မိုးစက်တွေ ဖြည်းဖြည်းလေးလေးကျနေတဲ့ နေ့ ရက်တခုထဲ ကိုယ်တို့  ဆုံတွေ့ ခဲ့ကြတယ်။ ၁၂-၁၃ နှစ်အရွယ် ကိုယ်နဲ့  မတိမ်းမယိမ်း ချာတိတ်မလေးရဲ့ အားငယ်တဲ့ မျက်လုံး နက်နက်တွေ မာန်တင်းထားတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့  ကိုယ့်အဒေါ်နောက်မှာ တိတ်တိတ်လေးရပ်နေတဲ့ သူမ ကို ကိုယ်လှမ်းကြည့်နေခဲ့တယ်။ သူမရပ်နေရာ နောက်ကျောဘက် အိမ်အပြင်မှာ မိုးစက်တွေ တစက်ချင်း ကျလို့  အဖြူပွင့်ဖတ်မှာ အညိုရောင် ဝတ်ဆံပါတဲ့ သစ်ခွပန်းတွေက အခိုင်လိုက်ပွင့်နေတာ ပြူတင်းပေါက်မှ လှမ်းမြင်နေရတယ်။
သူမ နဲ့  ကိုယ်က အမျိုးစပ်ရရင် သုံးဝမ်းကွဲလောက်တော်တဲ့ ညီအမတွေပေါ့။ အဒေါ်ကြီး လို့ ကိုယ်တို့ ခေါ်တဲ့ ကိုယ့်အဒေါ်က သူမကို ကိုယ့်ဘေးနားမှာ နေရာချပေးတယ်။
သူမက သူမဇာတိ ရွာကလေးမှာ အထက်တန်းကျောင်း မရှိလို့  နီးစပ်ရာမြို့ ကို ကျောင်းလာတက်ပြီး ဆွေမျိုးနားနီး အဒေါ်အိမ်မှာ နေဘို့  ရောက်လာသူ။ ကိုယ်က အဆင်မပြေတဲ့ အဖေ နဲ့  အမေ ဆက်ဆံရေးကို အရွဲ့ တိုက်ပြီး ကျောင်းတနှစ်နားထားတဲ့ အမျိုးများ အလည် နာမည်ဆိုးနဲ့  ကျော်ကြားသူ။ နောက်တော့ အဖေ့ အမျိုးများရှိရာ ဒီမြို့ လေးမှာ အထက်တန်းဆက်တက်ဘို့  ရောက်လာခဲ့သူ။
ကိုယ်က ကိုယ့်ကိုကိုယ် ဒေါင့်ကျိုးတဲ့ ပုံမဖြစ်အောင် တသက်လုံး သတိထား ဟန်ဆောင်ခဲ့သူ ပီပီ သူမ ရောက်လာတာကို လျစ်လျူရှုကာ တဘက်လှည့် စာဖတ်ချင်ယောင်ဆောင်နေလိုက်တယ်။ ပါးနပ်တဲ့ ကိုယ့်အဒေါ်ကတော့ ကိုယ့်ဆံပင်တွေ သပ်ပေးပြီး နှင်းသီတာလေး အဆင်ပြေအောင် သမီးက ကြည့်ပေးလိုက်ဦးနော် လို့  ဖွဖွ ငြင်သာ မှာပြီး အခန်းပြင်ထွက်သွားခဲ့တယ်။ အချိန်အတော်ကြီးကြာအောင် ကိုယ်ကျောခိုင်းထားတဲ့ သူ့ ဆီက ဘာအသံမှ မကြားရဘူး။ ယုတ်ဆွအဆုံး အသက်ရှူသံ သဲ့သဲ့လေးတောင် မကြားရဘူး။ စာအုပ်ကို ပိတ်ပြီး ကိုယ်လှည့်ကြည့်လိုက်တော့ ပစ်ချထားတဲ့ အရုပ်ကလေး တရုပ်လို ထိုင်နေတဲ့ ကိုယ့်နောက်ကျောကို ငေးနေပုံရတဲ့ သူမ မျက်ဝန်းများနဲ့  ခလုတ်တိုက်တော့တယ်။
အဲဒီညက ဗလာစာအုပ်တွေကို သတင်းစာနဲ့  အဖုံး ဖုံးနေတဲ့ သူမ ကျောလေးဟာ မသိမသာ အနိမ့်အမြင့် ဖြစ်သွားတာ၊ စာအုပ်အဖုံးကို ပေတံနဲ့  ဖိပြီး အနားသတ်နေတဲ့အချိန် ဝေ့ဝဲကျသွားတဲ့ မျက်ရည်စက်တွေဟာ နေ့ လည်ခင်းက မိုးစက်တွေလိုပါပဲ။
"နှင်းသီတာ"
ကိုယ်ခေါ်တော့ သူ့ မျက်ရည်တွေ ဖွက်ဘို့  အဆင်မပြေတာနဲ့  လှည့်မကြည့်နိုင်ရှာ။
"လူတိုင်း သတင်းစာနဲ့  စာအုပ်ဖုံးကြတော့ နင့်စာအုပ်ကို နာမည်ကြီးကြီး ရေးမထားရင် မှတ်မိမှာမဟုတ်ဘူး။"
"ဟုတ် မမ"
အင်္ကျီလက်နဲ့  ကဗျာကရာ မျက်ရည်သုတ်ရင်း သူမ လှည့်ကြည့်တယ်။
"ငါ့ကို ဟန်သီမောင် ဖြစ်ဖြစ် ဟန်သီ ဖြစ်ဖြစ်ခေါ်လို့ ရတယ်။ ရော့ဒီမှာ ပန်းချီဆွဲတဲ့ ရေဆေးဗူးတွေ ရှိတယ်။ နင့်နာမည်ကို ကြီးကြီးရေးပြီး အရောင်နဲ့  ခြယ်ထားရင် မြင်သာတာပေါ့"
အဲဒီနောက်တော့ နာမည်ကို သတင်းစာအဖုံးပေါ် မြင်သာလှပ အောင် ပုံဖော်ရင်း အရောင်ခြယ်ရင်း ကိုယ်တို့  ခင်မင်ရင်းနှီးခဲ့တယ်။
သူမ က ကိုယ့်ကို ဟန်သီ လို့  ခေါ်ပြီး ကိုယ်က နှင်းသီ လို့  ခေါ်တယ်။
မဝံ့ရဲ တတ်တဲ့ နှင်းသီ အတွက် ဟန်သီက စစ်သူကြီး။
စာရေးပျင်းတဲ့ ဟန်သီ့ အတွက် နှင်းသီက စာရိုက်စက်။
အင်္ဂလိပ်စာ အခြေခံ မပါတဲ့ နှင်းသီ အတွက် ဟန်သီက ဆရာမ တဖြစ်လဲ။
အချုပ် အလုပ် အလှအပ မဖြစ်မြောက်တဲ့ ဟန်သီ အတွက် နှင်းသီက ဒီဇိုင်နာ။
အထက်တန်း တတန်းပြီးတိုင်း အိမ်မပြန်သော ဟန်သီက နှင်းသီတို့ ရွာ လိုက်ပြီး မြေပဲနှုတ် ရေကူခပ် နွားရေတိုက် ထွက် နှင့် ရေမြေလိုက်ကာ စကားလဲ ဝဲတတ်။ ရွာဓလေ့ အသုံးအနှုံးမျိုးပင် ပြောတတ်လာသည်။
ဟန်သီရေ မနက်ကို ကော်ဖီ သောက်မှာလား မေးတဲ့အခါ
ဟုတ်ကဲ့ သောက်မှာ လို့  ပြောမဲ့အစား "မသောက်ရင်" လို့  ရင် နေရာကို အသံလေး ဆွဲပြီး ပြောတတ်ပြီ။ သဘောက မသောက်ပဲ နေမလား သောက်မှာပေါ့ ဆိုသည့် အဓိပ္ပါယ်။
အမည်ခေါ်ကာ အဆုံးသတ်သည့် ရွာဓလေ့ စကားလုံး တခု ကို ခပ်ဝဲဝဲ သုံးတတ်လာပြီ။
ဥပမာ အရင်က နှင်းသီက အရမ်းရီရတာပဲ ပြောသည့်နေရာတွင် နှင်းသီက အရမ်းရီရတာ မောင်ရေ့ ဆိုသည့် အာလုတ်သံ ထည့်ဝင် သုံးနှုံးတတ်လာပြီ။
>>>ဆက်ရန် <<<

No comments:
Post a Comment