Sunday, September 6, 2009

စာအုပ်တွေ

ဖတ်မိ မှတ်မိ တဲ့စာအုပ်တွေ အကြောင်း ပြန်တွေးမိတယ်။
ကျွန်မ ပထမ ဆုံးစ ပြီးဖတ်ဖြစ်တဲ့ ဝတ္တုက ဆရာ မြသန်းတင့် ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုတဲ့ ဝတ္တုပါ။ စန္ဒာ မဂ္ဂဇင်း မှာ စပြီး အခန်းဆက် ဖတ်ဖြစ်ခဲ့တာပါ။ ဇာတ်အိမ်ကကြီး လူတွေက များပေမဲ့ စစ်ဗိုလ်လေး အက်ရှ် ရဲ့ ဘဝ ဇာတ်ကြောင်းမှာ မျောပါခဲ့မိပါတယ်။ အဲဒီ အချိန်က ၁၉၈၉~၁၉၉၀ တစ်ဝိုက်လောက် ဖြစ်မယ်ထင်ပါတယ်။ ကျွန်မက လေးတန်း ကျောင်းသူ ဖြစ်ပြီး ကျောင်းပိတ်ရက်ညနေတွေမှာ စာကြည့်တိုက်ထဲ မွှေနောက်နေတတ်ပါတယ်။ စာကြည့်တိုက်ကလဲ ခပ်သေးသေး သာဖြစ်လေတော့ နှစ်နှစ် သုံးနှစ် စာမျှသာ စာအုပ်တွေက ရှိတတ်ပါတယ်။ ဇာတ်လမ်း မပြီးခင် စာအုပ်ကုန်သွားတော့ နောင်တချိန် ကျရင် ဖတ်ဘို့  အကြွေးစာရင်းထဲ မှာ သူ့ ကို မှတ်ထားလိုက်ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဒီစာအုပ်နဲ့ ရေစက်ပြန်ဆုံပြီး မအိပ်မနေ ရုံးကို unpay leave, urgent leave တွေတင်ပြီး ကြိုးကြိုးစားစား နှစ်လ လောက် ဖတ်ယူလိုက် ရပါတယ်။ ကျောင်းစာ ဆိုရင်တော့ ဒီလောက်ကြိုးစား မိမယ်မထင်ဘူး။
အိန္ဒိယ နိုင်ငံရဲ့ လူမှုရေး နိုင်ငံရေး နဲ့  အခွန်အခ အဖြစ် ဆက်သခြင်း ခံရတဲ့ အပယ်ခံစော်ဘွားသမီးတော် နဲ့  အင်္ဂလိပ် စစ်ဗိုလ်လေးတို့ ရဲ့ အချစ်ဇာတ်လမ်း အကြောင်းပါ။ စာရေးဆရာမကြီး M.M.Kaye ရေးပြီး မူရင်း အမည်က The Far Pavilions ပါတဲ့။

မှတ်မှတ်ရရ အဲဒီစာအုပ်ဖတ်နေတဲ့ 2008 နှစ်ဆန်းပိုင်းမှာ ကျွန်မက company တာဝန် နဲ့  ဇေယျဝတီ သကြားစက် ကိုရောက်နေပါတယ်။ စာအုပ်တွေ ကျောပိုးအိတ်ထဲ ထည့်သွားတဲ့ ကျွန်မက  သကြားစက်က ပေးတဲ့ ဧည့်ရိပ်သာ မှာ ညနေပိုင်း အချိန်တွေ ဖတ်ဖြစ်ပါတယ်။ ဇေယျဝတီအဝန်းအဝိုင်း ဆိုတာလဲ သိတဲ့အတိုင်း မြန်မာပြည်ရဲ့ Little India ပါ။ ညနေ နေရောင်က ဇေယျဝတီ သကြားစက်ကြီး ပေါ် စီးမိုးအုပ်ပြီး ကြံခင်း တွေ တလျှောက် အိန္ဒိယ အမျိုးသမီးများက ဆာရီရောင်စုံနဲ့  လမ်းလျှောက်သွားတဲ့ အခါ ဝတ္တုထဲက တိုင်းပြည်ကို တကယ်ရောက်သွားသလိုမျိုး ကျွန်မ ကိုယ်တိုင်တောင် ဇာတ်ရံ တစ်ယောက်လို သူတို့ တွေ ဘေးက ကြည့်နေရသလို ဝေဝေဝါးဝါး နဲ့ လွမ်းစရာလဲ ကောင်းလှပါတယ်။
ကျွန်မ ရင်အနာဆုံး မျက်ရည်ကျရတဲ့ အခန်းက စော်ဘွားတစ်ယောက်သေဆုံးတဲ့အခါ သူ့ ရဲ့ ဇနီး မယားတွေပါ စော်ဘွားရဲ့ ရုပ်ကလပ်လောင်ကျွမ်းရာ မီးပုံထဲ ခုံချစတေး ရတယ်ဆိုတဲ့ နေရာပါ။ လောင်တိုက် ဆီသွားတဲ့ နံရံမှာ ပန်းဆီရောင် ပန်းချီကား တစ်ချပ်လို ရှုပ်ယှက်ခတ်နေတဲ့ ခြစ်ရာ စင်းရာလေးပေါင်း မြောက်များစွာ ရှိပါသတဲ့။ သေသေချာချာ ကရုထားပြီး ကြည့်မယ်ဆိုရင်တော့ ဒါဟာ သေးသွယ် ပျော့ပျောင်းတဲ့ အမျိုးသမီး လက်ချောင်းလေးတွေ ဖြစ်ပြီး လောင်တိုက် စီမှာ ခုန်ချကာနီး ပန်းဆီဆိုး အလှဆင် ထားတဲ့ လက်ချောင်းလေးတွေနဲ့  လောင်တိုက်ရဲ့ နံရံပေါင်(ဘောင်) ကို ကိုင်သွားတဲ့ အရာလေးတွေပါတဲ့။ နောင်တော့ ပန်းဆီရောင် စိတ္တဇ ပန်းချီကား တစ်ချပ်လို ဆွဲထင် ကျန်ရစ်နေတာပါ တဲ့လေ။
ဇေယျဝတီ မှာ အဲဒီဝတ္တုရှည်ကို အဆုံးသတ်ခဲ့ပါတယ်။ ကျွန်မ စိတ်ကို ထင်ယောင်ယိုးမှား ဖြစ်စေတဲ့ ညနေ နေရီတယော ကြံခင်းဘောင်ထက်က ဆာရီဝတ် အမျိုးသမီးတွေ။ ရေတကောင်း တဘက် ကလေး တဘက်နဲ့  ပွင့်လင်း ဖော်ရွေတဲ့ မျက်နှာတွေ ၊ လက်ဆင့်ကမ်းပုံပြင်များနဲ့  သကြားစက်၊ ပန်းဆီဆိုး ဆေးမင်ထိုးထားတဲ့ လက်တွေ ။ ပြီးတော့ မြင်းခွါသံတွေ။ ကျွန်မကို အိပ်မက်တဝက် စိတ်ကူးတဝက် ဆွဲခေါ်သွားနိုင်တဲ့ အဲဒီ စာအုပ် နဲ့  ဒေသ ကို မမေ့နိုင်၊ မပျောက်နိုင် ရှိနေသေး ပါတယ်။ ကျွန်မ အာရုံ မှာ ဆွဲထင်ကျန်ရစ်နေဆဲ ညနေ ပန်းချီကား တချပ်ပါ။






No comments: