တစ်ရက်က အမေရိကား ရောက်နေတဲ့ သူငယ်ချင်း လာလာ နဲ့  online မှာတွေ့ ရင်း အချိန်တော်တော်ကြာ စကားပြောဖြစ်ပါတယ်။ ကျွန်မ အိပ်ဘို့  နောက်ကျ ညဥ့်နက်တဲ့ အချိန် သူ အိပ်ရာက ထသေးဘို့  တော်တော်စောသေးတဲ့ အချိန်ပါ။ သူနဲ့ ပါတ်သတ်ရင် ကျွန်မ အရင်ဆုံးသတိရမိတာက သူ့ ရဲ့ ဟာသ ညာဉ်ကွန့် မြူးတတ်ပုံကိုပါ။ ကျောင်းတုန်းက ကင်တီးထိုင်ရင် ကျွန်မတို့  အဖွဲ့ နဲ့  လာပူးပေါင်းတတ်တာက သာယာဝတီ သုံးဆယ် တစ်ဝိုက်က သူငယ်ချင်း တစ်ဖွဲ့ ပါ။ အောင်ဆွေဦး၊ အောင်နိုင်ဦး၊ အောင်ကိုဦး အစရှိသဖြင့်ပေါ့လေ။ ကင်တီးမှာ တစ်ယောက်တစ်ပေါက်ဝိုင်းမှာပြီး အရင်ဆုံးရောက်လာတတ်တဲ့ မုန့် ပွဲက ဝိုင်းပြည့်အောင် ပတ်ပြီး အဆာပြေ တစ်ယောက်တစ်ဇွန်း ဝိုင်းစားတတ်ကြပါတယ်။ အောင်ဆွေဦးက သူ့ လက်ထဲရောက်လာတဲ့ မုန့် ကိုမစားသေးပဲ ကျွန်မတို့ ကို မေးပါတယ်။ သူ့ နှာခေါင်း တော်တော် ကြီးနေသလားတဲ့။ ကျွန်မတို့ က သူ့ နှာခေါင်းကို ခဏတော့ အာရုံရောက်သွားပြီး ဝိုင်းကြည့်ကြပါတယ်။ ပြီးတော့ ဘာပြန်ပြောရမှန်းမသိတော့ ဒီအတိုင်းပဲ ဆက်ကြည့်နေကြပါတယ်။ လာလာက အောင်ဆွေဦး နားထိုင်ခုံမှာ ထိုင်နေပြီး မုန့် ပန်းကန် သူ့ ဆီအလာကို စောင့်နေသူပါ။ နှာခေါင်း အကြောင်းမေးတဲ့သူကလဲ မေးပြီး လက်နဲ့ ကွယ်ကာ ရှက်နေတော့ မုန့် ပန်းကန်က ရှေ့ ဆက်မတက်တော့ပါဘူး။ မုန့် ပန်းကန်ကို တွေတွေလေးငေးနေတဲ့ လာလာက မြန်မြန်ပဲ ဒီဇာတ်လမ်းကို ဖြတ်လိုက်ပါတယ်။ ဟင့်အင်း နင့်နှာခေါင်းက မကြီးပါဘူး။ အောင်ဆွေဦး ကျေနပ်သွားပါတယ်။ လာလာက ဆက်ပြောပါတယ်။ ထွားပဲထွားတာပါတဲ့။ ပြီးရော။ ပွဲမြန်မြန်ပြတ်သွားတယ်လေ။
ကျောင်းတုန်းက ညဘက်အဆောင်မှာ ထူးထူးဆန်းဆန်း အမြဲလိုလို လုပ်ဖြစ်ပါတယ်။ စော်ဘွား ပြဇာတ် လိုမျိုးပေါ့။ တခါက ခွေးပေါက် ကြောင်ပေါက်လေးတွေလို အအော်ပြိုင်ပွဲ လုပ်ဖြစ်တယ်။ ကျွန်မအပါအဝင် သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကြတာ လိပ်ပြာလမ်းပေါ် နွားခြံက မွေးထားတဲ့ ခွေးတစ်အုပ်ကပါ ဝိုင်းပြီးအားပေးကြတာ ကြုံဘူးပါတယ်။
လာလာက ဂစ်တာတီးတတ်တော့ သူက ဂစ်တာတီး ကျွန်မတို့ က သီချင်းဆိုနဲ့  ပျော်စရာကောင်းပါတယ်။ အဲဒီအချိန်ဆို အရှေ့ က ယောကျာ်းလေးဆောင်က ဝရံတာမှာ မီးပိတ်ရင်း နားထောင်တတ်ကြပါတယ်။ အစကတော့ ကျွန်မတို့ လဲ သတိမထားပါဘူး။ ဒါပေမဲ့ သူတို့ ဘက်က တစ်ယောက်ယောက်က အချင်းချင်း ချောက်ချလိုတဲ့သဘောနဲ့ ဝရံတာမီး ဖွင့်တဲ့အခါ ရှက်ပြီး အော်ကြ ဟစ်ကြနဲ့  ကျွန်မတို့ လဲ ပရိတ်သတ်ရှိကြောင်း သိရပြီး တတပ်တအား ဖြစ်ရတာပေါ့လေ။
ကျောင်းမှာ စာကြည့်တိုက်လေး တစ်ခုလုပ်တော့ ကိုဟန်လင်းဇော် တို့  ကျော်ညီ တို့  မနီလာခင်တို့  မထက်ထက်ခိုင်တို့ နဲ့ အတူ (အခြားသူငယ်ချင်းတွေလဲပါပါသေးတယ်) ပျော်ပျော်ရွှင်ရွှင် လုပ်အားပေးခဲ့ဘူးတာ မှတ်မိတယ်။ ကထိန်မှာ ဘိန်းမုန့် တွေ ကောက်ညှင်းပေါင်းတွေ အဝစားပြီး ကိုဟန်လင်းဇော်တို့ ရဲ့ ရှမ်းဓါးသိုင်းနဲ့  အလှူခံထွက်တာ သတိရမိတယ်။
သူခိုးကြီးညမှာ အပြင်က သူငယ်ချင်းတွေနဲ့ တိုင်ပင်ရင်း အဆောင်က ဘဲခိုးဖမ်းဘို့  ကြိုးစားဘူးကြပါတယ်။ ဘဲခြေထောက်ကို မိလုမိလု နဲ့  ဆူးရိုင်းပင်တွေနဲ့ အုပ်ထားတဲ့ အိမ်သာကျင်းဟောင်းထဲကျခဲ့ဘူးသော သူငယ်ချင်း။ ကြွက်ကြော်နဲ့ ထန်းရည် မြည်းဘို့ လာခေါ်သော သူငယ်ချင်း၊ တရေးနိုး မိုးတွေရွာနေရင် ခြေဆစ်လက်ဆစ် ကိုက်လို့ ဆိုပြီး ငိုတတ်သော သူငယ်ချင်း၊ ထို အငိုအရွဲ သူငယ်ချင်းအား သနားစိတ်နှင့် အနားခေါ်ကာ ညကြီးမင်းကြီး အိပ်ချင်မူးတူး နှိပ်ပေးသော်လည်း အနှိပ်မတော်လို့ ဆိုပြီး ကိုယ့်အိပ်ရာပေါ်မှ ခပ်တည်တည် ပြန်နှင်ချခံရသော နေ့ တွေ။
နှစ်ကူးနဲ့ ကြုံတဲ့ သူငယ်ချင်းရဲ့ မွေးနေ့ တစ်ခုမှာ ကျွန်မတို့  ဘီယာသောက်ကြပါတယ်။ ဘီယာ ၈ပုလင်းလား ၁၀ ပုလင်းလား မမှတ်မိတော့ပါဘူး။ ဝါကတော့ သောက်ပြီးသိပ်မကြာသေးခင် ရေချိုးခန်းမှာ စားသမျှ အကုန်အန်ပါတယ်။ သူအန်ထားတာကို သူကိုယ်တိုင်လဲ မဆေးနိုင်အောင် ခေါင်းမမော့တမ်း အန်ရတာကိုး။ လာလာကတော့ ဆင်မိတ်လို အဖုကြီးကြီးတွေ ထ ပြီး တစ်ကိုယ်လုံး တုန်နေပါတယ်။ သောက်ရင်းခါးလို့ ဆို သိပ်မသောက်တဲ့ ကျန်တဲ့ကောင်တွေကတော့ အမြည်းစားရင်း အော်ကြီးဟစ်ကျယ် ရင်ဖွင့်ကြပါတယ်။ ဒါတောင် အဆောင်က မသိအောင် ခိုးသောက်ကြတာပါ။ ကျွန်မကတော့ တဖြည်းဖြည်းနဲ့ ခေါင်းထဲမှာ လေးပြီး မှောင်လာတာနဲ့  အိပ်ဘို့ ကြိုးစားခဲ့ပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက် လာလာက ကျွန်မကို ဆဲပါတယ်။ ဟေ့ကောင် မင်းတော်တော်ဆိုးတဲ့ကောင်။ မူးလာရင် လက်သီးနဲ့ ထိုးပြီး သိပ်ကွာ လို့ ပြောပြီး ငါက သူ့ ကို လက်ညှိုးလေးနဲ့  ထိုးလိုက်တာနဲ့  ငါကို လက်သီးထိုးဘို့  ပြန်ကြိုးစားတယ်။ ပြီးတော့ ထ လည်း မထနိုင်ဘူးတဲ့။
သူငယ်ချင်းတွေနဲ့  ကျောင်းပြီးလို့  နှုတ်ဆက် အော်တို တွေဘာတွေ ရေးကြတော့ ကျွန်မကို ငှက်ကထ ၊ အေးအေးဆေးဆေးနဲ့ ပျာယာခတ်တတ်သောသူ၊ ခလုတ်ခဏခဏ တိုက်တတ်သောသူ၊ Roll call ၃ ခါခေါ်ရင် ၂ခါမကြားသောသူ (အတန်းထဲမှာ ရှိနေချိန်)၊ ကော်ရစ်တာမှ roll call ကမန်းကတန်းထူးရင်း အတန်းထဲ အပြေးလာရသောသူ အဖြစ် မှတ်တမ်းတင်ထားကြပါတယ်။
ကိုဟန်လင်းဇော် နဲ့  တစ်ယောက်သော မမ တို့ က ကျောင်းပြေးရင် ကျွန်မကိုလဲ ခေါ်ပါတယ်။ သူတို့ နှစ်ယောက်နဲ့ ကျွန်မကလဲ ကန့် လန့် ပါတာပဲ။ ရွှေလက်ရ ဘုရားမှာ နေပူကျဲတဲသွားထိုင် ပြီးရင် ကျောင်းရှေ့ က စိတ်သစ်မှာ မျိုးကြီး သီချင်းနဲ့ လက်ဖက်ရည်သောက်။ ကျောင်းက ပြန်ရင် မြို့ ထဲကို အတူနေတဲ့ ၅ယောက်လုံး တစ်အုပ်တစ်မထွက် ၊ ညဈေးက နန်းပြားသုတ်စား၊ ဒိန်ချဉ်သောက်၊ ဆေးရုံကြီးရှေ့ က ဝက်သားတုတ်ထိုးစား၊ အပြန်ဆိုရင် စက်ဘီး ဘီးပေါက်လဲ နဝင်း ကုန်းတက်ကို အတင်းနင်းတက်၊ ညဘက်ဆို အဆောင်ဘေး အပေါ်ထပ် အပေါက်ဝနားက ရေချိုးခန်းခေါင်မိုးပေါ်မှာ တစ်ယောက်ကို တစ်ယောက် မှီတွယ်ရင်း ကြယ်တွေကြည့်ကြရင်း အိပ်ပျော်သွားတတ်တာလဲရှိ၊ ညလုံးပေါက်စကားပြောရင်း ဥက္ကာပျံက မုန့် စိမ်းပေါင်းမျက်နှာပြင်နဲ့ တူတာက စလို့  အစားအသောက်အကြောင်း ပြောရင်း မိုးမလင်းခင် ဗိုက်ဆာတဲ့ အဖွဲ့ ။ လွမ်းတယ် သူငယ်ချင်းတို့ ရယ်။ ဘဝမှာ ငါတို့  အကောင်းဆုံး အချိန်တစ်ချိန်ကို တကယ်မျှဝေ ခံစားရရှိခဲ့ဘူးတယ်။ မင်းလဲ သတိရနေ လွမ်းနေမယ်ဆိုတာ ငါလောင်းရဲတယ်။
ငါတို့ ကမ္ဘာကြီးရဲ့ တစ်နေရာစီမှာ ရောက်ရှိနေကြပေမဲ့လဲ ငါတို့ နှလုံးသားတွေက တစ်နေရာစီ မဟုတ်ကြပါဘူး။
အမေရိကား ရောက်နေတဲ့ လာလာ
ဂျပန်ရောက်နေတဲ့ ဝါ
မြန်မာပြည်မှာပဲ ကိုယ်ပိုင်စီးပွါးရေးကို ကိုယ်တိုင်ဦးဆောင်နေတဲ့ ယောင်း နဲ့ လတ်
NGO အဖွဲ့ တစ်ခုက ဆရာမကြီး ချစ်စု
နည်းပညာမှာပဲ tutor ပြန်လုပ်နေတဲ့ သီတာ
အခု တမြေတည်းပြန်ဆုံမိတဲ့ သူငယ်ချင်း ကျော်ညီ နဲ့  သက်ထွန်းအောင်
ဘယ်ဆီ ဘယ်ဝယ် မှန်းဆမရ အဆက်အသွယ်ပြတ် သူငယ်ချင်းတွေ။
ပျော်ရွှင်ပါစေနော်။











