Saturday, August 29, 2009

home sweet home


အိမ်ကို လွမ်းတယ်။


အိမ်နဲ့  အဝေးရောက်နေတဲ့ သူတွေကတော့ ဒီစကားလေးကို ခံစားတတ်ကြမှာပါ။ လူတွေက စက်ရုပ်တွေလို
အချိန်ရယ်ငွေရယ်ထိန်းချုပ်မှုအောက်ရောက်ရတဲ့ အခါ လွမ်းစရာ အဝေးက အိမ်လေးကို အခါခါ စိတ်မှာ အရိပ်ထင်မိတယ်။

မနက်အိပ်ရာထရင် ကုန်းပိုးပြီး ရေချိုးခန်းထဲ ပို့ ပေးတဲ့ အဖေ့ကို လွမ်းတယ်။
အမေ့ရဲ့ တတွတ်တွတ် ဆုံးမသံနဲ့  ထမင်းကြော် ပူပူနွေးနွးကို လွမ်းတယ်။
ညီမလေးရဲ့  လက်ရာကောင်းကောင်းဟင်းတွေ၊ ခဏခဏ စိတ်ကောက်ပြီး
အင်္ကျီမီးပူတိုက်ပေးတတ်တာ လွမ်းတယ်။
အငယ်ဆုံးမောင်လေးရဲ့  လိမ္မာတတ်တာတွေ လွမ်းတယ်။

ရိုးမတောင်ခြေက မှိုင်းမှိုင်းပြပြ အလင်းနဲ့  ဆိတ်ဖလူးပန်းနံ့ က အိပ်မက်မှာတောင် အလည်ရောက်လာတယ်။ တပင်လုံး ဖြူဆွတ်အောင် ပွင့်တတ်တဲ့ ယုဇနပင်က လရောင်အောက်မှာ တဖိတ်ဖိတ်လက်လို့ ။
အနားမှာ "ညို" လို့ ခေါ်တဲ့  အချစ်ဆုံး ခွေးမလေးနဲ့ နှစ်ယောက်ယှဉ်ပြီးအိမ်ရှေ့ က ခုံတန်းလျားလေးမှာ ကြယ်တွေကြည့် ခဲ့ဘူးတယ်။
သီတင်းကျွတ်မှာ တအိမ်သားလုံး ဘုန်းကြီးကျောင်းမှာ အလှူသွားလုပ်နေတော့ အိမ်ပြန်လာပြီး သော့မေ့ခဲ့တဲ့ ကိုယ့်အပြစ်ကြောင့် ခေါစာပစ်ထားတဲ့  မုန့် ဆီကြော်ကို ညို နဲ့  တစ်ယောက်တ၀က် စားခဲ့ရတာ သတိရတယ်။ အဖေ့အသံကြားရင် အသံစာစာနဲ့  ဆူညံနှုတ်ဆက်တတ်တဲ့ ဂီးဂေါ် ဆိုတဲ့  လည်ပင်း ရှည်ရှည် ဘဲစုံတွဲရော နေကောင်းရဲ့ လား။
အိမ်ရှေ့ က ၀ရံတာမှာ မနက်ခြောက်နာရီခွဲတာနဲ့ ရောက်လာတတ်တဲ့  နွေဦးရာသီ မနက်အလင်းရောင်ကို ချစ်တယ်။ မြက်ပင်ရှည်တွေပေါ်မှာ တွဲခိုနေတဲ့  နှင်းရည်တွေကို ချစ်တယ်။ မီးခိုးနဲ့  ဆောင်းငွေ့  တောင်ခိုးတွေ ရောနေတဲ့ လမ်းမီးတိုင်အောက်က မြင်ကွင်းကို ချစ်တယ်။
မိသားစုတွေ ဆုံတဲ့အခါ အဖေ ကြော်ကျွေးတဲ့ ဆီထမင်းကို တမ်းတမိတယ်။ အထက်တန်းကျောင်းသူ ဘ၀က အဖေနဲ့  အတူတူသွားခဲ့တဲ့ တောင်တက်ခရီးကို သတိရတယ်။ ဧရာဝတီမြစ်ကို အဖြူရောင် ဖဲပြားလေးလိုသာ မြင်ရတဲ့ တောင်ထိပ်က ဘုန်းကြီးကျောင်းမှာ တညတည်းရင်း တသက်လုံး အတွက် အသုံးဝင်တဲ့ သင်ခန်းစာ တချို့ ကို ပြောခဲ့တယ်။ တောလမ်းကြမ်းကြမ်းကို ကျောပိုးအိပ် ရေဘူး သယ်ရ၊ ရိုးမနားရောက်ခါနီး မတ်စောက်တဲ့ ကျောက်တောင်ပေါ် ကုတ်ဖဲ့တက်ရနဲ့ ရုပ်ရှင်တွေထဲကလို စိတ်ကူးယဉ်စရာ မကောင်းဘူးလေ။
ဒီတောင်ပေါ်မှာ ဘုရားတည်နေတဲ့ အဖွဲ့ အတွက် နို့ ဆီလို လက်ဘက်ခြောက်လို ရိက္ခာခြောက်တွေ လာလှူတာ။ တောင်ပေါ်ရောက်တာနဲ့  ငြီးညူမိတဲ့ ကိုယ့်ကို အဖေက လေအေးလေးနဲ့ ပြောတယ်။ သမီးကြီး တဖြစ်တောက်တောက်ပြောနေရုံနဲ့  ပိုပြီးနေလို့ ထိုင်လို့ ကောင်းမလာဘူး။ အဲဒီ အကျင့်က ဘာမှ ကောင်းကျိုးမပေးတဲ့အပြင် တဘ၀လုံး ပါသွားနိုင်တဲ့ အကျင့်ဆိုး။ အခုတောင်ပေါ်ကနေ လှမ်းကြည့်စမ်း။ ဟိုမှာ မြင်နေရတာ ဧရာဝတီလေ။ သမီးနောက်ဆို တော်ရုံနဲ့ ရောက်မှာ မဟုတ်ဘူး။ ရောက်ချင်မှလဲ ရောက်မှာ။ ဒီမှာ အေးအေးဆေးဆေးနားပြီး ကုသိုလ်ကောင်းကောင်းယူတဲ့။
အဲဒီတုန်းကတော့ အဖေ့စကားဆိုရင် ကြောက်လို့ နားထောင်လိုက်တာပါပဲ။ ဒါပေမဲ့ လက်တွေ့ မှာ တကယ်ကို အသုံးဝင်တဲ့ နည်းတစ်ခုဖြစ်ခဲ့တယ်။ တခုခု အတားအဆီးကြောင့် စိတ်ဓါတ်ကျရင် မငြီးညူမိအောင် နေတတ်လာခဲ့တယ်။ တဖြစ်တောက်တောက်ကလဲ အနှုတ်လက္ခဏာမှန်း ပိုသိလာတော့ အဖေ့ကို ကျေးဇူး ခဏ ခဏ တင်မိတယ်။
အဖေ့ရဲ့  မိသားစုကို ချစ်တဲ့ တန်ဘိုးထားတဲ့စေတနာကြောင့် ဘ၀ကနေရတာ အမြဲလုံခြုံတယ်။
တလောကလုံး လက်မခံနိုင်တဲ့ အပြစ်တစ်ခု (ခြေချော်လက်ချော်) မှားခဲ့ရင်တောင် ကိုယ့်နောက်မှာ ကိုယ့်ကို အမြဲချစ် နားလည်တဲ့ အဖေနဲ့  အမေရှိနေတယ်လို့  ခံစားရတယ်။ ဒါ့ကြောင့်လဲ ကိုယ်ဘယ်တော့မှ မဆိုးခဲ့ဘူး။
အမေကတော့ အမြဲအားပေးတဲ့သူ။ အမေက ခေတ်မှီတယ်။ ကိုယ်ဆယ်ကျော်သက် ဘ၀မှာ တိုင်ပင်စရာက အမေပဲ။ လမ်းလျှောက်တာ ၊ ကိုယ်နေမတ်မတ် နေတတ်ဘို့ ၊ တကိုယ်ရေ သန့် ရှင်းဘို့ ၊ စိတ်နဲ့  မျက်နှာအမူအရာ နဲ့ တွဲပြီး ပြုံးပြုံး ရွှင်ရွှင်ရှိတတ်ဘို့ ၊ ကိုယ့်အားကိုယ်ကိုးတတ်ဘို့ ၊ ပညာကို တန်ဘိုးထားဘို့ ၊ တစိုက်မတ်မတ် ကြိုးစားဘို့ ။ အမေက ကိုယ့်အတွက် တကယ့်ဆရာရင်းပါပဲ။ ဆယ်ကျော်သက်မှာ ဖြစ်တတ်တဲ့ လှုပ်လှုပ်ခတ်ခတ် စိတ်ကို အမေက ကိုယ်ဝါသနာပါတဲ့ ခရီးထွက်တာ၊ သီချင်း၊ စာအုပ်တွေနဲ့  ထိန်းပေးခဲ့တယ်။ အဖေရော အမေပါ ၀န်ထမ်းတွေဖြစ်တော့ အမြဲတော့ ကိုယ့်တို့ ကို မကြည့်နိုင်ဘူး။ ယုံတယ် ဆိုတဲ့စကားလေးကတော့ အမြဲပါတယ်။ အမေဆို ပင်ပန်းရှာတယ်။ အမေက သူနာပြု တစ်ယောက်ပါ။ ကိုယ်တို့ ဒေသက ရခိုင်ရိုးမတောင်ခြေမှာ ဆိုတော့ ငှက်ဖျားပေါသလောက် ကြောက်စရာကောင်းတယ်။ အရင်ကဆို ဆေးမှူးအမြဲ မထိုင်နိုင်ဘူး။ ကိုယ်မှတ်မိသလောက်ကတော့ အမေက လုံချည်တိုတို ၀တ်ပြီး အမျိုးသားဆောင်၊ ပြင်ပလူနာဌာန နဲ့  အမျိုးသမီးဆောင် တွေကို ခေါက်တုံ့ ခေါက်ပြန် round ပြီး အလုပ်ရှုပ်နေခဲ့တာပါပဲ။ အရေးပေါ် အခြေအနေကြောင့် ပြည်ဆေးရုံ ကို လူနာသွားပို့ တဲ့သူတွေနဲ့  ဆေးရုံမှာ medical cover တွေ မရှိတဲ့ အခါများပေါ့။ အမေက အလုပ်အရမ်းလုပ်တယ်။ အလုပ်နဲ့  လက်ပြတ်တယ်ကို မရှိဘူး။ စေတနာလဲကောင်းတယ်။ အပြောအဆိုကလဲ နူးညံ့တယ်။နှစ်30 လောက်ရှိတဲ့ ဆေးပညာအတွေ့ အကြုံရှိတယ်။ အမေ့ဘေးမှာ နေရရင် အရမ်းပျော်စရာကောင်းတယ်။ အိမ်ပြန်ရောက်သွားရင် အမေက လက်သည်းညှပ်ပေးတုန်း။ ထမင်းခွံ့ တုန်း။ နေမကောင်းရင် အမေ့ကိုပဲ phone ဆက်ပြီးမေးတယ်။ အမေ on ပေးတဲ့ဆေးပဲ သက်သာတယ်လို့ ထင်မိတာကိုး။ အမေဆေးထိုးပေးရင် လုံးဝမနာဘူးလေ။
ဒါပေမဲ့ ကိုယ်က မိသားစုနဲ့ ဝေးနေရတာ 10 နှစ်လောက်ရှိပြီ။ မြန်မာပြည်မှာ ရှိတုန်းကလဲ အလုပ်ထဲ
နစ်နေတာနဲ့ အိမ်ကို တစ်နှစ်မှ တစ်ခေါက် နှစ်ခေါက်သာရောက်တယ်။ အခုတော့ ပိုပြီးဝေးရပြီပေါ့။ ဒါပေမဲ့  စိတ်ထဲမှာတော့ အမြဲနီးပါတယ်။
အိမ်ကိုလွမ်းတဲ့  အလွမ်းနာက ကိုယ့်အတွက် ခွန်အားပါ။

4 comments:

ရှင်သန်မှု said...

အခြေအနေအရအဝေးရောက်နေပေမယ့်အိမ်ကိုလွမ်းကြတာသဘာဝပဲလေ.. အလုပ်ကောင်းကောင်းအမြန်ဆံးရပါစေလို့ဆုတောင်းပေးနေမယ်...

Khayae Nyo said...

သူ့အတွက်
အလိုလားဆုံးရင်ထဲက
ဖြစ်ချင်တဲ့ဆန္ဒလေးတခု၊
ုတည်ဆောက်ချင်တဲ့
ကမ္ဘာလေးတခု
မျှော်လင့်ခြင်းများစွာနဲ့၊
ရင်ထဲကခံစားမှုတခု
အငြိမ်းချမ်းဆုံး
အဖြူစင်ဆုံး၊
ရင်ထဲကလာတဲ့
ချစ်မေတ္တာနဲ့
နွေးထွေးစွာ၊
ကြင်နာယုယစွာနဲ့
တည်ဆောက်ချင်တဲ့
အကြင်နာအေးရိပ်
အိမ်ကလေးပေါ့။

ရှင်သန်မှု said...

အလုပ်ရပြီလားဟင်.

ရှင်သန်မှု said...

အလုပ်အကိုင်အဆင်ပြေသွားပြီလားဟင်