဖြစ်သင့်တာ ဆုံးဖြတ်နိုင်ဘို့  သူမ အနိုင်နိုင် ကြိုးစားခဲ့ရသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
 နေရောင်ခြည်ဖျော့ဖျော့က အဝါရောင်ခန်းစီးစ ရှည်ကို ဖြတ်ပြီး သူမ မျက်နှာပေါ် ကန့် လန့် ဖြတ် စီးဆင်းနေသည်။ အမြင်အာရုံ စုစည်းစဉ် စိုးရိမ်တကြီး စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံက စီးမိုး၍..။
အမေ...
သူမ အပြုံးတွေ မပီပြင်လင့်ကစား တွန့် ကွေးနေတဲ့ မေမေ့  မျက်မှောင် နှစ်စ က ပြေပြစ်သွားသည်။
"သမီး ဘယ်လိုလဲ နေကောင်းလား"
အိပ်ယာကို သပ်ရပ်အောင်ပြင် ပြူတင်းပေါက်တံခါးကို ကျယ်ကျယ်ဆွဲဖွင့် အဝါရောင် နှင်းဆီရိုင်းတွေ ထိုးထားသည့် ပန်းအိုးလေးကို နေရာချရင်း တဆက်တည်း မေမေက ပြောသည်.. "ဒီနေ့   August လ ၉ ရက် ၂၀၁၂ .. ကြာသာပတေး နေ့  သမီးရဲ့...  သမီးလေး ခေါင်းကိုက်လို့  အမေ့အိမ်ပြန်ရောက်နေတာ ၁ နှစ်ကျော်ရှိပြီ.. မနှစ်က ဒီအချိန် ငါ့သမီး ခေါင်းကို ခွဲစိတ် ကုသခဲ့တယ်... ကံကောင်းတယ် သမီး... သမီး ခေါင်းထဲက အကြိတ် တခု ကြောင့် အာရုံကြောတွေ ရောင်နေခဲ့တယ်.. အဲဒီအကြိတ်ကို အခု ထုတ်ပြီးသွားပြီ။ ကင်ဆာအဆင့်ထိ မရောက်လိုက်ဘူးပေါ့ သမီးရယ်"
သူမ ကရုတစိုက် နားထောင်နေသည်... မေမေက သူမ ပုခုံးတွေကို ပွေ့ ဖက်ရင်း...
" ဒါပေမဲ့ operation အပြီးမှာ သမီးလေးက အကုန်လုံးကို မမှတ်မိနိုင်တော့ဘူး။ သမီးရဲ့ မှတ်မိနိုင်တဲ့ မှတ်ဥာဏ်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ ရပ်နေပြီး..သမီးရဲ့ နေ့ တိုင်း အိပ်ယာထ မနက်တိုင်းမှာ သမီးဟာ ၂၀၁၁ လောက် က အချိန်တခုမှာပဲ ရှိနေမယ်လို့  ထင်နေလိမ့်မယ်"
သူမ ဇဝေဇဝါ အံ့အားသင့်စွာ မော့ကြည့်သည်။
"ဒါဆို သမီးအလုပ်ရော မေမေ။ ပြီးတော့ မေမေ အရမ်းပင်ပန်းမှာပေါ့"
သူမ မျက်ရည်တွေကျလာသည်။ မေမေက မျက်ရည်တွေ သုတ်ပေးရင်း ဖြည်းငြင်းစွာ ဆက်ပြောသည်။
" ငါ့သမီးလေး နေ့ တိုင်းနီးပါး ငိုရတာ ပင်ပန်းတယ်။ ငါ့သမီး မေမေ နဲ့  ရှိနေတာကိုက ကံကောင်းလှပြီလေ။ မဟုတ်ရင် ၁ နှစ် ၂ နှစ်နေမှ လေး ငါးရက် တွေ့ ရတဲ့ သမီး။ မပင်ပန်းပါဘူး သမီးရယ်။ ကံကောင်းရင် အားလုံးပြန်မှတ်မိနိုင်တာလဲ ရှိတာပဲ။ အားမလျှော့ဘို့ ပဲ လိုတာ"
" အို....မေမေ.. ကျွန်မကို ဒီအကြောင်းတွေ နေ့ တိုင်း ပြောပြရတာလားဟင်" မျက်ရည်တွေကြားက မေးတော့... မေမေက ပြုံးရင်း ခေါင်းညိတ်ပြလေသည်။
ဒီလိုနှင့်သူမသည်နေ့ တိုင်းသော နေ့ သစ်များတွင် နေထိုင်ခဲ့သည်။ တခါတလေ ၁ နာရီမျှ အချိန်ယူပြီးနောက်  ရီရီမောမောဖြစ်ကာ လက်ရှိအခြေအနေကို လက်ခံလိုက်နိုင်သော်လည်း တခါတရံများစွာမှာ သူမ တိုင်ပင်ပြသ နေကျ ဆေးရုံရှိ ဆရာဝန်ဆီသို့  မေမေက လိုက်ပို့ တတ်ရသည်။ ဆရာဝန်က သူမကို တွေ့ တော့ ပြုံးကာ ရယ်ကာ သူမ နာမည်ကို တရင်းတနှီး ခေါ်၍ နှုတ်ဆက်သည်။
" ငါ့သမီး ရှင်မာယာ တစ်ယောက် ရောက်လာပြန်ရော... ကဲ..လာပါဗျာ ... စကားပြောရအောင်"..
" မာယာ့အခြေအနေက တည အိပ်ရာဝင်ပြီး နောက်တနေ့ မနက်မှာ ကွန်ပြူတာကို format ချလိုက်သလို memory အသစ်နဲ့  ပြန်ဖြစ်သွားတတ်သလိုမျိုးပေါ့ သမီးရယ်။ သမီးလိုပဲတခြား ဘဝတူတွေရှိတယ်သမီးရဲ့။ တစ်ယောက်ဆိုရင်ကွယ် သူ့  ရဲ့ မှတ်ဥာဏ်က စက္ကန့်  ၃၀ - တမိနစ်အထိ ပဲ မှတ်မိတယ်။ စက္ကန့်  ၃၀ ရဲ့နောက်မှာ သူဟာ အရာရာ အသစ်ပြန်ဖြစ်သွားပြန်ရော သမီးရဲ့"
ဆရာဝန်ကြီးနဲ့ အတူ လူနာတချို့ ကို လိုက်ကြည့် နှုတ်ဆက်မည်။ သူမလိုပင် ဘဝရဲ့ မှတ်ဥာဏ်တစိတ်တပိုင်းပျောက်ဆုံးနေသောသူတချို့  နှင့် တဘဝလုံးနီးပါးပျောက်ဆုံးနေသော သူတချို့ နှင့် စကားလက်ဆုံပြောမည်။  ထို့ နောက်မှာ အိမ်ပြန်လာကြမည်။ မေမေ နဲ့  အတူ ညနေစာ ကူချက်မည် ။ညနေ နေကျချိန်မှာ  တောင်အစွန်းက ကွေ့ ဝိုက် ထွက်လာတဲ့ မြစ်လက်တက်လေး၏ ကမ်းနဖူးမှာ ထိုင်ရင်း မနက်ဖြန်မှာ နောက်တခေါက်ထပ်မေ့သွားမည့် ကိုယ့်အကြောင်းကိုယ်စဉ်းစားမည်။ ပြီးတော့ မနက်ဖြန်မနက်မှာ ဖတ်ဖြစ်ရင် ဖတ်ဖြစ်မဲ့ ဒိုင်ယာရီလေး ရေးမည်။ ဆိတ်ဖလူးပွင့်လေးတွေ ကောက်၊  ဘုန်းတော်ကြီးကျောင်းအတွင်းရှိ လျောင်းတော်မူ ရုပ်ပွါးတော်ရှေ့ တွင် လှူပြီး ငြိမ်ငြိမ်ဆိတ်ဆိတ် တွေးမည်။
တက္ကသိုလ်မှ အငြိမ်းစားဆရာမ တစ်ဦးဖြစ်သူ မေမေသည် အလုပ်များတစ်ဦးဖြစ်သည်။ သူမတို့ အိမ်အနီးမှ ဘုန်းတော်ကြီးကျောင်းတွင် မှီခိုနေထိုင်သူ ကလေးများအတွက် အချိန်ပိုင်း ပညာဒါန စာပြပေးပြီး ညနေပိုင်းတွင် သားဖြစ်သူ၊ သူမ၏ အကို ပန်းထိမ်ဆိုင်အတွက် ကူညီပေးပြီး မြေးကူထိမ်းတတ်သည်။ နှစ်နှစ် အရွယ် သူမ၏ တူလေးကို သူမ မမှတ်မိတတ်။ သူမကို အလွန်ခင်တွယ်သော ကလေးကို သူမ ပြုံး၍သာ ငေးကြည့်တတ်သည်။
တခါတလေများမှာလဲ မေမေ အလုပ်များသည့်အခါ သူမ ဘာသာ နိုးထ လာတတ်ပြီး လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က အချိန်ပြန်ရောက်ကာ တယောက်တည်း တွေးတတ်သည်။ ခေါင်းကိုက်ဘယ်လို  များ ပျောက်နေပါလိမ့် ဆိုတာမျိုး..။ အလုပ်တွေ ပစ်ထားခဲ့ပြီး အားလပ်ရက် အိမ်ပြန်လာသလို ဝါဂွမ်းကဲ့သို့  လွင့်မျောကာ သူမ အခန်း အပေါ်ထပ်မှ လှမ်းစီးမြင်နေရသည့် မြစ်ငယ်လေးကို တမွန်းလွဲအောင်ထိုင်ကြည့်မည်။ Magazine အဟောင်းတွေသာရှိသည့် သူမ မေမေ၏ စာအုပ်စင်ကလဲ သူမကို ခုနှစ် သက္ကရာဇ်များနှင့် ပတ်သတ်၍ အနှောင့်အယှက် မပေးတတ်ချေ။
အရာအားလုံး သည် သူနှင့် မဆုံခင်အထိ လိုက်လျောတပြေ ရှိခဲ့ခြင်းဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဆောင်းနှောင်းရဲ့ မနက်နေရောင် ဝါရွှေရွှေက သူမ အိပ်ခန်းတွင်းသို့  စွေစောင်းဝင်လာသည်။ ပြူတင်းပေါက် လိုက်ကာများ လှုတ်ခတ်သံက လွဲလို့  တိတ်ဆိတ်အေးချမ်းလွန်းလှသည်။ မိန်းကလေး တစ်ယောက် သူမ အခန်းတံခါး သာသာခေါက်ကာ ခပ်တိုးတိုး စကားဆိုသည်။ မိန်းကလေး မျက်နှာက ရင်းနှီးသလိုရှိသော်လည်း သူမ မမှတ်မိ။
"မမ မာယာ ။ မနက်စာ စားလို့ ရပြီ။"
မနက်စာက သူမအကြိုက် ထမင်းပူပူ နှင့် အကြော်စုံ ပူပူနွေးနွေး။
"သိပ်ကျေးဇူးတင်တာပဲ မေမေ။ ဒါမစားရတာ ကြာပြီ"
ချစ်စရာကောင်းသော ကလေးလေးက "အန်တီ မာယာ။ သားတို့  တပါတ်လုံး ဒါပဲ စားနေတာကို။" နှုတ်ခမ်းဆူရင်းပြောတော့ သူမ မျက်လုံးပြူး ကြည့်မိသည်။
"မေမေ .. ဒါ ကိုကို့ သားလေးလား။ သူကြီးလာတာ မြန်တယ်နော်"
မေမေက ခေါင်းသာသာ ညိတ်ပြသည်။ ထမင်းဝိုင်း အစွန်မှာ တိတ်တိတ်လေး ထိုင်နေတဲ့ သူစိမ်း ဧည့်သည် တစ်ယောက်ကို သူမ သတိထားမိသွားသည်။ ဧည့်သည်က သူမ ကို ပြုံးပြသည်။ သူ့ အပြုံးသည် ဆောင်းရာသီ မနက်ခင်းကို နွေးထွေးသွားစေလောက်အောင် အစွမ်းထက်သည်။
မေမေက အငွေ့ တထောင်းထောင်း လက်ဘက်ရည် ပန်းကန်ကို ဧည့်သည်ရှေ့ တိုးပေးရင်း မိတ်ဆက်သည်။
"သမီး.. ဒါ မိုးမိုး လေ။ သမီးငယ်ငယ်တုန်းက ရန်ကုန်ကို ပြောင်းသွားတဲ့ သူငယ်ချင်းလေ။ အခု ဒီကို လာလည်တာ"
ငယ်သူငယ်ချင်းရုပ်သွင်ကို သူမ မှတ်မိသွားပြီး နှုတ်ဆက်လိုက်သည်။
" မိုးမိုးလား။ အပြင်မှာ ဆို မှတ်မိမှာ မဟုတ်ဘူးနော်။ ဘယ်တုန်းက ရောက်တာလဲ"
" မနေ့ က နေ့ လည်လောက်က ရောက်တာ။ မာယာတို့  အပြင်သွားနေတော့ မတွေ့ ဖြစ်ဘူး။"
အဲဒီနောက် မိုးမိုးနဲ့  သူနဲ့  မူလတန်းကျောင်းသားဘဝ အကြောင်း ပြန်ပြောရင်း ပေါ့ပေါ့ပါးပါးရှိနေခဲ့သည်။ ညနေ ပိုင်းမှာ မိုးမိုးက သူ့ အမျိုးများ ရှိရာနောက်ကို အလည် နှစ်ညလောက် လိုက်သွားမည်ဆိုကာ လာကြိုသော စက်လှေ ပေါ် တက်သွားသည်။ ပုစွန်ဆီရောင် ခရမ်းနုရောင် တိမ်တွေမျောနေသည့် မြစ်ပြင်ထဲ စက်လှေကလေး ထွက်သွားတာ သူမ အခန်း ပြူတင်းပေါက်မှ ငေးနေခဲ့သည်။ တောင်စွန်းကွေ့ လေးထဲ မဝင်ခင်အထိ ဝေ့ယမ်း လက်ပြနေသော အရိပ်ပြပြလေးကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
နေ့ လည်ခင်းအသံဖြစ်သည့် ပုဇဉ်းရင်ကွဲသံက တကျီကျီ။ သူမ နားစွင့်ရင်း အသာအယာ ပြုံးနေမိသည်။ ဆော့ရင်း ကစားရင်း သူမဆီ ပြေးဝင်လာသည့် ကလေးငယ်ကို ဆီးပွေ့ ဖက်လိုက်ရသည်။
"မေမေ .. ဒါ ကိုကို့ သားလား။ သူထွားလာတာမြန်တယ်နော်"
ကလေးက သူမ ပြောသည့် စကားကို အသံချင်း ထပ်တူကျအောင် လိုက်ပြောတော့ သူမ ပါးစပ်အဟောင်းသားနှင့်ကြည့်ရသည်။ မေမေက ကလေးကို မျက်စောင်းတချက်ချီရင်း အန်တီ့ကို မနောက်ရဘူးလို့  ပြောသည်။ သူမ ရင်ခွင်ဆီမှ ကလေးက ရုန်းကန် တွန်းထွက်ရင်း ပြေးဘို့  ကြိုးစားပြန်သည်။
"သားသား စာဖတ်မလို့  စာဖတ်မလို့ "
"သားက စာဖတ်တတ်ပြီလား"
ကလေးက ရုပ်စုံ စာအုပ်လေးတခု သွားယူကာ ပြန်ပြေးလာပြီ အရုပ်ကားချပ် တခုစီကို ထောက်ကာ စာဖတ်ပြသည်။
"မေမေ။ သူ စကားတတ်ကာစလောက်ရှိသေးတာ။ စာဖတ်တတ်ပြီလား။"
စိတ်ရှည် နူးညံ့သော အပြုံးနှင့် မေမေကပြောသည်။
"ဘယ်က ဖတ်တတ်ရမလဲ အေရယ်။ အရုပ်တွေ အလွတ်ရနေတာ။ သမီးက နေ့ တိုင်းဖတ်ပြနေတော့ သူမှတ်မိနေတာလေ"
သူမ စိတ်တို့  အုံ့ မှိုင်းလာပြန်သည်။ စိတ်ထဲတွင် မတင်မကျခြင်းများစွာနဲ့  မေးခွန်းများတန်းစီလာသည်။
"ဟိတ်.. "
သူမ ဒွိဟတွေ စကားလုံးဖြင့်မပြောင်းခင် သူမ နား နီးကပ်စွာ လာရပ်ကာ နှုတ်ဆက်သော လူရွယ် တစ်ယောက်ကို ကြောင်အ စွာမော့ကြည့်မိသည်။ မေမေ့ တပည့်ဟောင်းများလား။
"မေမေ နဲ့  တွေ့ ချင်လို့ လား"
"မဟုတ်ဘူး။ မာယာနဲ့ "
"ရှင့်ကို ကျမ မသိဘူး။ ရှင်ဘယ်သူလဲ"
"ဟားဟား။ နောက်စရာလား မာယာရယ်။ ကျွန်တော့်မှာ အမျိုးတွေအိမ် တညအိပ်တာတောင် ခင်ဗျား ပြူတင်းပေါက်က ရပ်နေတဲ့ အရိပ်ကို သတိရမိပြီး မနေနိုင်တော့လို့  ပြန်လာတာဗျ"
သူမ ကြောက်လန့် စွာ နောက်တလှမ်းဆုတ်ရင်း မေ့မေ့ကို အားကိုးတကြီး အော်ခေါ်မိသည်။ အဲဒီ့နောက် မေမေ အိမ်ထဲမှ အပြေးထွက်လာသည်။ လူရွယ့်မျက်နှာထားက မယုံနိုင်ခြင်းများနဲ့  သူမ ကို ငေးမောကြည့်လို့  ။ မေမေ က "မိုးမိုး ။ သား ဒီကိုလာပါ အန်တီ့ဆီလာပါ" ဆိုပြီး ဆွဲခေါ်သွားသည်။ သူမ က အလွန်ပြင်းထန်သော အရှိန်ဖြင့်ပြေးနေရာက ရုတ်တရက် ရပ်လိုက်သလို အသက်ရှူမဝ ဖြစ်လာသည်။ ကိုကို က အနားရောက်လာပြီး
"ခနလေး။ မာယာသိချင်တာတွေ ပြောပြမယ်။ ဒါပေမဲ့ ဒီနေ့ ကိုကိုမအားလို့  ဆေးခန်းလိုက်မပို့ နိုင်ဘူးနော်။"
"ဆေးခန်း။ ဘာဆေးခန်းလဲ ကိုကို။ ဘာတွေ ပြောနေတာလဲ"
ထို့ နောက် သူမ၏ အကိုက သူ့ အတွက် ဓါတ်ပြားဟောင်းတချပ်ဖြစ်ပြီး သူမ အတွက် အသစ်အဆန်းဖြစ်နေသော အဖြစ်အပျက်များကိုပြောပြသည်။
"ကဲ။ ပြီးရင် စိတ်ပြေလက်ပျောက် ဂစ်တာလေးတီး။ စာလေး ဘာလေးရေးပေါ့ ။ ညီမလေးရာ နော်"
မျက်ရည်များနှင့် နားထောင်ပြီး သူမ အခန်းရှိရာ တိတ်ဆိတ်စွာ တက်ခဲ့သည်။ ထုံးစံအတိုင်း ပြူတင်းပေါက်မှ တဆင့် တောင်အစွန်းကွေ့ ဆီမှ တလက်လက်တောက်နေသော မြစ်ငယ်ကလေးကို ငေးနေမိသည်။ သူမ နောက်ကျောမှ အခန်းတံခါး ခေါက်သံကြောင့် သူမ လှည့်ကြည့်မိသည်။ ခုန က လူရွယ်။ နှစ်လိုစွာ ပြုံးပြရင်း။
" ကျွန်တော်ဝင်ခဲ့မယ်နော်။ စကားပြောရအောင်"
သူမ က ခေါင်းညိတ်ပြရင်း သူထိုင်စေဘို့  ထိုင်ခုံရှိရာ လက်လှမ်းပြလိုက်သည်။
"အဲဒီတော့ ကျွန်တော့ကိုယ် ကျွန်တော်ပဲ မိတ်ဆက်ပါရစေ။ ကျွန်တော်က ခင်ဗျားရဲ့ ငယ်သူငယ်ချင်း။ ခင်ဗျားကို မန်ကျည်းပင်ပေါ်က တွန်းတင်ခဲ့။ ဒါန်းလွှဲပေးခဲ့ရတဲ့ ဝလုံးရေးဖော်ပါ ခင်ဗျ"
သူမက မျက်မှောင်ကုတ်ကာ ကြည့်သည်။
"ပြီးတော့ဗျာ ခင်များပဲ ကျွန်တော့ကို စက်ဘီးစီးသင်ပေးခဲ့။ ခင်များပဲ အင်္ဂလိပ်စာသင်ပေးခဲ့...."
သူ့ စကားမဆုံးခင် ပျော်ရွှင်ခြင်းအရောင်သည် သူမ မျက်နှာပေါ် ဖျမ်းပက်လိုက်ပြီ။
"ဟင်.. အဲဒါဆို အဲဒါဆို ... မိုးမိုးလား"
သူမတို့  ပြိုင်တူ ရီမောမိကြသည်။ အဲဒီနေ့ က ကြယ်ရောင်အောက်မှာ ဂစ်တာတီးရင်း သီချင်းဆိုကြသည်။
--------------------------------------------------------------------------------
သူမတို့  မြို့ ငယ်လေးက စက်မှု အတတ်သင်ကျောင်းလေးတွင် ဆရာ အဖြစ် အလုပ်ဝင်နေသာ သူ့ ကို မသိသူမရှိ။ သူသည် မနက်ခင်းအသစ်တိုင်းမှာ သူမ ကို လူအသစ်တစ်ယောက်လို မိတ်ဆက်သည်။
စံပါယ်ပွင့်တွေ လှိုင်သော နွေလယ်မနက်မှာ ပန်းကူခူးရင်း ရည်မွန်စွာ နှုတ်ဆက်ရင်း သူမကို ပစ္စုပ္ပန် နှင့် မိတ်ဆက်ပေးတတ်သည်။ ကံ့ကော်ပွင့်တွေ တပွေ့ တပိုက်နှင့် ညနေခင်းတွေမှာ သူမ အနား လမ်းလျှောက် တတ်သည်။ တခါတရံ သူမ လာရာလမ်းမှာ ဆိုင်ကယ် စက်နှိုးမရတော့လို့  ဘီးတခုခုဖြစ်လို့ ဆိုကာ သူမ စက်ဘီးနောက်က လမ်းကြုံလိုက်တတ်သည်။ တခါက " ကျွန်တော် ခရီးသွားပါ ခင်ဗျာ။ ပိုက်ဆံပြတ်သွားလို့  ။ ပိုက်ဆံ ၅၀၀၀ လောက်ပေးပါ" လို့ တောင်းတုန်းက ငယ်ငယ်ရွယ်ရွယ် လူရည်သန့်  တောင်းစားရမလားဆိုကာ ပါလာသည့် ဂျာနယ်လိပ်နဲ့  ရိုက်သည်တဲ့လေ။
သူက မေ့တတ်တဲ့ ကောင်မလေး လို့  ခေါ်တတ်သည်။
နေ့ စဉ်နီးပါး ရေးထားသည့် သူမ ဒိုင်ယာရီကို ပိတ်ကာ စားပွဲပေါ်တင်လိုက်သည်။ ခြံဝမှာ ပေါ်လာတဲ့ သူ့ မျက်နှာက အပြုံးချိုချိုနဲ့  ။
" မာယာ။ ဒီနေ့ တော့ ဒိုင်ယာယီဖတ်ပြီး ကျွန်တော့ကို မှတ်မိလောက်ပြီမဟုတ်လား။ လှေစီးရအောင်။"
ရေစီးသာသာလေးတွင် လှေက ရွေ့ ရုံလေးရွေ့ ကာ။ တောင်အရိပ်၊ ညနေ နေအရိပ် ၊ ရေအရိပ်တို့ ရောကာ အလွန်လှပသော ကမ္ဘာလေးထဲတွင် သူမတို့  ရောက်နေသည်။
"မာယာ။ ဒီနေ့ အိမ်ပြန်သွားရင် ခင်များကို ကျွန်တော် ၂၈ ကြိမ်မြောက် ချစ်ခွင့်ပန်တဲ့အကြောင်း ရေးဘို့  မမေးနဲ့ နော်။ ခင်များကလဲ ၂၈ ကြိမ်မြောက် ကျွန်တော့ကို ချစ်ကြောင်း ပြန်ပြောတဲ့အကြောင်းပါ ထည့်ဘို့  မမေ့နဲ့ နော်"
သူ့ လက်ဖဝါးတွေ သူမ ပါးတွင်ကပ်ရင်း
"အဲဒီနေ့  မတိုင်ခင် တရက်က တွေ့ လိုက်ရင် သိပ်ကောင်းမှာ" ဟု သူမက တမ်းတ တတ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကျောင်းထောင့်နား ပုန်းညှက်ပင်မှ အပွင့်တွေ ဝေနေပြီ။ စာသင်ခန်းထဲ အထိ ဝေ့ ဝဲလာသော ပန်းနံ့ နှင့်အတူ သူမ ကို သတိရနေသည်။ ညနေ သူမ ဆီအသွားမှာ ပန်းတချို့ ယူသွားဘို့  စဉ်းစားသည်။ သူမ၏ သင်္ကာမကင်း ခပ်စိမ်းစိမ်း အကြည့်... နာရီပိုင်းအတွင်း တဖြည်းဖြည်းပြောင်းလဲလာမည့် အံ့သြရိပ်... ထို့ နောက် ခိုကိုးရာမဲ့ အကြည့်... ထို့ နောက်တွင် ကြည်လဲ့ နူးညံ့လာမည့် အကြည့် တို့ နှင့် နေ့ စဉ် အသစ်တဖန် ချစ်ရေးဆိုနေရသည့် မိန်းကလေး အကြောင်း သူစဉ်းစားနေမိသည်။
စာသင်ခန်းစီမှ ထွက်လာတော့ နံရံကပ်စာစောင်တွေ ဘက်မှာ ရပ်နေသည့် သူမ ကိုတွေ့ တော့ သူ အံ့သြရသည်။
"မာယာ... ဘယ်လိုဖြစ်ပြီး ကျောင်းကို ရောက်လာသလဲ"
"မိုးမိုး ... နော်"
သူခေါင်းညိတ်ပြတော့ သူမ က သူ့ ကို စူးငေးငေး လှမ်းကြည့်သည်။ ပြီးတော့
"ဟိုလေ... မာယာတို့  နှစ်ယောက်အကြောင်း မာယာ့မှတ်တမ်းထဲ မှာ ဖတ်ရတယ်။ ပြီးတော့ ညအိပ်ယာ မဝင်ခင်တိုင်းမှာ နောက်တနေ့  မနက်မှာ ရှင့်ကို မှတ်မိပါစေလို့  အမြဲဆုတောင်းတဲ့အကြောင်း ဖတ်ရတယ်။ ဒါပေမဲ့လေ နောက်တနေ့  မနက်တိုင်းမှာ ရှင့်ကို မမှတ်မိတော့ဘူး။ ဒီလို နည်းနဲ့  ရှေ့ ဆက်သွားဘို့  အဆင်မပြေဘူး။ ကိုယ်တို့  လမ်းခွဲရအောင် ရှင်ရယ်... မာယာ ကိုယ့်ဘဝ နဲ့  ကိုယ်ပဲ နေတော့မယ်။ မာယာ့ ဘဝ က ၂၄ နာရီလောက်ပဲ။ ရှင့်ကို ချစ်ချစ် မုန်းမုန်း ... သိပ်မကြာခင် မာယာမေ့သွားမှာ။ မာယာ့ကို လာမရှာပါနဲ့ တော့ရှင်"
သူစွံ့ အ နေ... မြှားတစင်းလို ထွက်သွားတဲ့ သူမကို ငေးကြည့်နေခဲ့မိသည်။ ပုန်းညှက်ပန်းတွေကတော့ မွှေးတုန်း...
အဲဒီနောက်ပိုင်း သူမ သည် မေမေ လုပ်အားပေးနေသော အခမဲ့ ပညာရေး ဝန်ဆောင်မှု  ကျောင်းကလေးတခုတွင် ကွန်ပြူတာဖြင့် ရုပ်ရှင်/ဗီဒီယို တည်းဖြတ်မှု သင်တန်း ဆရာမ အဖြစ် အလုပ်ဝင်ခဲ့သည်။ သူမ၏ သင်တန်းများ စီမံခန့် ခွဲမှုအတွက်ကိုမူ မေမေ နှင့်  ဆရာဝန်ကြီး၏ အကူအညီယူကာ တိုင်ပင်ဆွေးနွေးလေ့ရှိသည်။ ညစဉ်မပြတ် မှတ်တမ်းရေးကာ သူမ၏ သင်ကြားမှု များကိုလဲ စနစ်တကျ မှတ်တမ်းတင်ရသည်။ တခါတရံ ညနက်နက်တွေမှာ ဂစ်တာသံ ဖျော့ဖျော့က ညအရိပ်နှင့်အတူ သူမ အခန်းမှ  စီးမျောလာလေ့ရှိသည်။ သူမ မေမေသည် သူမ အခန်းရှိရာ မော့ကြည့်ရင်း တခုခုကို ငြိမ်သက်စွာ စဉ်းစားနေလေ့ရှိသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
သူတို့  လမ်းခွဲပြီး လေးလ မြောက်သည့်နေ့  ... သူမ သင်တန်းရှိရာသို့  သူအပြေးလာခဲ့သည်။ သူမကို သင်တန်း ခန်းမ တွင် အဆင်သင့် တွေ့ သည်။ သူမ က ကျောင်းသူ တစ်ယောက် မေးသည်ကို ရှင်းပြနေဆဲ။
"မာယာ"
အသံက တိုးတိုးအုပ်အုပ်ပေမဲ့ ရင်ကို ဖောက်ထွက်မလောက် ပြင်းထန်သည်။ သူမ က စူးစိုက်ကြည့်ရင်း သူ့ ဆီ လျှောက်လာသည်။ သူမ မျက်ဝန်းတွေကို သူ ဖတ်ကြည့်ဘို့  ကြိုးစားသည်။ သို့ သော် ဒီတခါ က စိမ်းကားတာလဲမဟုတ် မှတ်မိသည့် အရိပ်အရောင်လဲမပါ။ နူးညံ့မှု တခုတော့ တွေ့ သည်။
"ဟုတ်ကဲ့" သူမက အသာအယာ ထူးသည်။
"ကိုယ်လေ .. ကိုယ် အဝေးကြီး ထွက်သွားမလို့ ပဲ။ ဒါပေမဲ့ ကိုယ် ဝေးဝေးမသွားနိုင်ဘူး။ မာယာ ကိုယ့်ကို မသိလဲ ကိစ္စ မရှိဘူး။ ကိုယ်..."
သူမ က အသာအယာ လက်ထောင်ပြကာ
"ကျမ ရဲ့ စာဖတ်ခန်းကို ခဏ လောက် လိုက်ခဲ့ပါလားရှင်"
ထို့ နောက် သူမ ခေါ်ဆောင်ရာ နောက်သို့  လိုက်ခဲ့သည်။ အဖြူရောင် ဆေးသုတ်ထားသော တံခါးတချပ်ကို ဖွင့်လိုက်ပြီး ဝင်လိုက်ရာတွင် ရေးလက်စ ပန်းချီကားတချို့  ၊ စာအုပ်စင် နှင့် စားပွဲ ကုလားထိုင်တို့  ရှိသော အခန်းတွင်း ရောက်ခဲ့သည်။ သူမက ပန်းချီကား တချပ်ရှိရာ သွားကာ ဖုံးအုပ်ထားသော ပလတ်စတစ် စ ကို ဆွဲဖွင့်လိုက်သည်။ ခဲခြစ်ရာ မပီဝိုးတဝါး ရေးလက်စ လူမျက်နှာ တခုက ပန်းချီကားချပ်ပေါ်မှာ... သို့ သော် ကြည့်လိုက်ရုံနှင့် သူနှင့် အတော်တူမှန်း သူ့ ကို မြင်ဘူး သူတိုင်း ခန့် မှန်းနိုင်ပေသည်။ သူမ က စားပွဲ ဆီ ပြန်လျှောက်သွားပြီး  ဖိုင်တွဲ တခု သူ့ ကို လှမ်းပေးသည်။ ဖိုင်တွဲ ထဲတွင် ရေးလက်စ သို့ ဟုတ် တဝက်တပျက် သူ့ ပုံတူ ခဲဖြစ်ရာ စာရွက်တွေ အများကြီး။
"ကျမ ရှင်ဘယ်သူမှန်း မသိပါဘူး။ ဒါပေမဲ့ ရှင်က ဘာဖြစ်လို့  ကျမ အိပ်မက်ထဲ အမြဲ ပါနေရတာလဲဟင်"
သူ့ ရင်သည် ထိတ်ထိတ် ခုန်နေသည်။ တခါတလေ ရိုးစင်းသော ပျော်ရွှင်မှု ဆိုတာ ဒါမျိုးပဲ ဖြစ်မည်ထင်သည်။ မာယာ့မေမေ သာ သူ့ ကို ထပ်ကြိုးစားကြည့်ဘို့  မကမ်းလှမ်းခဲ့ဘူးဆိုလျှင် သူသည် ဒီပျော်ရွှင်မှု ကို လက်လွှတ်ရပေမည်။ "ညဦးပိုင်းတွေ တခါတလေ သီချင်းဆို ဂစ်တာလေးခေါက်တတ်ရဲ့။ မေမေထင်တာ မမှားရင် သားနဲ့ မှ သူသိတဲ့ သီချင်းတွေပေါ့။" ဆိုသည့် မှတ်ချက်ကြောင့် သူလာခဲ့ခြင်း ဖြစ်သည်။
မာယာ့ လက်တွေကို တင်းတင်းဆုပ်လိုက်သည်။ ကိုယ် မင်းကို သွားခွင့် မပြုနိုင်ဘူး မိန်းကလေးရယ် ...
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
လှိုင်းပုတ်သံ ၊ ငှက်ကလေးတွေ အသံ နဲ့  သူမ နိုးထ လာသည်။ သူမ အိပ်ယာဘေးက စားပွဲလေး ပေါ်ဝယ် စားပွဲတင် ပြက္ခဒိန်လေး သဖွယ် အဝါရောင် stand လေးတခုက "READ ME" တဲ့။ READ ME စာမျက်နှာလေးကို ကျော်ခေါက်ချလိုက်တော့
"ချစ်တဲ့ မာယာ.. ပျော်ရွှင်ဖွယ် မနက်ခင်းဖြစ်ပါစေ။ ဒီနေ့ ဟာ ဘာနေ့ လဲ ဆိုတာ ဘေးနားက ပြက္ခဒိန်မှာ ပြီးရင် စစ်ပါနော်။ ၂၀၁၁ ဂျူလိုင် လမှာ မင်းရဲ့ ကျန်းမာရေးကြောင့် ခေါင်းကို ခွဲစိတ်ရာက မင်းရဲ့ မှတ်ဥာဏ်တွေဟာ ရပ်တန့် သွားခဲ့တယ်။ နောက်တနေ့  မင်း အိပ်ယာနိုးတဲ့ အခါ မင်းဟာ အဲဒီနေ့  တွေ ကိုပဲ  ပြန်ရောက်သွားနေရော။ ကံကြမ္မာက ဒီလို ကြည်စယ်ပေမဲ့  မင်းကို ချစ်တဲ့ လူတွေရဲ့ အချစ်ကိုတော့  ရပ်တန့် အောင် မလုပ်နိုင်ခဲ့ပါဘူး။"
"သိပ်မကြာခင် နှစ်တွေမှာ မင်း နဲ့  ကိုယ်ဆုံတွေ့ ခဲ့တယ်။ တကယ်တော့ ကိုယ်ဟာ မင်းရဲ့ ငယ်သူငယ်ချင်း မိုးမိုး လို့  ခေါ်တဲ့ မိုးထက် ပါ။ "
သူမ တို့  ငယ်ငယ်က ဓါတ်ပုံလေး back ground လုပ်လို့  ရေးထားတဲ့ စာကို သူမ တို့ ထိကြည့်သည်။
"နောက်တော့ ကိုယ်ဟာ မင်းရဲ့ ပန်းဆက်သမား၊  သက်တော်စောင့်၊ မင်းရဲ့ အမျိုးသား ဖြစ်လာခဲ့တယ်"
မင်္ဂလာဆောင် ဝတ်စုံနဲ့  ရယ်မော နေ့ တဲ့ သူမ တို့ နှစ်ယောက်ပုံ ကို သူမ စူးစိုက်ကြည့်မိသည်။
"ခုတော့ မင်း နဲ့  တို့ မှာ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက် ရနေပြီ။ သူ့ နာမည်က မှုံနံ့ သာတဲ့"
သမီးလေးရဲ့ ပုံလေးတွေ စာရွက်မှာ အနှံ့  ကပ်ထားတာ သူမတွေ့ ရသည်။
နောက်ဘက်က စာမျက်နှာတွေကတော့ အလွတ်ဖြစ်ပေမဲ့ sticky note ပေါ်ဝယ် လက်ရေး သော့သော့ တခု ကပ်ထားသည်။
"အိပ်ယာနိုးရင် မနက်စာ စားဘို့  လှေအမိုးပေါ် တက်ခဲ့ပါ။ ချစ်တဲ့ မိုးမိုး "
အိပ်ယာဘေးမှ ပြူတင်းပေါက်ဆီ သူမ သွားကြည့်လိုက်သည်။ အပြင်တွင် ငွေရောက် လက်လက် တောက်နေသော လှိုင်းတွန့် လေးတွေနှင့် မြစ်ပြင်တခု ရှိသည်။ တဘက်တွင် အစိမ်းရောင် တောင်တန်းတခုက မြစ်နှင့် အလျားလိုက် ဆန်ဆင်းလျှက်။ သူမ လှေအိမ်ကလေးပေါ်တွင် ရောက်နေသည်။ သူမ အခန်း အပေါ်ထပ် ဆီမှ မေမေ နှင့် သမီးလေး တို့ ၏ ရယ်သံကို ကြားလိုက်ရသည်။ တံခါးဖွင့်ကာ အထွက်တွင် သူမအနေနှင့် စိမ်းကားသလိုထင်ရပေမဲ့ သူမ နှလုံးသားမှတော့ ရင်းနှီး နွေးထွေးသွားစေသည့် ရင်ခွင် တခုက လက်ကမ်းကာ ရောက်လာသည်။
အဲဒီ ရင်းနှီးနွေးထွေးမှုက ဦးနှောက်က မေ့သွားခဲ့ရင်တောင် နှလုံးသားက မှတ်မိနားလည်နိုင်တဲ့ နီးကပ်နွေးထွေးမှုမျိုး။
<< ကြည့်ခဲ့ဘူးပြီး ရင်ထဲ စွဲထင်တဲ့ ရုပ်ရှင် 50th First Date ကို အခြေခံထားတာပါ။ >>
No comments: