Monday, July 6, 2015
နှလုံးသားချင်း သိနားလည်
ဒီလိုနဲ့  တနေ့ နေ့ တော့ ကျွန်မ ရှင့်ကို မေ့ လိုက်မိဦးမယ်။
အရာရာ စိမ်းစိုလတ်ဆတ်ဆဲ ဒီတခဏ
ရှင် ကျွန်မ ကို ချစ်တဲ့အကြောင်း ထပ်ပြောပါ။
ကျွန်မ အကြိုက်ဆုံး ရှင့်အပြုံးကို ထပ်မြင်ပါရစေဦး။
လွတ်လပ်တဲ့ ခွင့်လွှတ်တဲ့ ကြည်လင်တဲ့ အပြုံးမျိုးလေ။
ဦးနှောက်က မေ့သွားပေမဲ့ နှလုံးသားက မမေ့နိုင်တဲ့ အပြုံးမျိုး။
တခါလောက် ကျွန်မကို ပွေ့ ဖက်ပါ။
နှလုံးသားက မမေ့နိုင်မဲ့ နွေးထွေးမှုမျိုး။
ဦးနှောက်က မေ့သွားခဲ့ရင်တောင် နှလုံးသားက မှတ်မိနားလည်နိုင်တဲ့ နီးကပ်မှုမျိုး။
.....................................................................................................
CT scan မှ ထွက်လာသည့် အဖြူ အနက် ကော်ပြားကို ကြည့်နေသည့် ဆရာဝန်ရဲ့ ဗလာ မျက်နှာ။ ပျော်ရွှင်မှု စိတ်မကောင်းမှု ဘာမှမရှိတဲ့ ဗလာမျက်နှာ။ ပြီးတော့ သောက်ရမဲ့ ဆေးများ။ ဆောင်ရန်  ရှောင်ရန်များ။ သူမ စိတ်ရှုပ်ထွေးစွာ မေးပြီးသား မေးခွန်းတချို့ ထပ်ခါထပ်ခါမေးခဲ့သည်။
"ဆရာပြောတဲ့အတိုင်းဆို ဒီဆေးတွေက ကျွန်မ အာရုံကြော ရောင်တဲ့ရောဂါ သက်သာဘို့  ကျွန်မ မတွေးနိုင် အောင် သူတို့ လုပ်တော့မှာပေါ့နော် ဆရာ။"
ဆရာဝန်က ခေါင်းညိတ်ရင်း ထပ်ပြောသည်။
"ဟုတ်တယ် ဒီဆေးသောက်နေစဉ် အတွင်း သူတို့ က မင်းကို ထိုင်းမှိုင်းစေမယ်။ သဘောက အရမ်းပင်ပန်း အလုပ်များ ဖိအားများနေတဲ့ မင်းရဲ့ အာရုံကြောတွေကို အနားပေးစေချင်လို့ ပါ။ တတ်နိုင်သလောက် ဘာမှ မတွေးပါနဲ့ ။ ဆေးရဲ့ အာနိသင်ကို ခုခံပြီး တွေးမယ် စဉ်းစားမယ် ဆိုရင် ဘာမှ သိပ်ထိရောက်မယ် မဟုတ်ဘူး။"
"ကျွန်မ အလုပ်နဲ့  အဆင်ပြေပါ့မလား ဆရာ။"
"ပြောရမှာ စိတ်မကောင်းပါဘူး မာယာ ။ ဒီအသက်မွေးဝမ်းကြောင်း ပညာက မင်းရောဂါနဲ့  မလိုက်ဖက်ပါဘူး။ တခြားပေါ့ပေါ့ပါးပါး အလုပ်မျိုးက ပိုအဆင်ပြေမှာပါ။ စိတ်ပင်ပန်းမှုပြေစေမဲ့ ပန်းချီဆွဲတာ... ဂစ်တာတီးတာမျိုး တယောထိုးတာမျိုးလို ဖြစ်ဖြစ် အနုပညာ တခုခုကို လုပ်တာလဲ စိတ်အာရုံကို တည်ငြိမ်လန်းဆန်းစေတယ်.. အဲဒါမျိုး လုပ်ဘို့ လဲ တိုက်တွန်းချင်တယ်.. "
အဲဒီ ထိုင်းမှိုင်းလေးလံခြင်းနောက်မှာ သူမ ဘယ်အရာတွေ ဘယ်လောက်အခြေအနေ အထိ ဆိုးရွားစွာ ကျော်ဖြတ်ရလေမလဲ။ ကြည့်သာကြည့်နေမိ သေချာ နားမလည်သည့် ဓါတ်မှန်ပြားကို နောက်ဆုံး တခေါက်ကြည့်ပြီး အမှိုက်ပုံးသို့  ပစ်ထည့်လိုက်သည်။ ချွေးစီးပြန်နေသည့် သူမလက်တွေကို ဆေးရုံ သန့် စင်ခန်း တခု အတွင်း ဝင်ဆေးရင်း သန့် စင်ခန်း မှန်မျက်နှာပြင်မှာပေါ်နေသည့် သူမ အရိပ်ကို ကြာရှည်စွာ စိုက်ကြည့်နေမိသည်။ ခေတ်ရဲ့ မိန်းမပျိုတစ်ယောက်။ လို - တ - ရ ဘဝ မဟုတ်ခဲ့ပေမဲ့ သူမရယူချင်သည်များကို သူမ လက်ဖဝါး ခြေဖဝါး မှ ရနိုင်သည့် အခြေအနေ။ သူမကြိုးစား ပြုံးကြည့်သည်။
မျက်နှာပြင်ပေါ်က အတွန့် အကွေးတွေက အပြုံးမှ ဟုတ်လေရဲ့လား မသေချာ။ ကံတရားက ဒီလို ကြည်စယ်မယ်လို့  သူမ မတွေးဘူးမိ။ သူမကျောပေါ်မှာ ဒဏ်ရာတချို့ ရှိခဲ့စေဦးတော့ မက်မော တွယ်ဖက်ထားချင်စရာ ဘဝဆိုသည့် ရေအိုင်ကြည်လေးရဲ့ အေးမြမှုက သူမပင်ပန်းသမျှကို အမောပြေစေခဲ့သည်။
သိပ်များမကြာတင်မီ ပိုဆိုးလာသော ဒဏ်ရာနှင့် မေမေ့ တိုက်တွန်းချက်ကြောင့် နောက်တခါ ဆေးခန်း ပြန်ပြချိန်တွင် သူမ ခေါင်းထဲတွင် အကြိတ်တခု ရှိနေတာ သေချာသွားသည်... 
ဝေဝါးဝါး ကြောက်စိတ်နှင့် အတွေးတချို့ ၊  တရေးနိုး ညနက် များကို  ဖြတ်သန်းရင်း  နောက်ဆုံးတော့ ဖြစ်သင့်တာ ဆုံးဖြတ်နိုင်ဘို့  သူမ အနိုင်နိုင် ကြိုးစားခဲ့ရသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
 နေရောင်ခြည်ဖျော့ဖျော့က အဝါရောင်ခန်းစီးစ ရှည်ကို ဖြတ်ပြီး သူမ မျက်နှာပေါ် ကန့် လန့် ဖြတ် စီးဆင်းနေသည်။ အမြင်အာရုံ စုစည်းစဉ် စိုးရိမ်တကြီး စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံက စီးမိုး၍..။
အမေ...
သူမ အပြုံးတွေ မပီပြင်လင့်ကစား တွန့် ကွေးနေတဲ့ မေမေ့  မျက်မှောင် နှစ်စ က ပြေပြစ်သွားသည်။
"သမီး ဘယ်လိုလဲ နေကောင်းလား"
အိပ်ယာကို သပ်ရပ်အောင်ပြင် ပြူတင်းပေါက်တံခါးကို ကျယ်ကျယ်ဆွဲဖွင့် အဝါရောင် နှင်းဆီရိုင်းတွေ ထိုးထားသည့် ပန်းအိုးလေးကို နေရာချရင်း တဆက်တည်း မေမေက ပြောသည်.. "ဒီနေ့   August လ ၉ ရက် ၂၀၁၂ .. ကြာသာပတေး နေ့  သမီးရဲ့...  သမီးလေး ခေါင်းကိုက်လို့  အမေ့အိမ်ပြန်ရောက်နေတာ ၁ နှစ်ကျော်ရှိပြီ.. မနှစ်က ဒီအချိန် ငါ့သမီး ခေါင်းကို ခွဲစိတ် ကုသခဲ့တယ်... ကံကောင်းတယ် သမီး... သမီး ခေါင်းထဲက အကြိတ် တခု ကြောင့် အာရုံကြောတွေ ရောင်နေခဲ့တယ်.. အဲဒီအကြိတ်ကို အခု ထုတ်ပြီးသွားပြီ။ ကင်ဆာအဆင့်ထိ မရောက်လိုက်ဘူးပေါ့ သမီးရယ်"
သူမ ကရုတစိုက် နားထောင်နေသည်... မေမေက သူမ ပုခုံးတွေကို ပွေ့ ဖက်ရင်း...
" ဒါပေမဲ့ operation အပြီးမှာ သမီးလေးက အကုန်လုံးကို မမှတ်မိနိုင်တော့ဘူး။ သမီးရဲ့ မှတ်မိနိုင်တဲ့ မှတ်ဥာဏ်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ ရပ်နေပြီး..သမီးရဲ့ နေ့ တိုင်း အိပ်ယာထ မနက်တိုင်းမှာ သမီးဟာ ၂၀၁၁ လောက် က အချိန်တခုမှာပဲ ရှိနေမယ်လို့  ထင်နေလိမ့်မယ်"
သူမ ဇဝေဇဝါ အံ့အားသင့်စွာ မော့ကြည့်သည်။
"ဒါဆို သမီးအလုပ်ရော မေမေ။ ပြီးတော့ မေမေ အရမ်းပင်ပန်းမှာပေါ့"
သူမ မျက်ရည်တွေကျလာသည်။ မေမေက မျက်ရည်တွေ သုတ်ပေးရင်း ဖြည်းငြင်းစွာ ဆက်ပြောသည်။
" ငါ့သမီးလေး နေ့ တိုင်းနီးပါး ငိုရတာ ပင်ပန်းတယ်။ ငါ့သမီး မေမေ နဲ့  ရှိနေတာကိုက ကံကောင်းလှပြီလေ။ မဟုတ်ရင် ၁ နှစ် ၂ နှစ်နေမှ လေး ငါးရက် တွေ့ ရတဲ့ သမီး။ မပင်ပန်းပါဘူး သမီးရယ်။ ကံကောင်းရင် အားလုံးပြန်မှတ်မိနိုင်တာလဲ ရှိတာပဲ။ အားမလျှော့ဘို့ ပဲ လိုတာ"
" အို....မေမေ.. ကျွန်မကို ဒီအကြောင်းတွေ နေ့ တိုင်း ပြောပြရတာလားဟင်" မျက်ရည်တွေကြားက မေးတော့... မေမေက ပြုံးရင်း ခေါင်းညိတ်ပြလေသည်။
ဒီလိုနှင့်သူမသည်နေ့ တိုင်းသော နေ့ သစ်များတွင် နေထိုင်ခဲ့သည်။ တခါတလေ ၁ နာရီမျှ အချိန်ယူပြီးနောက်  ရီရီမောမောဖြစ်ကာ လက်ရှိအခြေအနေကို လက်ခံလိုက်နိုင်သော်လည်း တခါတရံများစွာမှာ သူမ တိုင်ပင်ပြသ နေကျ ဆေးရုံရှိ ဆရာဝန်ဆီသို့  မေမေက လိုက်ပို့ တတ်ရသည်။ ဆရာဝန်က သူမကို တွေ့ တော့ ပြုံးကာ ရယ်ကာ သူမ နာမည်ကို တရင်းတနှီး ခေါ်၍ နှုတ်ဆက်သည်။
" ငါ့သမီး ရှင်မာယာ တစ်ယောက် ရောက်လာပြန်ရော... ကဲ..လာပါဗျာ ... စကားပြောရအောင်"..
" မာယာ့အခြေအနေက တည အိပ်ရာဝင်ပြီး နောက်တနေ့ မနက်မှာ ကွန်ပြူတာကို format ချလိုက်သလို memory အသစ်နဲ့  ပြန်ဖြစ်သွားတတ်သလိုမျိုးပေါ့ သမီးရယ်။ သမီးလိုပဲတခြား ဘဝတူတွေရှိတယ်သမီးရဲ့။ တစ်ယောက်ဆိုရင်ကွယ် သူ့  ရဲ့ မှတ်ဥာဏ်က စက္ကန့်  ၃၀ - တမိနစ်အထိ ပဲ မှတ်မိတယ်။ စက္ကန့်  ၃၀ ရဲ့နောက်မှာ သူဟာ အရာရာ အသစ်ပြန်ဖြစ်သွားပြန်ရော သမီးရဲ့"
ဆရာဝန်ကြီးနဲ့ အတူ လူနာတချို့ ကို လိုက်ကြည့် နှုတ်ဆက်မည်။ သူမလိုပင် ဘဝရဲ့ မှတ်ဥာဏ်တစိတ်တပိုင်းပျောက်ဆုံးနေသောသူတချို့  နှင့် တဘဝလုံးနီးပါးပျောက်ဆုံးနေသော သူတချို့ နှင့် စကားလက်ဆုံပြောမည်။  ထို့ နောက်မှာ အိမ်ပြန်လာကြမည်။ မေမေ နဲ့  အတူ ညနေစာ ကူချက်မည် ။ညနေ နေကျချိန်မှာ  တောင်အစွန်းက ကွေ့ ဝိုက် ထွက်လာတဲ့ မြစ်လက်တက်လေး၏ ကမ်းနဖူးမှာ ထိုင်ရင်း မနက်ဖြန်မှာ နောက်တခေါက်ထပ်မေ့သွားမည့် ကိုယ့်အကြောင်းကိုယ်စဉ်းစားမည်။ ပြီးတော့ မနက်ဖြန်မနက်မှာ ဖတ်ဖြစ်ရင် ဖတ်ဖြစ်မဲ့ ဒိုင်ယာရီလေး ရေးမည်။ ဆိတ်ဖလူးပွင့်လေးတွေ ကောက်၊  ဘုန်းတော်ကြီးကျောင်းအတွင်းရှိ လျောင်းတော်မူ ရုပ်ပွါးတော်ရှေ့ တွင် လှူပြီး ငြိမ်ငြိမ်ဆိတ်ဆိတ် တွေးမည်။
တက္ကသိုလ်မှ အငြိမ်းစားဆရာမ တစ်ဦးဖြစ်သူ မေမေသည် အလုပ်များတစ်ဦးဖြစ်သည်။ သူမတို့ အိမ်အနီးမှ ဘုန်းတော်ကြီးကျောင်းတွင် မှီခိုနေထိုင်သူ ကလေးများအတွက် အချိန်ပိုင်း ပညာဒါန စာပြပေးပြီး ညနေပိုင်းတွင် သားဖြစ်သူ၊ သူမ၏ အကို ပန်းထိမ်ဆိုင်အတွက် ကူညီပေးပြီး မြေးကူထိမ်းတတ်သည်။ နှစ်နှစ် အရွယ် သူမ၏ တူလေးကို သူမ မမှတ်မိတတ်။ သူမကို အလွန်ခင်တွယ်သော ကလေးကို သူမ ပြုံး၍သာ ငေးကြည့်တတ်သည်။
တခါတလေများမှာလဲ မေမေ အလုပ်များသည့်အခါ သူမ ဘာသာ နိုးထ လာတတ်ပြီး လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က အချိန်ပြန်ရောက်ကာ တယောက်တည်း တွေးတတ်သည်။ ခေါင်းကိုက်ဘယ်လို  များ ပျောက်နေပါလိမ့် ဆိုတာမျိုး..။ အလုပ်တွေ ပစ်ထားခဲ့ပြီး အားလပ်ရက် အိမ်ပြန်လာသလို ဝါဂွမ်းကဲ့သို့  လွင့်မျောကာ သူမ အခန်း အပေါ်ထပ်မှ လှမ်းစီးမြင်နေရသည့် မြစ်ငယ်လေးကို တမွန်းလွဲအောင်ထိုင်ကြည့်မည်။ Magazine အဟောင်းတွေသာရှိသည့် သူမ မေမေ၏ စာအုပ်စင်ကလဲ သူမကို ခုနှစ် သက္ကရာဇ်များနှင့် ပတ်သတ်၍ အနှောင့်အယှက် မပေးတတ်ချေ။
အရာအားလုံး သည် သူနှင့် မဆုံခင်အထိ လိုက်လျောတပြေ ရှိခဲ့ခြင်းဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
Saturday, March 14, 2015
ကိုယ့်မျှော်လင့်ချက်နွေဦး
ကိုယ်အလွန် မျှော်လင့်နေတဲ့ အမှာပစ္စည်းတခုအတွက် ရောင်းသူက ကိုယ့်ဆီ စာပို့ လိုက်တယ်။
ချစ်တဲ့ Grace
မင်းမျှော်လင့်တဲ့ ပြီးပြည့်စုံတဲ့ နွေဦးတခု မကြာမီ ရောက်လာတော့မှာပါ။
လှပတဲ့ နွေဦးမှာ နွေးထွေးတဲ့ လေပြည်ညင်းရယ် မင်းအကြိုက် သစ်တောရိုင်းနံ့ စိမ်းပျပျနဲ့ အတူ ကျေးသားလေးတွေ သီချင်းဆိုသံတွေ ပါလိမ့်မယ်။
မင်းရင်ခုန်သံ ခပ်စိပ်စိပ် ကြားနေရမဲ့ မျှော်လင့်ချက်တွေလဲ မင်းတောင်းဆိုချက်အတိုင်း အတူထုပ်ပိုးထားတယ်။
ငါတို့  ကံကြမ္မာ ရောင်းဝယ်ပို့ ဆောင်ရေးအတွက် မင်းဟာ အရေးပါတဲ့ စားသုံးသူတစ်ယောက်ပါ။
အတုံ့ အလှည့် ဆိုတဲ့ ကုန်သွယ်စာချုပ်မှာ ပါတဲ့အတိုင်းပဲ မင်းမှာ တင်ရှိသမျှ ဘဝကြွေးတွေ ပေးဆပ်ပြီးတဲ့အခါ  ပျော်ပျော်ရွှင်ရွှင် "စံ"ပါ။
အတုံ့ အလှည့်ရဲ့ မူအတိုင်း အကောင်းဆုံးတွေကို ဝေငှပါ။ အတုံ့ အလှည့်ရဲ့ ပြဌာန်းချက်အတိုင်း နာကျင်မှုတွေက သင်ခန်းစာယူပါ။
ဓမ္မ ဘက်က ရပ်တည်တဲ့ အခါ အဓမ္မ သမားတွေဟာ နာနာကျည်းကျည်း ထိုးနှက်တတ်ကြလို့  အဲဒီအတွက် ပြင်ဆင်ပါ။
ခရမ်းပြာပန်းတွေ ဝေချိန် ကျောင်းခေါင်းလောင်းသံ သာချိန်မှာ မင်းရဲ့ အမှာပစ္စည်း မင်းလက်ဝယ်ရောက်လိမ့်မယ်။
အကြောင်းကြောင်းကြောင့် နောက်ကျနေမှုကို နားလည်စိတ်ရှည်ပေးတဲ့ မင်းကို ကျေးဇူးသိပ်တင်ပါတယ်။
ရောင်ချည်ဖြာလင်းသော နှစ်သစ်တခု ဖြစ်ပါစေ။
သင်၏ ဖြောင့်မတ်သော
ကံကြမ္မာ
Monday, January 5, 2015
စိတ်.. ကြိုး
ခန္တာကိုယ် အပူရှိန်က ရှိသင့်တာထက် ပိုမိုသာလွန်နေပြီး နှုတ်ခမ်းတွေ ခြောက်ကွဲနေတယ်။ မျက်နှာကျက်ဟာ ပူစီဖောင်း အကြီးကြီး တခုလို လုံးဝန်းကာ အလွန်တရာ နှေးကွေးစွာ သို့ သော် အဆမတန် လေးလံသော အရာမှန်း သိသာစေကာ သူမ မျက်နှာဆီ နီးကပ် ပိကျ လာခဲ့တယ်..။ မျက်လုံးတွေ တအားမှိတ်လိုက်ပြီး မျက်နှာချင်း မဆိုင်ရဲစွာ မျက်နှာကို တဘက်လှည့်လိုက်တယ်။ လေနွေးနွေးက မျက်နှာဆီ တိုက်ခတ်လာတယ်။ သူမ ဆံပင်တွေ လွင့်မျောနေတာပါလား။ အခိုး အငွေ့ တွေ ကြားထဲ သူမ လမ်းလျှောက်နေတယ်..။ သူမ ဘေးမှာ အမျိုးအမည်ပေါင်း များစွာသော့ အရာတွေက စီးမြောလို့ ။ တစုံတခုကို အသာအယာ ဖမ်းဆုပ်လိုက်တော့ ဓါတ်ပုံ မှန်ဘောင်လေးတခု.. ပြုံးပျော်နေတဲ့ မိသားစု တခုပုံ... ဒါ ဘာတွေလဲ... သူမဘေးကို တိတ်ဆိတ်စွာ လာရပ်သူ တဦးက ဓါတ်ပုံလေးကို လှမ်းယူကာ ဖြေတယ်။ ဒါ ငါငယ်ငယ်က စိတ်ကူးခဲ့တဲ့ မျှော်လင့်ချက်တွေပေါ့။ ဒါပေမဲ့ ဘယ်တော့မှ လက်တွေ့ ဖြစ်မလာနိုင်တော့တဲ့ ကိစ္စတခုဆိုပါတော့။ အို... သူမ ဆွံ့ အစွာ အညှို့ ခံရသူလို ဆက်လက် စီးမျောနေပြန်တယ်။ အနိမ့်အမြင့်မရှိ။ တသမတ်တည်း။
ဖြေးငြင်းစွာ ဝေ့လည်လာတဲ့ lego အတုံးလေးတခုကို လှမ်းဖမ်းဆုပ် လိုက်တယ်။ လက်ဖဝါးတွေ ဖြန့် ကြည့်တော့ သစ်သား အိမ်ခေါင်မိုး အပိုင်းအစ လေးတခု။ ပြီးတော့ ဝေါကနဲ ပြိုကျ လွင့်စင် သွားတဲ့ အသံနဲ့  ငိုသံတချို့  ရယ်သံတချို့ ... သူမ ပို နားစိုက်ထောင်လိုက်မိတော့... ဒါတွေဟာ သူမ ကိုယ်တိုင်ပါလား။
ညီမငယ်လေးရဲ့ တောက်ပ ကြည်စင်သော မျက်ဝန်းများနဲ့  စိတ်ရှည် သပ်ရပ်သော လက်ဝဝ ကစ်ကစ်ကလေးတွေ။ lego တပိုင်းချင်းစီ ကောက်ယူပြီး မင်းသမီးလေး နေသော ရဲတိုက် ဆောက်လိုက်... ဘဲကြီး နှစ်ကောင်အတွက် ရေကန်တွေ မြက်ခင်းတွေပါသော အိမ်တလုံးဆောက်လိုက်နှင့်။ သူမ သည် ညီမငယ် တည်ဆောက်သော အရာဝတ္တုတိုင်းကို စိတ်တိုင်းမကျခဲ့။ ထို model များကို သူမ လက်နှင့် ရှုပ်ဖွ ဖျက်စီးကာ အိမ်တလုံး သူမ စိတ်တိုင်းကျ ထပ်ဆောက်ဘို့  ကြိုးစားခဲ့သည်ချည်း။ သူမ လက်နှင့် ရှုပ်ဖွ နေစဉ်မှာပင် ညီမငယ်လေး၏ အံ့ဘနန်း စိတ်ကူးများကို ကရုပြုတတ်မိပြီး ထိုကရုပြုမိသော အချိန်သည် စက္ကန့် အနည်းငယ်စာ နောက်ကျနေကာ model ကို ဖျက်စီးပြစ်လိုက်ပြီးပြီပင်။ ညီမငယ်က သူ့  အိမ်ကလေး ပျက်စီးသွားလို့  အော်ငိုတဲ့အခါ သူမ က အော်ဟစ်ငိုယိုနေသော ညီမငယ်၏ ချစ်စရာဟန်ပန်ကို ကြည့်ကာ အော်ဟစ် ရယ်မောမည်...။
တနေ့ မှာ ညီမငယ်က သူတစ်ယောက်တည်း သတ်သတ် ကစားလို့ ရမည့် lego တဆက်စာ ဝယ်ပေးရန် သူမမှ တဆင့် မိဘများကို တောင်းဆိုခဲ့တယ်။ မမ ဝယ်ပေးမယ်မှာပေါ့လို့  ခပ်ပေါ့ပေါ့ ကတိတခု ပေးလိုက်တော့ ဒါဆို ကြိမ်ပြ ဟုဆိုကာ သူမလက်ထဲ ထည့်လာသည်က ခေါင်မိုး အပိုင်းအစ သစ်သား lego တုံးလေး။ သူမက lego တုံးလေးကို လက်က ဆုပ်ကိုင်ရင်း ဘယ်ဘက် နှလုံးသားနေရာမှာ ကြက်ခြေခတ်ပြတော့ ကျေနပ်သွားတဲ့ ညီမငယ် မျက်နှာ က သူမ အသိထဲ တဖန် သစ်လွင် လတ်ဆတ်လာတယ်။ ဘဝတသက်တာလုံး သူမ၏ ညီမငယ်ကို နားလည်ဘို့  မကြိုးစားခဲ့ စိတ်မရှည်ခဲ့တာ သူမ ပြန်တွေးရင်း... မကြောက်တတ်သော သူမသည် ညီမငယ်၏ သူရဲကောင်း ဖြစ်သော်လည်း... သူမ ၏ မျက်ဝန်းအကြည့်တွင် ညီမငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတတ်တာ... မျက်မှောင်ကြုံ့  နှုတ်ခမ်းတင်းတင်းစေ့ထားတတ်သော သူမရှေ့ တွင် အလွဲလွဲအချော်ချော် စကားပြောတာ.. ဘာသာစကားခြင်း တူသော်လည်း အဓိပ္ပါယ် လွဲမှား နားလည်ခြင်းအတွက် ဒေါသကြီးရတာ....
သက်ပြင်းတချက် ရှူထုတ်ရင်း သူမ ဘေးကို လှည့်ကြည့်တဲ့အခါ သူမလိုပဲ လူတချို့ ကို တွေ့ ရပါရဲ့။ လွင့်မျောနေတဲ့ အပိုင်းအဆတချို့ ဟာရော  သူတို့ မှတ်ဥာဏ်တွေကို နှိုးဆွစေသလား နာကျင်စေသလား သူမ မခန့် မှန်းနိုင်ပါ၊
သူမ အိပ်ယာမှ တိတ်တိတ်ဆိတ်ဆိတ်ပဲ နိုးလာခဲ့တယ်... ပထမ ဆုံး သူမ လုပ်တဲ့ အလုပ်က စိတ်ဆိုး မာန်ဆိုး ပစ်ထားတာ ကြာပြီ ဖြစ်တဲ့ ညီမငယ် ဆီ ဖုန်းဆက်တာ...
"ဟဲလို မမ လား.."
" အေး ... new year လက်ဆောင်အနေနဲ့  နင့်ကို lego တဆက် ဝယ်ပေးမယ် ဆိုတာ ပြောမလို့ "
" သမီးက မမ မေ့နေပြီထင်တာ " ရီသံ စွက်နေတဲ့ ညီမငယ် အသံမှာ ပျော်ရွှင်မှုက စီးဝင်လို့  ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူမ အလုပ် စားပွဲပေါ်မှာ တယောက်ကို တယောက်လက်ဆွဲ နှုတ်ဆက်နေသော lego ရုပ်ကလေး နှစ်ခုရှိသည်။ တခုက ဓါတ်ငွေ့ ကာ ဝတ်စုံ ဝတ်ထားသော စစ်သားလေး ဖြစ်ပြီး နောက်တခု က ဂြိုဟ်သားလေး ဖြစ်သည်။ PORTL  ဆိုတဲ့ စာလုံးလေးများရေးထားသည်။ တစုံတယောက်က ဒီအရုပ်ကလေးတွေမှာ ဘာလို့  PORTL ဆိုတာရေးထားတာလဲ လို့  မေးလာခဲ့ရင်ဖြင့်...
ဒီအရုပ်ကလေး နှစ်ခုဟာ communication ကို အခြေခံတယ်။ သူတို့ ဟာ အခြေခံချင်း လုံးလုံးမတူကြဘူး... တယောက်က ကာကွယ်လိုစိတ် အပြည့်ရှိပြီး တစ်ယောက်က စူးစမ်းတတ်တယ်။ သူတို့ ဟာ သဘာဝချင်းမတူကြ ယဉ်ကျေးမှုခြင်းလဲ တူချင်မှ တူမယ် တီထွင် ဆန်းသစ်ပုံခြင်းလဲ အလွန်တရာ ကွာခြားလိမ့်မယ်... သူတို့ နှစ်ယောက် လက်ချင်းထိပြီး နှုတ်ဆက်ဘို့  နှလုံးသားခြင်း တူညီဘို့ အတွက် P.O.R.T.L ဆိုတဲ့ အချက်က အရမ်းအရေးပါတယ်..
P .. Patience ( စိတ်ရှည်ဘို့ )
O .. Open Minded ( ကြည်လင် သန့် ရှင်းတဲ့ စိတ်တံခါးတွေ ဖွင့်ထားဘို့ )
R .. Respect ( အပြန်အလှန် လေးစားဘို့  ) ( သူတို့ စာ တစ်ယောက်ကို တစ်ယောက်က မသိမသာ ဦးညွှတ်နေတယ်... သင့်မှာ တစ်ယောက်ကို တစ်ယောက် လေးစားသမှု မရှိပဲ အထိုက် အလျှောက် ပျောင်းနွဲ့  တဲ့ ခံစားချက် (flexible) ဆိုတာ မဖြစ်ပဲ လက်ချင်းထိဘို့ ရာ မဖြစ်နိုင်ဘူး)
T.. Team work ( ပူးပေါင်းလုပ်ဆောင်ချင်စိတ် မရှိပဲလဲ လက်ဆွဲ နှုတ်ဆက်ခြင်းဟာ ရာနှုံးပြည့် မပြီးမြောက်ဘူး)
L.. Listen ( တပါးသူရဲ့ စိတ် နှလုံးကို နားမစွင့်ပဲ ကိုယ်အသံသာ ကိုယ်နားထောင်တဲ့ တကိုယ်ကောင်း စိတ်မျိုးနဲ့ လဲ communication ကို ပြည့်စုံစေမှာ မဟုတ်ဘူး)
စိတ်ရဲ့ ကြိုးဟာ ချိတ်ဆက် ရစ်ပတ်နေသလို မပြတ်တောက်စေဘို့  ဒီလို အခြေခံ ဥပဒေသလေးတွေကို လိုက်နာရမှာပါ... သူမ သူငယ်ချင်း ပြောဘူးသလိုပေါ့...
without communication, there is no relationship.
without respect, there is no love.
without trust, there is no reason to continue.
Monday, November 24, 2014
ကမ္ဘာကြီးဟာ ကိုယ့်အိမ်ကိုယ့်ယာ
ခရီးတွေ ထွက်တာများတော့ မိနှစ်၂၀ လောက်အတွင်း အကုန်ပါအောင် အပြီးအစီး ထည့်တတ်လာတယ်။ သွားမယ်ဟေ့ဆိုတာနဲ့  အားလုံး ရယ်ဒီပဲ။ ဒါလေးတွေတော့ ကိုယ့် note ထဲ ထည့်ထားရတာပေါ့။ ကိုယ့်အတွေ့ အကြုံတွေ ရယ် အရင်က ဂူဂဲလ် ထားတာလေးတွေ ပေါင်းပြီး ဒီမှာ တင်လိုက်တယ်...။ ဘယ်နေရာ ရောက်ရောက် ကိုယ့်အိမ် ကိုယ်ယာလို ချောမွေ့ အဆင်ပြေပါစေ။
1) ဆပ်ပြာမှုန့်  - အိတ်ထဲမှာ ဆပ်ပြာမှုန့် လေး ထည့်သွားတယ်။ တခါတလေ လိုအပ်တာထက် ပိုကြာသွားတဲ့ ခရီးသွားရက်တွေမှာ ခြေအိတ်လို အတွင်းခံလိုမျိုးကို ဘေစင်မှာပဲ လျှော်ပြီး စိတ်သန့်  ကိုယ်သန့်  ဝတ်လို့ ရတာပေါ့။ ဘူးမှာ အိတ်မှာ Detergent လို့  စာလေး ကပ်ထားတာ ပို အဆင်ပြေတာပေါ့နော်။
2) အပ်ချည် နဲ့  အပ် - မတော်တဆ ပေါက်ပြဲသွားတွေ အတွက် အပ်ချည်လုံး သေးသေးလေး နဲ့  အပ်ဘူးလေးက travelling kit ထဲ မပါမဖြစ်။
3) baby wipes/ face wipes - တခါတလေ ရေလုံးဝ မချိုးရတဲ့ အခါမျိုးတွေ အတွက်။ တကယ်ပါ ရေလုံးဝ ချိုးဘို့ အဆင်မပြေတဲ့ ခရီးတွေ ရှိခဲ့တယ်။ တော်တော် အသုံးဝင်တယ်။
4) Passport စာအုပ်မှာ ကိုယ့် email လိပ်စာ ဖုန်းနံပါတ်တို့  ရေးထည့်ထားပြီး passport copy အနည်းဆုံး ၃ ခု လောက်ဆောင်ထားရန်။
5) အိမ်သုံးဆေး အနည်းငယ် ( ခြင်ဆေး cream ဝမ်းသွားတာ ခေါင်းကိုက်တာ ဖျားတာ တို့  အတွက် ကာကွယ်ဘို့  ဆေးအနည်းငယ်ဆီ ။ ပလာစတာ နဲ့  ဗိုက်တာမင် စီ )
6) ပိုက်ဆံကို ခွဲသိမ်းထားဘို့ ။ passport ပျောက် ပိုက်ဆံအိတ်ပျောက်သွားရင်တောင် ထမင်းစားဘို့ က လိုသေးတယ်မဟုတ်လား။
7)အဝတ်တွေ ခေါက်ထည့်မဲ့အစား လိပ်ထည့်သွားရင် နေရာကျဉ်းကျဉ်းနဲ့  ပိုဆန့် တယ်။
8) သွားမဲ့ နိုင်ငံရဲ့ မြေပုံ လေဆိပ်ရောက်တာနဲ့  ရှာယူထားတယ်။ ကိုယ့်နိုင်ငံထဲ ခရီးထွက်လဲ မြေပုံ အကြမ်း print ထုတ်ထားတယ်။
9) bank card က အလုပ်လုပ်ရဲ့လား။ Malaysia သွားတုန်းက oversea banking  လုပ်မထားမိတော့ တော်တော်ဒုက္ခများဘူးတာနဲ့  မှတ်သွားပြီ။
10) tissues ထုတ် တော့ တတ်နိုင်သမျှ သယ်တယ်။ အခုနောက်ပိုင်း လက်ဆေးရည်ပါ ဆောင်ဖြစ်တယ်။
11) ကြုံတဲ့နေရာ အိပ်နိုင်ဘို့  ကိုယ်ကတော့ ပုဝါတွေ ဆောင်ထားတယ်။ ခေါင်းပေါ် ခြုံပြီး အိပ်တာပဲ။
12) documents တွေ itineraries တွေ ထည့်ဘို့  အိတ်တခု ဆောင်ထားတယ်။ ခရီးသွားဘို့  စာရွက်တွေ အကုန် ပစ်ထည့်ထားတာပဲ။
13) ကိုယ်သုံးတတ်တဲ့ ဆပ်ပြာ သွားတိုက်ဆေး တွေလဲ travelling kit ထဲ ထည့်ထားတယ်။
14) အိတ် အပိုတွေ ထည့်ထားတယ်။ ဝတ်ပြီးသား အဝတ်ဟောင်းတွေ သတ်သတ် ထုတ်ထားလို့ ရတယ်။
15) မသွားခင် သွားမဲ့ ဒေသ တွေ အကြောင်း ကြိုပြီး ရှာထားတယ်။ နိုင်ငံရပ်ခြားဆို ကိုယ့် နိုင်ငံ သံရုံး ဘယ်နားရှိသလဲ ဆိုတာမျိုး။ အပူချိန် ဘယ်လောက်ရှိလဲ။ မိုးလေဝသ ဘယ်လိုလဲ။ အစားအသောက် တွေ ထုံးတမ်းစဉ်လာ ထူးထူးခြားခြား သတ်မှတ်တာ ရှိသလား စသည်ဖြင့် ။ traveller review တွေ လဲ ဖတ်ပေါ့။
16) ခရီးဝေး သွားရင် ချောင်ချောင်ချိချိ စီးရ အဆင်ပြေတဲ့ ဖိနပ် အဝတ်အစား မျိုး ဦးစားပေး စဉ်းစားတယ်။
17) ဟိုတည် ဧည့်ကောင်တာ မှာ မေးလို့ ရသမျှ Information အကုန်မေးတယ်။ local food ဈေးချိုပြီး စားကောင်းတာ။ ဘယ်နေရာ မှာ ဈေးဝယ်လို့ ကောင်းတာ။ local တွေရဲ့ အလေ့အထ....
18) အဓိက အကျဆုံးကတော့ Open Minded ပါပဲ... နေရာတကာ အဆိုးမြင် ဂျီဂျောင် ကျနေရင် ပျော်စရာ ဖြစ်မှာ မဟုတ်ပါဘူး
ကဲ.... ဘာတွေ လိုသေးလဲ ပြောပါဦးနော်...
<< picture from google>>
Monday, October 13, 2014
မတူညီသော လျှို့ဝှက်ကမ္ဘာ
မွေးစားခံရတဲ့ သားသမီးတွေနဲ့  မိဘတွေ အကြောင်း ရံဖန်ကြားရတိုင်း အများစုက စိတ်မချမ်းသာစရာတွေ ဖြစ်နေတတ်တယ်။ ကျွန်မကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ အဖေနဲ့  အမေဟာ အကို့ ကို မွေးပြီး တော်တော်ကြာတဲ့ အခါ သမီးတစ်ယောက်လိုချင်လာခဲ့တာနဲ့  ကျွန်မကို မွေးစားခဲ့ပါတယ်။
အကိုနဲ့  ကျွန်မဟာ အသက်သိပ်ကွာတဲ့ အတွက် သိပ်ရင်းနှီးခဲ့တာမရှိခဲ့ပေမဲ့ အဖေနဲ့ အမေဟာ ကျွန်မကို လိုလေသေးမရှိ ကရုစိုက်ခဲ့ပါတယ်။
ကျွန်မက ကိုယ်လုံးကိုယ်ထည်ကြီးကြီး ဆံပင်သန်သန်ကောက်ကောက်တွေနဲ့  မျက်လုံးကြီးကြီး။ အမေက ခန္တာကိုယ်သေးသေးလေးနဲ့  ပြေပြစ်လှပတဲ့ အမျိုးသမီးပါ။ ကျွန်မကို ကျွန်မမိသားစုက ချစ်ကြ ကရုစိုက်ကြပေမဲ့ ဆယ်ကျော်သက် အရွယ်မှာတော့ မွေးစားခံရခြင်း ဆိုတဲ့ ကိစ္စဟာ ကျွန်မကိုယ် ကျွန်မ တချိန်လုံး အဆက်မပြတ်မေးနေမိတဲ့ မေးခွန်းတခုပါပဲ။ အမေ့ကို ဒီစကားစလိုက်တိုင်း အမေဟာ အသဲအသန်ငိုကြွေးမြဲ ဆိုတော့ အမေစိတ်မကောင်းဖြစ်မှာ စိုးရိမ်တာနဲ့  မမေးဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့  နှစ်ကူးတခုတုန်းက ကျွန်မကို သေးသိမ်ပျောက်ကွယ်သွားလောက်အောင် အစွမ်းထက်တဲ့ အိမ်နီးချင်း မိန်းမကြီးရဲ့ အကြည့်နဲ့  အပြောကို မှတ်မိတုန်းပါပဲ။
"နင်သာ နင့်အမေရဲ့ ဆံပင် အသားအရည် အရိုးအဆစ် ပုံမျိုးရရင် သိပ်လှမှာ။ အိုး... ဟုတ်သား ဒါမဖြစ်နိုင်တဲ့ကိစ္စကို ။ ငါမေ့တော့မလို့  "
ဒီလိုနဲ့  နှစ်တွေ ကြာလာခဲ့ပြီ။ တနေ့ တော့ မလေးရှားနိုင်ငံ ဟိုတည်တခုရှေ့ မှာ ထိုင်နေတုန်း လူတစ်ယောက်က ရင်းရင်းနှီးနှီးလာနှုတ်ဆက်တော့ ကျွန်မမှာဇဝေဇဝါ။ နင်အလုပ်မှာ အဆင်ပြေလား။ အရင်အလုပ်မှာပဲလား။ စသည်ဖြင့်။ ကျွန်မက သူ့ ကို လုံးဝ မသိကြောင်းပြောတော့ သူက နောက်နေတာမဟုတ်လားတဲ့။ နောက်တော့ သူ့ ဖုန်းထဲက အမျိုးသမီးတစ်ယောက် ဓါတ်ပုံတွေ ပြပါတော့တယ်။ သူနဲ့  အရင်အလုပ်က အတူဆုံခဲ့တဲ့ မိတ်ဆွေဟောင်းပါ။
ဟုတ်ပါတယ်။ ကျွန်မမျက်နှာ။ ကျွန်မဆံပင်။ ကျွန်မမျက်လုံး။ ကျွန်မအပြုံး။ အံ့သြဝမ်းသာစွာနဲ့  ထိုသူ့ ဆီက သူမရဲ့ email လိပ်စာတောင်းယူခဲ့ပါတယ်။
စင်ကာပူပြန်ရောက်ပြီး ညမှာ ကျွန်မ သူမဆီ စာရေးခဲ့တယ်။ ကျွန်မရဲ့ ဓါတ်ပုံတချို့ ကိုပါ ပို့ ပေးလိုက်ပြီး ဖုန်းနံပါတ်လဲ ရေးလိုက်ပါတယ်။ Send ဆိုတဲ့ ခလုတ်ကလေးကို နှိပ်ဘို့  အားမရှိလောက်အောင် စိတ်လှုပ်ရှားနေခဲ့မိတယ်။ နောက်တနေ့ ညနေမှာ သူမဆီက ဖုန်းကို လက်ခံရရှိခဲ့တယ်။ သူမ အသံက ဖုန်းထဲမှာပင် တုန်ခါလို့  ။ ကျွန်မတို့  shopping mall တခုက ကော်ဖီဆိုင်လေးမှာ ချိန်းဆို တွေ့ ဆုံခဲ့ကြတယ်။ ကျွန်မကိုယ်ကျွန်မ မှန်ထဲ ပြန်ကြည့်နေသလိုပါပဲ။ သူမက ကျွန်မ အသံနဲ့  စကားပြောတာကို နားထောင်။ ကျွန်မတို့ နှစ်ယောက်ဟာ ကိစ္စတော်တော်များများမှာ အကြိုက်တွေ တူကြတယ်။ သီချင်းတွေအကြိုက်တူတာ ခရီးထွက်တာ .. ။ သူမဟာလဲ မွေးစားမိဘတွေရဲ့စောင့်ရှောက်ခြင်းကို ခံခဲ့ရပြီး သူမ မိဘတွေက သူမမှာ အမွှာတစ်ယောက်ရှိကြောင်း အရိပ်အမြွက်မျှတော့ ပြောခဲ့ဘူးသတဲ့။
နောက်ဆုံးတော့ ကျွန်မဟာ နှစ်ပေါင်းများစွာ လူမသိ သူမသိ ပျောက်ဆုံးနေတဲ့ မိသားစုဝင် တစ်ယောက်ကို မထင်မှတ်စွာ ရှာတွေ့ ခဲ့ပြီး သူမဟာ ကျွန်မနဲ့  အမွှာညီအမ တစ်ယောက်ဖြစ်နေခဲ့တာ တကယ့်ကို အံ့သြပျော်ရွှင်စရာပါပဲ။
ဒါပေမဲ့ ဒီကိစ္စကို ကျွန်ရဲ့ မွေးစားမိဘတွေကို အသိမပေးခဲ့ပါဘူး။ မိဘတွေက အသက်ကြီးလာပြီ။ ကျွန်မကြောင့် သူတို့ ကို အထိတ်တလန့်  မဖြစ်စေချင်ဘူး။ အကိုက အိမ်ထောင်ကျသွားတော့ မိသားစုနဲ့  ခွဲသွားခဲ့တာကြာပြီ။ အိမ်မှာ ကျွန်မတို့  သုံးယောက်သာ။ တညနေမှာ အမေက သူချက်ထားတဲ့ စွပ်ပြုတ်သောက်နေတဲ့ ကျွန်မ အနား လာထိုင်ရင်း ကျွန်မ မျက်နှာကို လက်နဲ့  အသာအယာတို့ ထိရင်း ငါ့သမီးလေး များများစားနော်။ အမေတို့ နဲ့ နေရတာ ပျော်တယ်မဟုတ်လား သမီးရယ် လို့  မေးပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ အမေ့မျက်နှာကို ကြည့်ရင်း ကျွန်မဟာ ကံသိပ်ကောင်းတဲ့ မွေးစားသမီး မဟုတ်လားလို့  တွေးနေမိတယ်။
တနေ့ မှာတော့ ကျွန်မရဲ့ အမွှာညီအမက ကျွန်မဆီကို ဖုန်းဆက်ရင်း ပိုက်ဆံချီးပါတယ်။ ကားအသစ်ဝယ်ဘို့ တဲ့။ နင့်မှာ ဒီလောက်တော့ရှိတယ်မဟုတ်လား။ ငါက ကံသိပ်မကောင်းခဲ့တဲ့သူဆိုတော့ ငါ့ကို ဒီလောက်တော့ မျှဝေသင့်ပါတယ်တဲ့။
သူနဲ့  ကျွန်မကြားမှာ မတူတာတွေလဲ ရှိပါတယ်။ ကျွန်မက အလုပ်လုပ်ရတာ ပျော်ပါတယ်။ အလုပ်ထဲက အကြောင်းတွေ အားတက်သရောပြောမိတဲ့အခါမှာ သူမရဲ့ ပျင်းရိငြီးငွေ့ နေတဲ့ မျက်လုံးတွေကို မြင်နေရတတ်ပါတယ်။ သူက ညကလပ်တွေ ဘားတွေမှာ အချိန်ဖြုန်းရတာပျော်ရွှင်ပေမဲ့ ကျွန်မက စာအုပ်တအုပ်ဖတ်နေရရင် ကျေနပ်နေတတ်သူပါ။ တခါတခါ ကျွန်မကို ကြည့်တဲ့ သူမအကြည့်ဟာ ATM စက်ကို လှမ်းကြည့်တဲ့ အကြည့်မျိုးဖြစ်နေတတ်တယ်လို့  ခံစားမိရင်း စိတ်မသက်မသာ ဖြစ်တတ်ရပါတယ်။
ဒါပေမဲ့ ပျမ်းမျှအားဖြင့်တော့ ကျွန်မဘဝဟာနေပျော်ပါတယ်။ နွေးထွေးတဲ့ မိသားစုရယ် လျှို့ ဝှက်ထားတဲ့ အမွှာညီမ တစ်ယောက်ရယ် ပိုင်ဆိုင်နေသေးတယ်လေ။
<< ဆံပင်ညှပ်ဆိုင်တွင် ဖတ်မိသော Singapore Women's Weekly - May 2014 လထုတ်မှ secret twin အမည်ရှိ ဆောင်းပါးတိုလေးကို မှတ်မိသလောက် ပြန်လည်စဉ်းစား ဘာသာပြန်ခြင်းဖြစ်သည်>>
Wednesday, September 10, 2014
အခွံ
နေရောင်ခြည်က ကမ္ဘာပေါ် အလျားလိုက်ကျလို့  ။ ဟိုဟိုသည်သည်လျှောက်လာရင်း သန့် စင် နွေးထွေးတဲ့ ဥခွံတခုကို တွေ့ လိုက်တယ်။ သူမ ဥခွံ ထဲ ဝင်ထိုင်ရင်း သန့် ရှင်း သပ်ရပ်တဲ့ နံရံတွေကို ကိုင်ကြည့်တယ်။ လောကကြီးကို ဥခွံထဲမှ လုံခြုံဘေးကင်းစွာ လှမ်းကြည့်တယ်။ လုံခြုံစိတ်ချရတဲ့ စိတ်ခံစားမှုက ဘာနဲ့ မှ မတူဘူးလေ။ အိမ်လို့  သတ်မှတ်လိုက်ပြီး အိပ်ပျော်ဘို့ ကြိုးစားလိုက်တယ်။ အိမ်အသစ်ကလဲ သူမကို ကြိုက်မှာသေချာပါတယ်လေ။ နွေးထွေး ကြည်လင်နေတာပဲကို...။
အော်ဟစ် ကြိမ်းမောင်းနေတဲ့ အသံတွေနဲ့  အိပ်ယာက နိုးလာခဲ့တယ်။ လူတစ်ယောက်ရှေ့ မှာရပ်နေရင်း သူမကို ဒေါသတကြီး ကြည့်လို့ ။
ဘာဖြစ်လို့ လဲ ...
နားမလည်နိုင်စွာမေးတော့
ဒါ ငါ့အိမ် ငါပိုင်တယ် နင်ဘယ်သူလဲ ထွက်သွား
ထိုသူက ပိုင်ဆိုင်ကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်တရွက်ကို သူမ မျက်နှာရှေ့ ဖြန့် ပြတယ်။
ပွဲတော်ဆီ မှန်းဆလို့ လျှောက်ခဲ့တယ်။ မေ့မေ့မောမော ငေးတုန်း လက်တဘက်က သူမကို အသာအယာ ဆွဲခေါ်ယူသွားတယ်။
ပွဲတော်က အလင်းဟာ လက်ပိုင်ရှင်ရဲ့ မျက်လုံးအိမ်ထဲမှာ တောက်ပလို့ ။
အင်း... အခု အထီးမကျန်တော့ဘူးလေ။ နွေးနွေးထွေးထွေးရှိသားပဲ။
မနက် ရောင်နီဦး သမ်းလာတာကို လှမ်းမြင်နေရတယ်။ သူ နဲ့  သူမ တို့ နီးနီးကပ်ကပ်ထိုင်ပြီး မနက်ခင်း နေကို ငေးမောနေကြတယ်။ အချိန်ကြာကြာငေးမောရင်း သူ့ ဘက် အလှည့်မှာ သူမ အလွန်တရာ အံ့အားသင့်သွားတယ်။ သူကလဲ သူမကို အံ့သြတကြီးနဲ့ ကြောင်တက်စွာ ငေးမောလို့ ။
သူ.... သူ့ ကျောပေါ်မှာ အတ္တတရား... မာနတရား... ရက်စက်ခြင်းဆိုတဲ့ ဆူးတွေ... သူမကရော... သူမမှာလဲ ကိုယ်ချင်းမစာနာတတ် ကိုယ့်ကိုယ်သာ ဗဟိုပြုတဲ့ စိတ်ခံစားချက်တွေနဲ့  မနာလို မုန်းတီးမှု အကြေးခွံတွေ တလိပ်လိပ်.... ဘုရား ဘုရား....။
......
လျှောက်နေကျ လမ်းတခုပဲ... သူမ ဖြေးလေးစွာ အထီးကျန်စွာ  လျှောက်ခဲ့တယ်။ အရာရာ ပိန်းပိတ်မှောင်မဲနေတဲ့ မျက်ဝန်းတွေနဲ့  ။
Sunday, June 15, 2014
ကိုယ်မက်တဲ့ အိပ်မက်
အမှောင်ရိပ်က တရွေ့ ရွေ့ တွားဝင်လာသည်။
ဆောင်းအကုန် နွေအကူးမှာ ဖြတ်လာတဲ့ လေကလဲ ခြောက်ခြောက်သွေ့ သွေ့ ...
ယူကလစ်ပင်တန်းတွေအောက်က ကွန်ကရစ်လမ်းကလေးပေါ် ရပ်နေတုန်း မိန်းကလေး လေးယောက် စက်ဘီးလေးတွေ အပြိုင်နင်းရင်း ညို့ ကို လေပွေ ငယ်လေးများလို ဖြတ်သန်းသွားလေရဲ့..
သူတို့ လွင့်ကျ ခဲ့တဲ့ ရယ်သံတွေက အဲဒီနားတဝိုက် ကျဲပြန့် ကာ။
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
ကုက္ကိုပင်အောက်က အဖြူရောင်တံတားပေါ်အရောက် မိန်းကလေး လေးယောက်စလုံး စက်ဘီးပေါ်က ဆင်းပြီး တံတားဘောင်ပေါ် ထိုင်လိုက်ကြသည်။
အလယ်တန်း အထက်တန်း ဆက်ကျော်သက်တစ်လျှောက် ဘဝသည် အနိမ့် အမြင့် အတက် အကျ မသိသာစွာ ဖြတ်သန်းခဲ့ကြသည်။  တောနယ်ဖြစ်တာကြောင့်လဲ ကုန်ဈေးနှုံး အတက်အကျ ဆီဈေး ဆန်ဈေး အတက်အကျများသည် သူတို့  လူနေမှု ဘဝ ထဲ မြန်မြန်ဆန်ဆန် သက်ရောက်မှု မရှိခဲ့။
အထက်တန်း အောင်စာရင်းထွက်ချိန်မှာတော့ ဘဝ ဦးတည်ရာ လမ်းချိုး တွေ ပြောင်းခဲ့ကြသည်။ 
တစ်ယောက်က စက်မှု လက်မှု သိပ္ပံ တစ်ယောက်က တစ်ယောက်က စီးပွါးရေး တက္ကသိုလ် နှစ်ယောက်က ဆရာအတတ်သင် ... 
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x 
ညို့ ဘဝကို ဒီနေရာမှာလဲ အဆုံးမသတ်လိုက်ချင်။ ဒီဒေသထဲက လယ်သမား တစ်ယောက် သို့ မဟုတ် အစိုးရ အကြီးစား စက်မှုလုပ်ငန်းထဲက အငယ်တန်း အင်ဂျင်နီယာ တစ်ယောက် သို့ မဟုတ် စစ်တပ်ထဲက စစ်သား တစ်ယောက်ယောက် အလွန်ဆုံးဖြစ်နိုင်လှ စစ်ဗိုလ်တစ်ယောက်ယောက်နှင့် နီးစပ် အိမ်ထောင်ကျသွားနိုင်ပြီး တုံးတုံးအအ အိမ်ထောင်ရှင်မ ဖြစ်ချင်ဖြစ် မဖြစ်ရင်လဲ ဖယ်ရီလေးစီးပြီး အတင်းတွေ ဖောင်ဖောင်ပြောကာ သနပ်ခါးအဖွေးသားနှင့် စက်ရုံအလုပ်သမ တစ်ယောက်လို ဘဝ မျိုး နှင့် ညို မရောင့်ရဲနိုင်ပါ။ ညို့  သူငယ်ချင်းတွေ တော်တော်များများ ဒီလိုပင်။ ငြီးငွေ့ စရာ ကောင်းသော ဘဝ၏ ထွက်ပေါက်က အသက်ငယ်ငယ်မှာပင်  အိမ်ထောင်ပြုလိုက်ကြကာ ကလေး တွေမွေးကြ။ ဆင်းရဲမှုဒဏ်ကို မခံနိုင်သော ယောက်ျားက အရက်ပုလင်းနှင့် နေ့ တိုင်း မျက်နှာချင်းဆိုင်။ အပျိုရည်သွေး ယဉ်စစ အလှမှာ နှုတ်ကြမ်း ကိုယ်ကြမ်းတွေ နေရာဝင်ယူကြသည်။ ဘယ်မှာလဲ ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်။ 
 ညို ဆယ်တန်းအောင်တော့ ညို့ အဖေ အမေ အစိုးရ ဝန်ထမ်းစရိတ်ကလေးနှင့် ညို့ အနာဂတ်သည် သူတို့ ခေါင်းခြောက်စရာကောင်းသော ခေါင်းစဉ်တခု ဖြစ်သည်။ အတန်ငယ် ကြွယ်ပိုး ကြွယ်ဝ ရှိသော အဘိုး အဘွား များ အထောက်အပံ့ဖြင့် ညို ကျောင်းဆက်တက်ခဲ့ခြင်းဖြစ်သည်။
 ဘာကျောင်းမှ မဖွင့်တော့ ကိုယ်အမှတ်မှီရာလေးနှင့် စက်မှု လက်မှု သိပ္ပံသို့  ညို ရောက်ခဲ့သည်။ ညိုတို့ ထက် စီနီယာတွေက ကျောင်းအပြီးမှာ ရန်ကုန်သွား အလုပ်ရှာကြ အလုပ်တွေရကြ။ ရန်ကုန်မှာ ဟိုတည်ကြီးတွေ ဆောက်နေတယ် အလုပ်တွေရကြတယ် ရန်ကုန်မှာ အလုပ်ပေါမှပေါ စက်ရုံတွေကလဲ သိပ်ခေတ်မှီကြ သတဲ့ ဆိုသည့် ဝမ်းသာစရာ သတင်းစကားများနှင့် ညိုတို့  အားတက်ကြသည်။ 
ကျောင်းပြီးလို့  ၁ နှစ်ကြာအထိ အဖေ့ကို ချစ်သော ကြောက်သောညိုသည် ရန်ကုန်ရောက်နှင့်ကြသော သူငယ်ချင်းများ နောက်သို့  လိုက်ဘို့  စကားမစ ရဲသေးပေ။
ညို့ မှာ အဘိုး၏ ကုန်သည်မျိုးရိုး စွန့် စားစိတ်က အပြည့်ပါသည်။ အဘိုး၏သမီး ညို့အမေက သူ့ မမက်ခဲ့ရသော အိပ်မက်များအတွက် ညို့ကို သူတတ်သမျှ မှတ်သမျှ အားပေးရင်း ညို့လိုအပ်ချက်ကို ဖြည့်ပေးရှာသည်။ အဖေ၏ ဒေါသများ အလိုမကျမှုများ တကိုယ်ကောင်းဆန်မှုများ အထင်သေးမှုများကို ရေစစ်တခုလို စစ်ယူကာ ညို့ကို ရှေ့ ဆက်ရဲဘို့  သတ္တိ လုံခြုံစေဘို့  မေတ္တာများကို ပေးရှာသည်။ ညို အဆင်မပြေရင် ပြန်လာခဲ့ဘို့ ။ ရှုံးနိမ့်မှုမှာ ရေစုံမမျှောလိုက်ဘို့  နဲ့  ညို့ကို အားကိုးတဲ့အကြောင်း ချစ်တဲ့အကြောင်းကို စစ်ထွက်ကာနီး သူရဲကောင်းတစ်ယောက်လို မှာရှာသည်ကို ညို မမေ့ပေ။
ဒီလိုနဲ့  ညို မမှတ်တော့သော ရန်ကုန်ကို ရောက်ခဲ့သည်။ ထင်မှတ်ထားသည်ထက် ပိုလွန်စွာ ရန်ကုန်သည် ညို့ ကို စိန်ခေါ်ခဲ့သည်။ ရိုးရိုးတန်းတန်း အရောင်းစာရေး အလုပ်ကလေး ရဘို့ ပင် လပေါင်းများစွာကြာအောင် ရှာရသည်။ ထမင်းနပ်မမှန်တာ ။ ကားခ မရှိတော့လို့  လမ်းလျှောက်ရတာ။  နေမကောင်းလို့  ဘာဆေးမှ သောက်ဘို့  ပိုက်ဆံမရှိ ။အားရှိအောင် စားစရာမရှိ၍ စောင်ခြုံအိပ်နေရတာ ... ညို ကြံ့ကြံ့ခံခဲ့သည်။ ညို့ ဘဝ ယိမ်းယိုင်နေတောင် လဲကျ မသွားအောင် မိဝေး ဖဝေးမှာ စာရိတ္တရိပ်တခုတည်းနဲ့ သာ လုံခြုံအောင် ညို အပြင်းအထန် ကာကွယ်ခဲ့သည်။
သင့်တော် လျှောက်ပါတ်ရာ အလုပ်ကလေးတခု နှစ်ပေါက်အောင်ရှာပြီးမှ တွေ့ ရှိသွားသောအခါ ညို သည် သွင်ပြင်အားဖြင့် ဆယ်ကျော်သက်သာ ဖြစ်သော်လည်း အသက်နှစ်ဆ မက တွေးတတ်အောင် ရင့်ကျက်တန်သလောက် ရင့်ကျက်ခဲ့ပြီ ဖြစ်သည်။
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x 
ဆရာနှင့်စကားပြောရင်း ကျောင်းပြူ  တင်းပေါက်မှ အပြင်ကို မကြာမကြာ လှမ်းမျှော်ကြည့်မိသည်။ ညို ငယ်ငယ်က တက်ခဲ့သော မူလတန်း ကျောင်းသည် ဘာမှ မပြောင်းလဲ။ ဆရာက နှစ်ပေါင်းများစွာ ဝေးကွာသွားသော တပည့်နှင့် စကားလက်ဆုံ ကျ ချင်သည်။ ညို အလုပ်တဘက်နှင့် ကွန်ပြူ  တာ တက်တာ အင်္ဂလိပ်စာ လေ့ကျင့်တာ သူက ညို့အဖေ ဆီက ကြားသတဲ့။ အဖေ နှင့် ညို မျက်နှာချင်းမဆိုင်တာ ခုနှစ် နှစ် နီးပါးတော့ ရှိခဲ့မည်။ ဒါပေမဲ့ ညိုကောင်းနိုးရာရာလေးတွေ လုပ်သမျှ သူက ဒီဘက်က ကြွားစရာလူရှိတိုင်း အကြောင်းသင့်တိုင်း ကြွားခဲ့သည်။ 
တိုက်ဆိုင်လာသော အခွင့်အရေး တခုနှင့် ညို့ ကြိုးစားမှု ပေါင်းကာ ဘန်ကောက်မှာ စကောလားရှစ်တခု တက်ခဲ့သည်။ oversea အတွေ့ အကြုံလေးရှိလာတော့ စင်ကာပူမှာ အလုပ်ရှာဘို့  ဆိုတာ ညို့အတွက် အလွန်ကြီးမားသော အတားအဆီးတော့ မဟုတ်တော့ချေ။ ညို မျှော်လင့်သလောက် မဟုတ်တောင် ဘာဖြစ်ဖြစ် ညိုဖြစ်ချင်သည်ကတော့ နီးနီးစပ်စပ်ဖြစ်ခဲ့သည်။ 
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ်ရှာတဲ့ ပိုက်ဆံ ကိုယ်သုံးကာ လိုအပ်ရာကို ကြည်ကြည်ဖြူဖြူ ပေးနိုင် စိတ်တိုင်းကျ ဆုံးဖြတ်ခွင့်ရှိသော ဘဝသည် ညို အမျှော်လင့်ခဲ့ဆုံး ပျော်ရွှင်မှု ဖြစ်သည်။
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x 
ညနေစောင်းအမှောင်က  အနက်ရောင်ခပ်ကဲကဲ ပန်းချီလက်ရာ တခုလို။ အဝါရောင် စပါးခင်းတွေက အညိုရောင် လှိုင်းတခုလို အနက်ရောင် ရင့်ရင့် တောတန်းလေးများ အနားသတ်လို့  ရှိနေသည်။ လေထဲက ယုဇန ပန်းနံ့ သည် စက္ကူဖြူ တရွက်လို ဘာအရောင်အသွေးမှ မစွန်းထင်းခဲ့သော ငယ်ဘဝ၏ အမှတ်တရ တခုဖြစ်သည်။ ညို့ အမှတ်တရများတွင် သူငယ်ချင်း လေးယောက် ။ ညို့မျက်နှာကို တမေ့တမော ကြည့်ရင်း ညို့ကို ချစ်တဲ့ ခွေးလေးတစ်ကောင်။ ပင်လုံးကျွတ် ပွင့်တတ်တဲ့ ယုဇနပင်နှင့် နှင်းငွေ့ ငွေ့  လှပတဲ့ ဆောင်းည မြင်ကွင်းများ။ ပြီးတော့ ညို့ ရင်ထဲ အမြဲရှိတဲ့ အမေ့ မျက်နှာ။
လက်နှိပ်ဓါတ်မီး အလင်းက ဝေ့ကာသီကာ ညို့ မျက်နှာပေါ် ရောက်လာသည်။ ညို အိမ်ပြန်တာ နောက်ကျနေ၍ အမေ လိုက်လာခြင်းဖြစ်သည်။ ညို တို့  မြို့ ငယ်လေးပေါ် အခြေချပြီးကတည်းက မရောက်တာကြာသော မွေးရပ်မြေကို အလည်လာကြခြင်းဖြစ်သည်။ ညိုတို့ ဖြတ်သန်းလာရာ တလျှောက် အသိမ်းခံထားရသော လယ်တွေ ကို ပိုင်ရှင်တွေ ဒီနှစ် ပြန်ရကြပြီလို့  အမေက ပြောတော့ ညို့ရင်ထဲ ဝမ်းသာမိသည်။ တာဝန်အရလို့  အဖေက ပြောပြီး လယ်သမားကြီးများကို လယ်သိမ်းရသည့် အကြောင်းသွားပြောသည့်အခါ လေးလေးတွဲ့ တွဲ့ နှင့် အေးပေါ့ မောင်ရာ ရန်သူမျိုး ငါးပါး ဆိုတာ ရှိတတ်တာကိုးလို့  ပြောသည့်အကြောင်း အဖေ ပြန်ပြောခဲ့တာ တခုကို ညို သတိရမိသည်။ 
ကလေးတစ်ယောက်လို တွေး လှုပ်လှုပ်ခတ်ခတ်ရီတတ်သော ညို့ သူငယ်ချင်း ဆရာမကို နေ့ လည်က ညို ငေးမောကြည့်နေသည်ကို အမေက ညို့ မျက်နှာကဲ အကြောင်း ပြန်ပြောပြကာ ရီရသေးသည်။ ၁၀နှစ်ကြာ ဖြတ်ကျော်ပြီးချိန်မှာ ဘဝက ပုံသွင်းလိုက်တဲ့ အတွေးအခေါ် အပြုအမူ များမှာ များသောအားဖြင့် မတိုက်ဆိုင် မတူညီတော့။ တူညီတာ မပြောင်းလဲတာတခုက ငယ်ဘဝတုန်းကလို သူငယ်ချင်းစိတ် တခုသာ ကံကောင်းထောက်မ စွာ ကျန်တော့သည်။ 
မိဘရှိသော အရပ်သည် ညို့အိမ်လို့ တွေးခဲ့ပေမဲ့ ဒီအရပ်ကို ညို မကြာ မကြာ အိပ်မက်မက်သည်။ ဘယ်နေရာရောက်ရောက် ညို ကြီးပျင်းခဲ့ရာ အရပ်သည်သာ ညို့အတွက် အလွန် ရင်းနှီးသော နေရြာ  ဖြစ်သည်။
တည်းခိုရာ အသိအိမ်မှာ အပြင်ထွက်ရပ်နေသည့် အဖေက ညို့ပုခုံးကို ဖက်ကာ ကြိုသည်။ အဖေ့ လက်မှာ ညို့အပေါ် အားကိုးခြင်း ချစ်ခင်ခြင်း ဂုဏ်ယူခြင်းများ ရှိနေသည်။