ဆိတ်ငြိမ်ထိုင်းမှိုင်းမှုကို
ဘယ်အရာက သယ်ဆောင်ခဲ့ပါသလဲ။
လေပြေထဲ မျောလွင့်လာတဲ့ အလွမ်းတွေပေါ့။
အလွမ်းကြောင့် ညနေခင်းတချို့ မှိန်ဖျော့ တချို့ စူးရဲ
အလွမ်းကြောင့် တခါတရံ တိတ်ဆိတ်အေးစက် တခါတော့လဲ လေရိုင်းတသုန်သုန်
တရိပ်ရိပ်ပြေးလွှားနေတဲ့ နာရီထဲမှာ
အလွမ်းနဲ့ ခြေစုံရပ်သူ ငါတစ်ဦးတည်းပါပေါ့လား
ကျောင်းရှေ့ အုတ်ခုံမှာ အပြုံးတဝက်နဲ့ တွေ့ ရတတ်တဲ့ နင့်မျက်နှာ
ဗန်ဒါပင်အောက် ခုံတန်းလျားတွေမှာာ ငါ့ကို အကြည့် တမင်လွှဲတဲ့ နင့်မာယာ
ကျောင်းရေအိုးစင်မှန်ထဲက အကြည့်စူးစူးတစ်ခါ
အိပ်မက်ထဲက ခရမ်းရောင်ကမ္ဘာ
စိန်ပန်းဝေတဲ့ တရာသီစာ
10 နှစ်တာကြာတောင် ငါ့နောက်ကျောမှာ စွဲကပ်ဆဲ
ငါ့ကျောင်းဗလာစာအုပ်နောက်ကျောက
နင့်ပုံတူ ခဲခြစ်ရာ
ငါဟာ နင့်အတွက်နဲ့  ပန်းချီဆရာ ဖြစ်လာခဲ့သူ။
နင့်သူငယ်ချင်းတွေရေရွတ်တတ်တဲ့ နင့်အမည်
အလွမ်းနဲ့ စီခြယ်မိ
ဘယ်လောက်နာကြင်စရာကောင်းလိုက်လေသလဲ။
တိတ်တိတ်လေးနားထောင်
ဝှက်ထားတဲ့ အပြုံးတစ်ခု ဖြတ်သွားတဲ့ ငလျှင်ငယ်တစ်ခုနဲ့ အတူ
နင်နဲ့ ငါ ဆုံဘူးတဲ့ စကား
သုံးခွန်းမပြည့်ပေမဲ့
တဘဝစာ သတိရမိတဲ့ အဖြစ်
ဒါအချစ်လား။
ဒီမှာ ငါကတော့
အလွမ်းခါးခါးတွေ တငွေ့ ငွေ့ နဲ့ 
မမေ့ရက်သေးသူလေ။
No comments:
Post a Comment