Tuesday, September 25, 2018
Postcard to myself
"အချစ်ဆိုတာ တို့ နှစ်ယောက်အတွက်တော့ ချိုမြိန်တဲ့ နှုတ်ဆက်ခြင်းပါပဲ။"
မိုးစက်တွေ ဖြည်းဖြည်းလေးလေးကျနေတဲ့ နေ့ ရက်တခုထဲ ကိုယ်တို့  ဆုံတွေ့ ခဲ့ကြတယ်။ ၁၂-၁၃ နှစ်အရွယ် ကိုယ်နဲ့  မတိမ်းမယိမ်း ချာတိတ်မလေးရဲ့ အားငယ်တဲ့ မျက်လုံး နက်နက်တွေ မာန်တင်းထားတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့  ကိုယ့်အဒေါ်နောက်မှာ တိတ်တိတ်လေးရပ်နေတဲ့ သူမ ကို ကိုယ်လှမ်းကြည့်နေခဲ့တယ်။ သူမရပ်နေရာ နောက်ကျောဘက် အိမ်အပြင်မှာ မိုးစက်တွေ တစက်ချင်း ကျလို့  အဖြူပွင့်ဖတ်မှာ အညိုရောင် ဝတ်ဆံပါတဲ့ သစ်ခွပန်းတွေက အခိုင်လိုက်ပွင့်နေတာ ပြူတင်းပေါက်မှ လှမ်းမြင်နေရတယ်။
သူမ နဲ့  ကိုယ်က အမျိုးစပ်ရရင် သုံးဝမ်းကွဲလောက်တော်တဲ့ ညီအမတွေပေါ့။ အဒေါ်ကြီး လို့ ကိုယ်တို့ ခေါ်တဲ့ ကိုယ့်အဒေါ်က သူမကို ကိုယ့်ဘေးနားမှာ နေရာချပေးတယ်။ 
သူမက သူမဇာတိ ရွာကလေးမှာ အထက်တန်းကျောင်း မရှိလို့  နီးစပ်ရာမြို့ ကို ကျောင်းလာတက်ပြီး ဆွေမျိုးနားနီး အဒေါ်အိမ်မှာ နေဘို့  ရောက်လာသူ။ ကိုယ်က အဆင်မပြေတဲ့ အဖေ နဲ့  အမေ ဆက်ဆံရေးကို အရွဲ့ တိုက်ပြီး ကျောင်းတနှစ်နားထားတဲ့ အမျိုးများ အလည် နာမည်ဆိုးနဲ့  ကျော်ကြားသူ။ နောက်တော့ အဖေ့ အမျိုးများရှိရာ ဒီမြို့ လေးမှာ အထက်တန်းဆက်တက်ဘို့  ရောက်လာခဲ့သူ။
ကိုယ်က ကိုယ့်ကိုကိုယ် ဒေါင့်ကျိုးတဲ့ ပုံမဖြစ်အောင် တသက်လုံး သတိထား ဟန်ဆောင်ခဲ့သူ ပီပီ သူမ ရောက်လာတာကို လျစ်လျူရှုကာ တဘက်လှည့် စာဖတ်ချင်ယောင်ဆောင်နေလိုက်တယ်။ ပါးနပ်တဲ့ ကိုယ့်အဒေါ်ကတော့ ကိုယ့်ဆံပင်တွေ သပ်ပေးပြီး နှင်းသီတာလေး အဆင်ပြေအောင် သမီးက ကြည့်ပေးလိုက်ဦးနော် လို့  ဖွဖွ ငြင်သာ မှာပြီး အခန်းပြင်ထွက်သွားခဲ့တယ်။ အချိန်အတော်ကြီးကြာအောင် ကိုယ်ကျောခိုင်းထားတဲ့ သူ့ ဆီက ဘာအသံမှ မကြားရဘူး။ ယုတ်ဆွအဆုံး အသက်ရှူသံ သဲ့သဲ့လေးတောင် မကြားရဘူး။ စာအုပ်ကို ပိတ်ပြီး ကိုယ်လှည့်ကြည့်လိုက်တော့ ပစ်ချထားတဲ့ အရုပ်ကလေး တရုပ်လို ထိုင်နေတဲ့ ကိုယ့်နောက်ကျောကို ငေးနေပုံရတဲ့ သူမ မျက်ဝန်းများနဲ့  ခလုတ်တိုက်တော့တယ်။
အဲဒီညက ဗလာစာအုပ်တွေကို သတင်းစာနဲ့  အဖုံး ဖုံးနေတဲ့ သူမ ကျောလေးဟာ မသိမသာ အနိမ့်အမြင့် ဖြစ်သွားတာ၊ စာအုပ်အဖုံးကို ပေတံနဲ့  ဖိပြီး အနားသတ်နေတဲ့အချိန် ဝေ့ဝဲကျသွားတဲ့ မျက်ရည်စက်တွေဟာ နေ့ လည်ခင်းက မိုးစက်တွေလိုပါပဲ။
"နှင်းသီတာ"
ကိုယ်ခေါ်တော့ သူ့ မျက်ရည်တွေ ဖွက်ဘို့  အဆင်မပြေတာနဲ့  လှည့်မကြည့်နိုင်ရှာ။
"လူတိုင်း သတင်းစာနဲ့  စာအုပ်ဖုံးကြတော့ နင့်စာအုပ်ကို နာမည်ကြီးကြီး ရေးမထားရင် မှတ်မိမှာမဟုတ်ဘူး။"
"ဟုတ် မမ"
အင်္ကျီလက်နဲ့  ကဗျာကရာ မျက်ရည်သုတ်ရင်း သူမ လှည့်ကြည့်တယ်။
"ငါ့ကို ဟန်သီမောင် ဖြစ်ဖြစ် ဟန်သီ ဖြစ်ဖြစ်ခေါ်လို့ ရတယ်။ ရော့ဒီမှာ ပန်းချီဆွဲတဲ့ ရေဆေးဗူးတွေ ရှိတယ်။ နင့်နာမည်ကို ကြီးကြီးရေးပြီး အရောင်နဲ့  ခြယ်ထားရင် မြင်သာတာပေါ့"
အဲဒီနောက်တော့ နာမည်ကို သတင်းစာအဖုံးပေါ် မြင်သာလှပ အောင် ပုံဖော်ရင်း အရောင်ခြယ်ရင်း ကိုယ်တို့  ခင်မင်ရင်းနှီးခဲ့တယ်။
 သူမ က ကိုယ့်ကို ဟန်သီ လို့  ခေါ်ပြီး ကိုယ်က နှင်းသီ လို့  ခေါ်တယ်။
မဝံ့ရဲ တတ်တဲ့ နှင်းသီ အတွက် ဟန်သီက စစ်သူကြီး။
စာရေးပျင်းတဲ့ ဟန်သီ့ အတွက် နှင်းသီက စာရိုက်စက်။
အင်္ဂလိပ်စာ အခြေခံ မပါတဲ့ နှင်းသီ အတွက် ဟန်သီက ဆရာမ တဖြစ်လဲ။
အချုပ် အလုပ် အလှအပ မဖြစ်မြောက်တဲ့ ဟန်သီ အတွက် နှင်းသီက ဒီဇိုင်နာ။
အထက်တန်း တတန်းပြီးတိုင်း အိမ်မပြန်သော ဟန်သီက နှင်းသီတို့ ရွာ လိုက်ပြီး မြေပဲနှုတ် ရေကူခပ် နွားရေတိုက် ထွက် နှင့် ရေမြေလိုက်ကာ စကားလဲ ဝဲတတ်။ ရွာဓလေ့ အသုံးအနှုံးမျိုးပင် ပြောတတ်လာသည်။
ဟန်သီရေ မနက်ကို ကော်ဖီ သောက်မှာလား မေးတဲ့အခါ
ဟုတ်ကဲ့ သောက်မှာ လို့  ပြောမဲ့အစား "မသောက်ရင်" လို့  ရင် နေရာကို အသံလေး ဆွဲပြီး ပြောတတ်ပြီ။ သဘောက မသောက်ပဲ နေမလား သောက်မှာပေါ့ ဆိုသည့် အဓိပ္ပါယ်။
အမည်ခေါ်ကာ အဆုံးသတ်သည့် ရွာဓလေ့ စကားလုံး တခု ကို ခပ်ဝဲဝဲ သုံးတတ်လာပြီ။
ဥပမာ အရင်က နှင်းသီက အရမ်းရီရတာပဲ ပြောသည့်နေရာတွင် နှင်းသီက အရမ်းရီရတာ မောင်ရေ့ ဆိုသည့် အာလုတ်သံ ထည့်ဝင် သုံးနှုံးတတ်လာပြီ။
>>>ဆက်ရန် <<<
သက္ကရာဇ်စွန်း အလွမ်းသံစဉ်
လရောင်က ကြမ်းပြင်ပေါ်လင်းဖြာ
ဘုရားကျောင်းနံရံထက်က
ဒီအလင်းနဲ့ တိတ်တဆိတ် က ခုန်နေမဲ့ ကျောက်သားနတ်သမီးများ
သလင်း စားပွဲပေါ်က မီးတောက်ငယ် ယိမ်းတနွဲ့ မှာ ငါ့အရိပ်ပါ စည်းချက်လိုက်နာ
စိတ်ဝိဉာဏ် အေးတိတ်တဲ့ည
ကြယ်ကလေးတွေဆီက စကားသံတောင် ပျပျလေး ကြားလိုက်ရ
အမှတ်မထင်
ရိုစီတာရဲ့ နှင်းဆီပွင့်တွေကို လွမ်းသွား
လိပ်ပြာလမ်းရဲ့ ပိုးစုန်းကြူးလေးတွေ လွမ်းသွား
တောင်ခြေစီက မြစ်ဧရာကို လွမ်းသွား
တချိန်က
အေးမြတဲ့ ကျောက်ကြမ်းခင်းထက် ဖဝါးမြှုပ်ရင်း တိတ်တဆိတ် မျှော်ငေးခဲ့ရမည့် လမ်းပြ တံခွန်များ
ညဥ့်ကြက် တွန်သံများ
ဟောဟို ကျွန်းတောဆီမှ ရုတ်တရက် အသော့နှင်လာပြီး ပွေ့ဖက်လိုက်လေမလား မြစ်ဧရာရဲ့ လှိုင်းငယ်တဖြတ်လို ယိုင်ခတ် ပန်းလျရ...
ဒီလိုနဲ့ 
ခရီးဆက်ချင်သည်ဖြစ်စေ မဆက်ချင်သည်ဖြစ်စေ
ရထားကတော့ ခုတ်မောင်းဆဲပဲ
လွမ်းနေကြောင်းကို သိစေချင်တာ
သက္ကရာဇ်များအဆက်ဆက်တိုင်အောင်။
Friday, August 4, 2017
ခရီးသွားခြင်း
မွန်းယိမ်းနေက သူ့ ပါးပြင်ထက်
ထောင့်ချိုး ၆၀ဒီကရီ လောက်မှ လင်းဖြာကျနေ
အလေးကြီး ပုခုံးမှာ ပိုးထားတယ်
စိတ်တွေက လွင့်ပါး ကြည် ပျံ့
ကိုယ်တို့  ငြင်းခုံတယ်
ညီညွတ်တယ်
အပြန်အလှန်စောင့်ရှောက်ကြတယ်
စကားမပြောပဲ တဖက်လှည့် အိပ်တယ်
မနက်ခင်းမှာ ကိုယ့်ဖိနပ်ထဲ ပိုးသတ်ဆေး ထည့်ပေးထားတတ်တယ်
လမ်းမကြီး ခြားပြီး ပလက်ဖောင်း တဖက်စီက အော်ဟစ် စကားများတယ်
လှေကားအတက်မှာ သူ့ ကျောက အလေး ထက် ကိုယ့်ပုခုံးက အိတ်က လေး နေသလား မ တင်ပေးတယ်
ရိုးရိုးစင်းစင်း ထူးဆန်းတာတွေ မြည်းစမ်းကြတယ်
တယောက် မြင် တာ တယောက် တွေ့ စေဘို့  ခဏ ခဏ တံတောင်နဲ့  တွတ်တယ်
လူထူထူထဲ တိုးဘို့  တယောက် လက် တယောက် ဆွဲဆုပ်ထားကြတယ်
တယောက်ကို တယောက် ခလုတ်တိုက်တယ်
တယောက်ကို တယောက် ဆွဲထူတယ်
အပြန်အလှန်
နွေးထွေးလို နွေးထွေးငြား သိုင်းဖက်ထားတယ်
အေးမြလို အေးမြငြား အရိပ်ကာပေးတယ်
လူတွေကို
ခွေးတွေ ကြောင်တွေ ငှက်တွေကို
မြစ်တွေချောင်းတွေ တောင်တန်းတွေ ပန်းခင်းတွေကို အတူကြည့်တယ်
လေယာဉ်ချိန်မှီတယ် ကံကောင်းထောက်မပြီး အငှားကား ဈေးချိုတယ် နေသာတယ် နှင်းပွင့်လေးတွေ လက်နဲ့  တို့ ကြည့်တယ် ဧည့်ကြိုက သဘောကောင်းတယ်
ဒီလိုနဲ့  ဆက်လျှောက်ကြတယ် ဆက်လျှောက်ကြမယ် ခရီးအတူ ဆက်သွားရဦးမယ်
to my best travel partner
Friday, February 17, 2017
Visit to Japan in 1500sgd budget plan
ဂျပန်မှာ ချယ်ရီရာသီ စ ပြန်တော့မယ်။ ဂျပန်သွားလည်ချင်လို့  ဈေးကလဲ မေးလိုက်ရင် အနည်းဆုံး သုံး-လေး ထောင်ကုန်မယ်... ဗီဇာလဲ မလွယ် စသည်ဖြင့် ပြောတဲ့ သူငယ်ချင်းတွေ အတွက် သတင်းလေး လက်တို့ ချင်တာ။ တကယ်သွားချင်ရင် စင်ကာပူဒေါ်လာ ၁၅၀၀ နဲ့ ရောက်တယ်လို့ ။
ကျမ မှာ သူငယ်ချင်းတွေရှိတယ်။ သူတို့ သွားတဲ့ ခရီးတွေဟာ ဈေးချိုချိုနဲ့  ကမ္ဘာအနှံ့  ပတ်နေတဲ့ သူငယ်ချင်းတွေပါ။ ဈေးချိုတယ်ဆိုလို့  ကျောပိုးအိတ် တလုံးနဲ့  သွားနေတဲ့ သူလဲ မဟုတ်ပါဘူး။ မိသားစုနဲ့  ခရီးထွက်တဲ့အခါလဲ ထွက်၊ တခါတလေ luxury tour လိုမျိုး သွားရင်တောင် အခြားသူထက် တော်တော် ဈေးချိုနေတတ်ပါတယ်။ ဒီ့အတွက် လျှို့ ဝှက်ချက်မရှိပါဘူး။ သူတို့ က ခရီးတခု ထွက်ဘို့ ဆို plan ကောင်းကောင်းဆွဲလို့ ပါ။ သူတို့ ဆီက ကျမ အတူယူရတာတွေပေါ့။
၁၅၀၀ နဲ့  ဂျပန်ကို (၅ရက်အတွင်း) ဘယ်လိုသွားမလဲ ဆိုတာလေး အကြမ်းဖျဉ်းပြောပြပါမယ်။
အရင်ဆုံး ဘယ်အချိန်တွေ သွားမယ်ဆိုတာ စဉ်းစားရမှာပါ။ ဆောင်းအကုန် နွေအကူး ပန်းမျိုးစုံ ပွင့်တဲ့အချိန် (march to may) လား ... မိုးလေကင်းလွတ်ပြီး ပွဲတော်မျိုးစုံနဲ့ လာဗန်းဒါး တွေ မွှေးတဲ့ နွေရာသီ (june to August) လား... မေပယ်ရွက်တွေ ရဲရဲနီတဲ့ ဆောင်းဦးရာသီ (Sept to Nov) လား... နှင်းတွေ ဖွေးဖွေးလှုပ်တဲ့ (Dec to Feb) လား စသည်ဖြင့် စဉ်းစားရမှာပါ။ ကိုယ်သွားမဲ့ရက်ကို ပြက္ခဒိန်မှာ မှတ်ပြီးပြီဆိုရင် အရင်ဆုံး လုပ်ရမှာက လေယာဉ် လက်မှတ်ဝယ်ဘို့ ။
လေယာဉ်လက်မှတ် ဝယ်တဲ့ အခါ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ် ရွှေ့ ရမယ် ဖျက်ရမယ်ဆိုရင် refund ပြန်လုပ်ဘို့  အဆင်ပြေမဲ့ ဆီက ရှာဝယ်တာ ကောင်းပါတယ်။ ပြီးတော့ ကပ်ဝယ်မယ်ဆိုရင် ဘယ်လိုမှ အကောင်းဆုံးဈေးကို မရတတ်ပါဘူး။ ကိုယ်သွားမဲ့ အချိန်က spring လို winter လို လူကြိုက်များတဲ့ ရာသီဆို ဈေးပိုကြီးတတ်တဲ့အပြင် ဟိုတည်တွေလဲ အလွန်ရှာရခက် ဈေးကြီးပါတယ်။ အဲဒါကြောင့် အနည်းဆုံး ၄လ ကနေ ၆လ အတွင်း ကြိုစီစဉ်ရပါတယ်။
ကိုယ်သွားမဲ့ ရက် မတိုင်ခင် (၄လ - ၆လ) အတွင်း စီစဉ်ရင် လေယာဉ်လက်မှတ် (အသွားအပြန်) ၆၀၀ ကနေ စပြီး ဝယ်လို့ ရပါတယ်။ အနားကပ်လာလေ ဈေးပိုကြီးလာလေ ဖြစ်တတ်တာကြောင့် ကြိုစီစဉ်ရပါတယ်။
ဂျပန်နိုင်ငံအတွင်း လာလည်တဲ့ ခရီးသည်တွေအတွက် ရထားလက်မှတ်တွေလဲ အွန်လိုင်းက ရောင်းတာရှိပါတယ်။ ခရီးရှည်သွားမဲ့ ဧည့်သည်တွေအတွက် တပါတ် ဆယ့်လေးရက် စသည်ဖြင့် လက်မှတ် အစားစားရှိပါတယ်။ ordinary ticket (7days) က ၃၅၀ စင်းဒေါ်လာနဲ့  တနိုင်ငံလုံးနီးပါး သွားလာလို့ ရပါတယ်။ သဘောက ၇ရက်အတွင်း သွားချင်သလောက်သွား ရထား စီးချင်သလောက်စီး ပိုက်ဆံထပ်ပေးစရာမလိုပါဘူး။ အလည်သွားသူတွေကိုပဲ ရောင်းတာပါ။
တည်းဘို့  ခိုဘို့ လဲ ဂျပန်မှာ ဈေးမကြီးတဲ့ နေရာတွေ ရှာလို့  ရနိုင်ပါတယ်။ အတွေ့ အကြုံအရ hostal တွေဟာလဲ အရမ်းအဆင်ပြေပါတယ်။ အိမ်တွေကနေပြန်ငှားတဲ့ airbnb လိုမျိုးကနေ ငှားရင်လဲ တညကို စင်းဒေါ်လာ ၅၀ ထက် ပိုမကုန်ပါဘူး။
အထူး စပါယ်ရှယ် ဆူရှီလို ငါးအကောင်းစား အစိမ်းလိုက် စားရတာမျိုးတို့  အမဲသား အကောင်းစား တို့  ဆိုတာမျိုးသာ မစားရင် အစားအသောက်ကလဲ တခါစားလောက်ကို စင်းဒေါ်လာ ၁၀-၁၅ လောက်နဲ့ ရပါတယ်။ 7-11 လို ဆိုင်မျိုးက ခေါက်ဆွဲတွေဆိုလဲ အရမ်းအရသာ ရှိပါတယ်။
အဲဒီတော့ ကိုယ်ကလဲ ကြို စီစဉ်မယ်။ ၉၆၉၃ ခြေလျှင်လျှောက်လိုက် စက်ဘီးငှားတန်တာငှား နဲ့ ဆို ခရီးတခုလုံး ကုန်ကျစရိတ်ဟာ ပြောခဲ့တဲ့ ဘတ်ဂျက်ထဲမှာပါပဲ။
ပြီးတော့ ကုန်ကျစရိတ်တွေက တခါတည်းကုန်တာမျိုး မဟုတ်ပဲ ခွဲပြီး စီမံ ခန့် ခွဲရတာဆိုတော့ အဆင်ပြေအောင် ချိန်ညှိလို့ လဲရပါတယ်။ ဥပမာ April မှာ ခရီးသွားမယ်ဆို January မှာ လေယာဉ်လက်မှတ်ဝယ်။ February မှာ ဟိုတည် booking လုပ်။ March မှာ ဗီဇာတင်၊ ရထားလက်မှတ်ဝယ်။ စသည်ဖြင့်ပေါ့။ hidden cost တွေကတော့ ဂျပန်ရောက်တဲ့အချိန် ဆာကေးလေး အူမဲရှူးလေး သိပ်ကောင်းလို့  သောက်လိုက် ဝယ်လာလိုက်တာမျိုးပေါ့ :D
- airfare 650 (2ways)
- hotel for 5 days (40x5) = 200 (နှစ်ယောက်သွားရင် တယောက်တဝက် ရှဲပေါ့။ တယောက်တည်း သွားရင်တော့ ဒီ့ထက်ဈေးချိုတာ ရှာလို့ ရပါတယ်။
- Visa fees 100~150
- meal 30sgd/ day x 5 = 150
- train pass = 350
2016 january မှတ်တမ်းအရ 2015 အတွင်းမှာ လူဦးရေ 20 million လောက် ဂျပန်ကို သွားရောက်လည်ပတ်ခဲ့ပြီး ဂျပန်ယမ်းငွေ 3.48 trillion အထိ ဝင်ငွေရှိခဲ့တယ်ဆိုပါတယ်။ 2013 က စခဲ့တဲ့ Visit Japan ဆိုတဲ့ campaign ကနေ ခရီးသွားလုပ်ငန်းကို တိုးချဲ့  အားပေးခဲ့တဲ့ အမြတ်ပါ။ ၂၀၁၆ မှာ ဒီ့ထက် ပိုဝင်ငွေ ကောင်းခဲ့ပြီး ၂၀၁၇ အတွက်လဲ ကောင်းကောင်းပြင်ဆင်ထားပါသတဲ့။
သွားမယ် သွားချင်တယ်ဆိုပြီး ဖုန်းဆက် မတ်စိပို့  လူချင်းဆုံမေးတဲ့ သူငယ်ချင်းများ တကယ်ရောက်အောင် အမြန်ဆုံး ပြင်ဆင်နိုင်ပါစေ။
Thursday, February 16, 2017
D : Defect - LEAN Management System (7 wastes Introduction)
နောက်ဆုံးပိတ် waste လဲ ဖြစ် ကိုယ်တွေနဲ့ လဲ ရင်းနှီးတဲ့ waste တခုကတော့ Defect ပါ၊ Defect ဆိုတာ ပုံမှန်အားဖြင့် ကာစတန်မာ တောင်းဆိုတာထက် လျော့နည်းရမဲ့ အရာတခုပေါ့။ မျက်စိလည်သွားလား။
ကိုယ်က ပီဇာရောင်းမယ်။ ပီဇာတခု ရောင်းဘို့  ကိုယ့်ဝန်ထမ်းကြောင့် ပီဇာပျက်သွားတယ် သုံးတဲ့ ဂျုံအမျိုးအစားမကောင်းလို့  ပီဇာ မှိုနံ့  နံသွားတယ် မီးဖို အပူချိန် ချိန်လို့ မရလို့  ပီဇာကျွမ်းသွားတယ် စသည်အမျိုးမျိုးသော အကြောင်းတွေကြောင့် defect ဖြစ်လာတဲ့အခါ ကိုယ့်အရင်းထဲက ပဲ့ပဲ့ပါသွားတာပေါ့။
အဲဒီတော့ defect ကြောင့် အရည်အသွေးညံ့ဖျင်းတာ၊ ဝရန်တီ အချိန်ကြာကြာပေးပြီး ပျက်သမျှ ပြင်ပေးရတာ၊ ပြန်ပြီး ပြုပြင်ပေးရတာ (Rework) ၊ service cost တွေ နှိမ့် ယူရတာကနေ... နောက်ဆုံး ကာစတမ်မာ တခြားသူဆီရောက်သွားတော့တာပါပဲ။
ဘာကြောင့် defect ဖြစ်ရသလဲ...
အဖြစ်နိုင်ဆုံးအချက်က Process Check လစ်ဟာတာကြောင့်ပါ။ ကိုယ်လုပ်နေတဲ့ လုပ်လက်စ အလုပ် မှန်လား မှားလား ဝေဖန် ဆန်းစစ်မှု အားနည်းတာမျိုး။ ပြသနာဆိုတာမျိုးက စောစောဖြေရှင်းလေ အကုန်အကျ သက်သာလေပါပဲ။ နောက်ပြီး လိုအပ်တဲ့ သင်တန်းတွေ မရှိတာမျိုး၊ တိကျရှင်းလင်းတဲ့ work instruction မရှိတာတွေဟာလဲ defect ကို ဖြစ်ပေါ်စေပါတယ်။
ပြသနာကို ချဉ်းကပ် အဖြေရှာတဲ့ နည်းမျိုးစုံရှိပါတယ်။ ဥပမာ - ပစ္စည်းတွေ ထောင်နဲ့ သောင်းနဲ့  ချီ ထုတ်လုပ်တဲ့ စက်ရုံတွေမှာဆို ပစ္စည်းတခုမှာ ပြသနာတွေ့ တာနဲ့  တွေ့ တွေ့ ချင်း operate လုပ်နေတဲ့ line ကို ရပ်ပြီး ပြသနာကို ချက်ချင်းအဖြေရှာခြင်းဖြင့် အခြားထောင်ပေါင်း သောင်းပေါင်းများစွာသော ပစ္စည်းတွေရဲ့ ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။
Pokayoke လို့ ခေါ်တဲ့ mistake proofing tools ကိုလဲ သုံးကြပါတယ်။ အမှားထဲက အဖြေရှာနည်းလို့  ဆိုပါစို့ ။ mistake proofing ကို လွယ်လွယ်ကူကူတွေ့ ရမဲ့နေရာက အများပြည်သူသုံးအိမ်သာ လက်ဆေး စင်တွေက ရေပိုက်ခေါင်း တွေမှာ အလိုအလျောက် ရေကျစေတဲ့ sensor တပ်ထားတာကို ဥပမာ ပေးရပါလိမ့်မယ်။
သဘောက အိမ်သာကထွက်လာတဲ့သူဟာ သာမာန်ရေပိုက်ခေါင်းကို လှည့်ဖွင့်ပြီး လက်ဆေးတယ်။ ရေပိုက်ခေါင်း ပြန်ပိတ်တဲ့အခါမှာ ခုန လက်မဆေးရသေးတဲ့ အချိန် ကိုင်ထားတဲ့ နေရာကိုပဲ ပြန်ကိုင်ပြီး ပိတ်လိုက်တော့ သဘောအားဖြင့် ဆေးပြီးသား လက် ပြန်ညစ်ပတ်ပြီး အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။ လက်ဆေးကန်ထဲ လက်ရောက်တာနဲ့  အလိုအလျောက်ရေကျခြင်းဖြင့် ခုနက ပြသနာကို ဖြေရှင်းလိုက်ပါတယ်။ ဒါ့အပြင် ရေပိုက်ခေါင်းကို ဖွင့်လိုက် လှည့်လိုက်နဲ့  အချိန်ကြာတဲ့အခါ ရေပိုက်ခေါင်း ချောင်ပြီး လဲ ရစေခြင်းမှလဲ အချိန်ကာလ တခု အထိ သက်သာစေပါတယ်။
5 Why လို့ ခေါ်တဲ့ ပြသနာကို ချဉ်းကပ်နည်းတခုကလဲ အလွန်အသုံးဝင်ပါတယ်။
အလွန် လူကြိုက်များ အသုံးဝင်တဲ့ tools တခုကတော့ Fish bone diagram လို့ ခေါ်တဲ့ ငါးရိုးပုံနဲ့  ပြသနာ အဖြေရှာနည်းပါ။ ငါးရဲ့ ဦးခေါင်းဟာ အမြဲတမ်း ပြသနာအဖြစ် ဦးတည်ထားပြီး အခြေခံအားဖြင့် အရိုး ၅ ချောင်းနဲ့  ဖွဲ့ စည်းပြီး အဖြေရှာပါတယ်။ အရိုးတွေရဲ့ အမည်တွေက Man, Machine, Material, Method, Enviroment (4M+1E) လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ Man လူကြောင့်ဖြစ်သလား Machine စက်ကြောင့်ဖြစ်သလား Material အသုံးပြုတဲ့ပစ္စည်းတွေကြောင့်လား Method အသုံးပြုပုံ တည်ဆောက်ပုံတွေ လွဲချော်နေသလား မရှင်းလင်းသလား Enviorment ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်လား စသည်ဖြင့် anlysis လုပ်တာမျိုးပါ။Fish Bone Diagram အတွက်လဲ လေ့လာထားသမျှ သတ်သတ်ရေးပါမယ်။
နောက်ထပ် defect မှာ ကျမ သုံးလေ့ရှိတဲ့ tool တခုက 80-20 rule ပါ။ ပြသနာပေါင်း သောင်းခြောက်ထောင် ပစ္စည်းပေါင်း အမျိုးအမည်ပေါင်းများစွာအတွက် တခါတည်း မဖြေရှင်းနိုင်ပါဘူး။ အဲဒါကြောင့် ရလာတဲ့ data ပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတဲ့ နှစ်ကာလ အပိုင်းအခြားအတွင်း ပြသနာ အပေးဆုံး ဆုံးရှုံးမှု အများဆုံး ပစ္စည်း / ပြသနာအမျိုးအမည် (defect description) ၂၀% ကို မင်နီဝိုင်းလိုက်ပါတယ်။ ဒီ၂၀% ကို ဖြေရှင်းလိုက်ခြင်းအားဖြင့် defect cost 80% ကို အလိုအလျှောက် ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။
မေးခွန်းများ feedbackများ ဖြည့်စွက်မှုများ ဆွေးနွေးမှုများ ကြိုဆိုပါတယ်ရှင့်
 Jan 17 - 2017 Posted at Pyay GTI facebook group
O : Over Production - LEAN Management System (7 wastes Introduction)
waste တွေ အကြောင်း တရွေ့ ရွေ့ နဲ့  သွားနေတာ အခု Over Production အကြောင်း ဝေမျှခြင်ပါတယ်။ စကားအဖြစ်နဲ့  ပြောရရင် အချိန် ၅ မိနစ်လောက်သာ ကြာမှာဆိုပေမဲ့ စာရေးတာဆိုတော့ စာရိုက်လိုက် စဉ်းစားလိုက် ရေးထားတာ ပြန်ဖတ်လိုက်နဲ့  ရှေ့ မရောက်တာလဲ ပါတာကြောင့်ပါ။
Over Production ဆိုတာ ဝယ်ယူသူ စားသုံးသူ customer လိုအပ်နိုင်တာထက် ပိုပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေပေါ့။ ကြုံဆုံတုန်းပြောရမယ်ဆိုရင် customer ဆိုတာ ကိုယ့်ကို အခကြေးငွေ ပေးပြီး ကိုယ့် product/ service ကို ဝယ်သူသူကို external customer လို့  ခေါ်ပြီး ကိုယ့်ရုံးတွင်း အဖွဲ့ အစည်းအတွင်းမှာ ကိုယ့်ရဲ့ နောက် process တခုကို လက်ဆင့်ကမ်း ဆက်လက် လုပ်ဆောင်သူကို internal customer လို့  ခေါ်ပါတယ်။
ဥပမာ စက်ရုံတခုမှာ ပစ္စည်းဝယ်ယူတဲ့ ဌာန က ထုတ်လုပ်တဲ့ ဌာန ကို ဝယ်ထားတဲ့ ပစ္စည်းတွေ ပေးပြီး ကုန်ချောတခု ဖြစ်အောင် ဆောင်ရွက်တယ်ဆိုပါစို့  ထုတ်လုပ်ရေး ဌာနသည် အဝယ်ဌာနရဲ့ customer ဖြစ်ပါတယ်။ ထုတ်လုပ်ရေးဌာနရဲ့ လိုအပ်တဲ့ ပစ္စည်းတွေ မှန်မှန်ကန်ကန်နဲ့  သတ်မှတ်ထားတဲ့ အချိန်အတွင်း လက်ခံရရှိစေဘို့  အဝယ်ဌာနမှာ တာဝန်ရှိပါတယ်။ ဒါကို external နဲ့  internal customer ရယ်လို့  သတ်မှတ်ထားပါတယ်။ Quality Management System မှာ customer ဆန္ဒပြည့်ဝစေဘို့  ပျော်ရွှင်စေဘို့  အမြဲ အလေးထားပါတယ်။ ဆိုလိုတာက အပြင်က စားသုံးသူ ဝယ်ယူသူကိုသာမက internal customer လို့ ခေါ်တဲ့ ကိုယ့် အဖွဲ့ အစည်းအတွင်းက သူတွေကိုလဲ တန်ဘိုးထားတာပါ။
over production အကြောင်း ပြန်ဆက်ရမယ်ဆိုရင် လိုအပ်တာထက် အလွန်အကျွံ ထုတ်လုပ်မှုကို mother of all wastes လို့ တောင် အမည်တပ်ပါတယ်။ ဒီ အလွန်အကျွံ ထုတ်လုပ်မှုက အခြား waste အမျိုးအစားများကိုပါ ဆင့်ကဲ ဖြစ်ပေါ်စေပါတယ်။ over production က inventory အများအပြား သိုလှောင်မှုကို ဖြစ်စေလာမယ် အဲဒီအတွက် နေရာတွေ သိုလှောင်တဲ့ ပတ်ဝန်းကျင် ထိန်းညှိမှုတွေ လိုအပ်လာမယ်။ နည်းပညာ စိန်ခေါ်မှုမှာ ကျရှုံးခဲ့ရင် ချက်ချင်း အမှိုက်ပုံ ဘဝပြောင်းသွားတာမျိုး စသည့် နောက်ဆက်တွဲ ပြသနာတွေက မနည်းမနောပါပဲ
over production ဖြစ်ရတဲ့ အကြောင်းရင်းတွေမှာ အကယ်၍များ လိုအပ်ခဲ့သည်ရှိသော် ဆိုတဲ့ အတွေးနဲ့  ပိုပြီး ထုတ်လုပ်တာ၊ အမှာစာထက် ပိုမိုထုတ်လုပ်ပြီး အလုပ်များဘို့  ကြိုးစားတာ၊ အပိုပစ္စည်းအများအပြား အသုံးပြုတာ၊ အသင်းအဖွဲ့ တခုလုံးကိုယ်စား ခန့်မှန်းစစ်ဆေးရမဲ့အစား လုပ်ငန်းခွင်တနေရာစာလောက်သာ စဉ်းစား အမြင်မကျယ်တာတွေက အလွန်အကျွံထုတ်လုပ်မှုကို ဦးတည်စေပါတယ်။
over production ကြောင့် ပေးရတဲ့ အရင်းအနှီးကတော့ တကယ်မလွယ်ပါဘူး။ နည်းပညာ စိန်ခေါ်မှုကြောင့်သာ ကိုယ်ထုတ်ထားတဲ့ product တွေ လူကြိုက်များမှု နည်းသွားတာမျိုးဆို ကံကောင်းရင် လျှော့ဈေးတို့  clearance prices တို့ နဲ့  ရောင်းရရင် ရောင်း မဟုတ်ရင်တော့ အားလုံး ပစ်ထုတ်ရမဲ့ အဖြစ်ပါ။ အရင်းအနှီးများ အပြိုင်အဆိုင်သိပ်များတဲ့ မိုဘိုင်း တယ်လီဖုန်း လောက တီဗွီ ကွန်ပြူတာ ကား စတဲ့ ပစ္စည်းတွေမှာ over production ကို ကြတ်မတ် ဆောင်ရွက်ကြပါတယ်။
ဒီစစ်ပွဲမှာ ဘယ်လို လက်နက်တွေ သုံးပြီး over production ကို သတ်လေ့ရှိသလဲ ဆိုရင် Kanban လို့ ခေါ်တဲ့ စနစ်ကို အသုံးပြုပြီး production ဘယ်အချိန်မှာ စရမယ် ဆုံးရမယ်ဆိုတာ ထိန်းချုပ်ပါတယ်။
Visual management ဟာလဲ အလွယ်တကူ ထိန်းချုပ်လို့ ရတဲ့ tools တခုဖြစ်ပါတယ်။ ဥပမာ ပေါင်မုန့် လုပ်တဲ့ဆိုင်မှာ သတ်မှတ်ထားတဲ့ မုန့် ဗန်း အရေအတွက် ရပြီးရင် ပေါင်မုန့် လုပ်တာ ရပ်ထားတာမျိုး။
ကိုယ့်ပတ်ဝန်းကျင်မှာ over production နဲ့  တူတဲ့ ကိစ္စမျိုး ကြုံတွေ့ ရတယ်ဆိုရင် အခြားသူတွေလဲ သိရအောင် share ပေးပါဦး။
Jan 09- 2017 Posted at Pyay GTI facebook group
O : Over Processing - LEAN Management System (7 wastes Introduction)
Over processing ဖြစ်လာတတ်တာကတော့ ပစ္စည်း အဆောက်အဦ စသည်ဖြင့် တစုံတခုရဲ့ ဒီဇိုင်းမမှန်ကန်မှုကြောင့် resources တွေ ပိုသုံးရတာမျိုး နေရာပိုကျယ်ကျယ်ယူတာမျိုး energy, people စသည်ဖြင့် ပုံမှန်လိုအပ်တာထက်ပိုပြီး အသုံးပြု အားစိုက်ရတဲ့ အရာမျိုးကို over processing လို့  ဆိုလိုပါတယ်။ ဥပမာအနေနဲ့ ဆို မြေပဲတတောင့်ခွဲဘို့  တူတလက်သုံးသလို မျိုးပေါ့။ over processing ရဲ့ အဖြစ်အများဆုံး ပြသနာကတော့ စားသုံးသူရဲ့ လိုအပ်ချက်ကို သေချာ နားလည်သဘောပေါက်မှု မရှိလို့ ပါ။
ကျမတို့  အလုပ်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ over processing ဆိုရင် incoming inspection ဆိုပါစို့ ။ မလိုအပ်ပဲ inspectionကို process တွေထဲမှာ ထည့်မယ်ဆိုရင် inspection လုပ်ဘို့  လူငှားရမယ်။ နေရာလုပ်ရမယ်။ လိုအပ်တဲ့ equipment တွေဝယ်ရမယ်။ အချိန်ပိုကုန်မယ်။ အဲဒီအစား supplier ကို ကိုယ်မှာတဲ့ပစ္စည်း ကိုယ်လိုချင်တဲ့ အရည်အသွေး အတိအကျရဘို့  control လုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ process တွေကို ဖြတ်ထုတ်နိုင်ပါတယ်။
Over Processing ဖြစ်တတ်တဲ့ အကြောင်းရင်းများ
- customer ရဲ့ လိုအပ်ချက်ကို မရှင်းလင်းမသေချာတာ။ ကျမ အသိတယောက်က ပြောတယ်။ သူ့ ရုံးမှာ proess တခု လိုတဲ့အတွက် automation စက်တလုံးဝယ်လိုက်သတဲ့။ စက်ရလာပြီးတဲ့နောက် အဲဒီစက်ကို run ဘို့  အင်ဂျင်နီယာ တယောက်အမြဲထားရတယ်။ စက်ရဲ့ programming ကို နားလည်ဘို့  သင်တန်းတွေလဲ ပေးတက်ရတယ်။ တကယ့်တကယ်ကျ အလုပ်မဖြစ်လို့  အဲဒါကို မသုံးဖြစ်တော့ဘူးတဲ့။
- lack of communication.. အဖွဲ့ အစည်းတွင်းမှာဖြစ်စေ အပြင်မှာဖြစ်စေ စနစ်တကျ ဆက်သွယ်မှု ပြောဆိုမှု မရှိတဲ့အခါ မလိုအပ်တဲ့ process တွေ ထပ်ခါ ထပ်ခါလုပ်ပြီး တကယ့်လိုအပ်ချက်နဲ့  ဝေးကွာသွားတာမျိုး ဖြစ်တတ်ပါတယ်။
Over Processing ဖြစ်နေပြီဆို ဘာလုပ်မလဲ။
လုပ်လက်စကို ရပ်လိုက်ပါ။ အခြား စကားလုံးအနေနဲ့ ပြောရရင် over processing ကြောင့် waste တွေ ဖြစ်နေပြီဆိုတာ သတိပြုမိတာနဲ့  ရပ်လိုက်ပါတဲ့။ နောက်တဆင့်အနေနဲ့  process map တွေ flow တွေ ပြန်ကြည့် စမ်းစစ်ပြီး မလိုလားအပ်တဲ့ အဆင့်တွေကို ဖြတ်တောက်ပစ်ရပါမယ်။ စာရွက်တရွက် ဘောပင်တချောင်းနဲ့  process ပေါ်မှာ နားလည်ရင်းနှီးတဲ့ လူကို မေးခွန်းတွေမေးပြီး ဘယ်အရာ ဖြတ်တောက်ရမယ်ဆိုတာ နားလည်နိုင်ပါတယ်။ အရေးအကြီးဆုံးအနေနဲ့  စားသုံးသူ (customer) လိုချင်တာ လိုအပ်တာ ဘာလဲဆိုတာ နားလည်ရပါမယ်။ နောက်ဆုံးအနေနဲ့  အခြား Lean tools တွေဖြစ်တဲ့ 3P (Product Preparation Process) စတာတွေနဲ့  action ယူပြီး over processing ကို အပြီးတိုင် ဖြတ်တောက်နိုင်ပါတယ်။
Dec 21 - 2016 Posted at Pyay GTI facebook group