Tuesday, September 25, 2018
Postcard to myself
"အချစ်ဆိုတာ တို့ နှစ်ယောက်အတွက်တော့ ချိုမြိန်တဲ့ နှုတ်ဆက်ခြင်းပါပဲ။"
မိုးစက်တွေ ဖြည်းဖြည်းလေးလေးကျနေတဲ့ နေ့ ရက်တခုထဲ ကိုယ်တို့  ဆုံတွေ့ ခဲ့ကြတယ်။ ၁၂-၁၃ နှစ်အရွယ် ကိုယ်နဲ့  မတိမ်းမယိမ်း ချာတိတ်မလေးရဲ့ အားငယ်တဲ့ မျက်လုံး နက်နက်တွေ မာန်တင်းထားတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့  ကိုယ့်အဒေါ်နောက်မှာ တိတ်တိတ်လေးရပ်နေတဲ့ သူမ ကို ကိုယ်လှမ်းကြည့်နေခဲ့တယ်။ သူမရပ်နေရာ နောက်ကျောဘက် အိမ်အပြင်မှာ မိုးစက်တွေ တစက်ချင်း ကျလို့  အဖြူပွင့်ဖတ်မှာ အညိုရောင် ဝတ်ဆံပါတဲ့ သစ်ခွပန်းတွေက အခိုင်လိုက်ပွင့်နေတာ ပြူတင်းပေါက်မှ လှမ်းမြင်နေရတယ်။
သူမ နဲ့  ကိုယ်က အမျိုးစပ်ရရင် သုံးဝမ်းကွဲလောက်တော်တဲ့ ညီအမတွေပေါ့။ အဒေါ်ကြီး လို့ ကိုယ်တို့ ခေါ်တဲ့ ကိုယ့်အဒေါ်က သူမကို ကိုယ့်ဘေးနားမှာ နေရာချပေးတယ်။ 
သူမက သူမဇာတိ ရွာကလေးမှာ အထက်တန်းကျောင်း မရှိလို့  နီးစပ်ရာမြို့ ကို ကျောင်းလာတက်ပြီး ဆွေမျိုးနားနီး အဒေါ်အိမ်မှာ နေဘို့  ရောက်လာသူ။ ကိုယ်က အဆင်မပြေတဲ့ အဖေ နဲ့  အမေ ဆက်ဆံရေးကို အရွဲ့ တိုက်ပြီး ကျောင်းတနှစ်နားထားတဲ့ အမျိုးများ အလည် နာမည်ဆိုးနဲ့  ကျော်ကြားသူ။ နောက်တော့ အဖေ့ အမျိုးများရှိရာ ဒီမြို့ လေးမှာ အထက်တန်းဆက်တက်ဘို့  ရောက်လာခဲ့သူ။
ကိုယ်က ကိုယ့်ကိုကိုယ် ဒေါင့်ကျိုးတဲ့ ပုံမဖြစ်အောင် တသက်လုံး သတိထား ဟန်ဆောင်ခဲ့သူ ပီပီ သူမ ရောက်လာတာကို လျစ်လျူရှုကာ တဘက်လှည့် စာဖတ်ချင်ယောင်ဆောင်နေလိုက်တယ်။ ပါးနပ်တဲ့ ကိုယ့်အဒေါ်ကတော့ ကိုယ့်ဆံပင်တွေ သပ်ပေးပြီး နှင်းသီတာလေး အဆင်ပြေအောင် သမီးက ကြည့်ပေးလိုက်ဦးနော် လို့  ဖွဖွ ငြင်သာ မှာပြီး အခန်းပြင်ထွက်သွားခဲ့တယ်။ အချိန်အတော်ကြီးကြာအောင် ကိုယ်ကျောခိုင်းထားတဲ့ သူ့ ဆီက ဘာအသံမှ မကြားရဘူး။ ယုတ်ဆွအဆုံး အသက်ရှူသံ သဲ့သဲ့လေးတောင် မကြားရဘူး။ စာအုပ်ကို ပိတ်ပြီး ကိုယ်လှည့်ကြည့်လိုက်တော့ ပစ်ချထားတဲ့ အရုပ်ကလေး တရုပ်လို ထိုင်နေတဲ့ ကိုယ့်နောက်ကျောကို ငေးနေပုံရတဲ့ သူမ မျက်ဝန်းများနဲ့  ခလုတ်တိုက်တော့တယ်။
အဲဒီညက ဗလာစာအုပ်တွေကို သတင်းစာနဲ့  အဖုံး ဖုံးနေတဲ့ သူမ ကျောလေးဟာ မသိမသာ အနိမ့်အမြင့် ဖြစ်သွားတာ၊ စာအုပ်အဖုံးကို ပေတံနဲ့  ဖိပြီး အနားသတ်နေတဲ့အချိန် ဝေ့ဝဲကျသွားတဲ့ မျက်ရည်စက်တွေဟာ နေ့ လည်ခင်းက မိုးစက်တွေလိုပါပဲ။
"နှင်းသီတာ"
ကိုယ်ခေါ်တော့ သူ့ မျက်ရည်တွေ ဖွက်ဘို့  အဆင်မပြေတာနဲ့  လှည့်မကြည့်နိုင်ရှာ။
"လူတိုင်း သတင်းစာနဲ့  စာအုပ်ဖုံးကြတော့ နင့်စာအုပ်ကို နာမည်ကြီးကြီး ရေးမထားရင် မှတ်မိမှာမဟုတ်ဘူး။"
"ဟုတ် မမ"
အင်္ကျီလက်နဲ့  ကဗျာကရာ မျက်ရည်သုတ်ရင်း သူမ လှည့်ကြည့်တယ်။
"ငါ့ကို ဟန်သီမောင် ဖြစ်ဖြစ် ဟန်သီ ဖြစ်ဖြစ်ခေါ်လို့ ရတယ်။ ရော့ဒီမှာ ပန်းချီဆွဲတဲ့ ရေဆေးဗူးတွေ ရှိတယ်။ နင့်နာမည်ကို ကြီးကြီးရေးပြီး အရောင်နဲ့  ခြယ်ထားရင် မြင်သာတာပေါ့"
အဲဒီနောက်တော့ နာမည်ကို သတင်းစာအဖုံးပေါ် မြင်သာလှပ အောင် ပုံဖော်ရင်း အရောင်ခြယ်ရင်း ကိုယ်တို့  ခင်မင်ရင်းနှီးခဲ့တယ်။
 သူမ က ကိုယ့်ကို ဟန်သီ လို့  ခေါ်ပြီး ကိုယ်က နှင်းသီ လို့  ခေါ်တယ်။
မဝံ့ရဲ တတ်တဲ့ နှင်းသီ အတွက် ဟန်သီက စစ်သူကြီး။
စာရေးပျင်းတဲ့ ဟန်သီ့ အတွက် နှင်းသီက စာရိုက်စက်။
အင်္ဂလိပ်စာ အခြေခံ မပါတဲ့ နှင်းသီ အတွက် ဟန်သီက ဆရာမ တဖြစ်လဲ။
အချုပ် အလုပ် အလှအပ မဖြစ်မြောက်တဲ့ ဟန်သီ အတွက် နှင်းသီက ဒီဇိုင်နာ။
အထက်တန်း တတန်းပြီးတိုင်း အိမ်မပြန်သော ဟန်သီက နှင်းသီတို့ ရွာ လိုက်ပြီး မြေပဲနှုတ် ရေကူခပ် နွားရေတိုက် ထွက် နှင့် ရေမြေလိုက်ကာ စကားလဲ ဝဲတတ်။ ရွာဓလေ့ အသုံးအနှုံးမျိုးပင် ပြောတတ်လာသည်။
ဟန်သီရေ မနက်ကို ကော်ဖီ သောက်မှာလား မေးတဲ့အခါ
ဟုတ်ကဲ့ သောက်မှာ လို့  ပြောမဲ့အစား "မသောက်ရင်" လို့  ရင် နေရာကို အသံလေး ဆွဲပြီး ပြောတတ်ပြီ။ သဘောက မသောက်ပဲ နေမလား သောက်မှာပေါ့ ဆိုသည့် အဓိပ္ပါယ်။
အမည်ခေါ်ကာ အဆုံးသတ်သည့် ရွာဓလေ့ စကားလုံး တခု ကို ခပ်ဝဲဝဲ သုံးတတ်လာပြီ။
ဥပမာ အရင်က နှင်းသီက အရမ်းရီရတာပဲ ပြောသည့်နေရာတွင် နှင်းသီက အရမ်းရီရတာ မောင်ရေ့ ဆိုသည့် အာလုတ်သံ ထည့်ဝင် သုံးနှုံးတတ်လာပြီ။
>>>ဆက်ရန် <<<
သက္ကရာဇ်စွန်း အလွမ်းသံစဉ်
လရောင်က ကြမ်းပြင်ပေါ်လင်းဖြာ
ဘုရားကျောင်းနံရံထက်က
ဒီအလင်းနဲ့ တိတ်တဆိတ် က ခုန်နေမဲ့ ကျောက်သားနတ်သမီးများ
သလင်း စားပွဲပေါ်က မီးတောက်ငယ် ယိမ်းတနွဲ့ မှာ ငါ့အရိပ်ပါ စည်းချက်လိုက်နာ
စိတ်ဝိဉာဏ် အေးတိတ်တဲ့ည
ကြယ်ကလေးတွေဆီက စကားသံတောင် ပျပျလေး ကြားလိုက်ရ
အမှတ်မထင်
ရိုစီတာရဲ့ နှင်းဆီပွင့်တွေကို လွမ်းသွား
လိပ်ပြာလမ်းရဲ့ ပိုးစုန်းကြူးလေးတွေ လွမ်းသွား
တောင်ခြေစီက မြစ်ဧရာကို လွမ်းသွား
တချိန်က
အေးမြတဲ့ ကျောက်ကြမ်းခင်းထက် ဖဝါးမြှုပ်ရင်း တိတ်တဆိတ် မျှော်ငေးခဲ့ရမည့် လမ်းပြ တံခွန်များ
ညဥ့်ကြက် တွန်သံများ
ဟောဟို ကျွန်းတောဆီမှ ရုတ်တရက် အသော့နှင်လာပြီး ပွေ့ဖက်လိုက်လေမလား မြစ်ဧရာရဲ့ လှိုင်းငယ်တဖြတ်လို ယိုင်ခတ် ပန်းလျရ...
ဒီလိုနဲ့ 
ခရီးဆက်ချင်သည်ဖြစ်စေ မဆက်ချင်သည်ဖြစ်စေ
ရထားကတော့ ခုတ်မောင်းဆဲပဲ
လွမ်းနေကြောင်းကို သိစေချင်တာ
သက္ကရာဇ်များအဆက်ဆက်တိုင်အောင်။
Friday, August 4, 2017
ခရီးသွားခြင်း
မွန်းယိမ်းနေက သူ့ ပါးပြင်ထက်
ထောင့်ချိုး ၆၀ဒီကရီ လောက်မှ လင်းဖြာကျနေ
အလေးကြီး ပုခုံးမှာ ပိုးထားတယ်
စိတ်တွေက လွင့်ပါး ကြည် ပျံ့
ကိုယ်တို့  ငြင်းခုံတယ်
ညီညွတ်တယ်
အပြန်အလှန်စောင့်ရှောက်ကြတယ်
စကားမပြောပဲ တဖက်လှည့် အိပ်တယ်
မနက်ခင်းမှာ ကိုယ့်ဖိနပ်ထဲ ပိုးသတ်ဆေး ထည့်ပေးထားတတ်တယ်
လမ်းမကြီး ခြားပြီး ပလက်ဖောင်း တဖက်စီက အော်ဟစ် စကားများတယ်
လှေကားအတက်မှာ သူ့ ကျောက အလေး ထက် ကိုယ့်ပုခုံးက အိတ်က လေး နေသလား မ တင်ပေးတယ်
ရိုးရိုးစင်းစင်း ထူးဆန်းတာတွေ မြည်းစမ်းကြတယ်
တယောက် မြင် တာ တယောက် တွေ့ စေဘို့  ခဏ ခဏ တံတောင်နဲ့  တွတ်တယ်
လူထူထူထဲ တိုးဘို့  တယောက် လက် တယောက် ဆွဲဆုပ်ထားကြတယ်
တယောက်ကို တယောက် ခလုတ်တိုက်တယ်
တယောက်ကို တယောက် ဆွဲထူတယ်
အပြန်အလှန်
နွေးထွေးလို နွေးထွေးငြား သိုင်းဖက်ထားတယ်
အေးမြလို အေးမြငြား အရိပ်ကာပေးတယ်
လူတွေကို
ခွေးတွေ ကြောင်တွေ ငှက်တွေကို
မြစ်တွေချောင်းတွေ တောင်တန်းတွေ ပန်းခင်းတွေကို အတူကြည့်တယ်
လေယာဉ်ချိန်မှီတယ် ကံကောင်းထောက်မပြီး အငှားကား ဈေးချိုတယ် နေသာတယ် နှင်းပွင့်လေးတွေ လက်နဲ့  တို့ ကြည့်တယ် ဧည့်ကြိုက သဘောကောင်းတယ်
ဒီလိုနဲ့  ဆက်လျှောက်ကြတယ် ဆက်လျှောက်ကြမယ် ခရီးအတူ ဆက်သွားရဦးမယ်
to my best travel partner
Friday, February 17, 2017
Visit to Japan in 1500sgd budget plan
ဂျပန်မှာ ချယ်ရီရာသီ စ ပြန်တော့မယ်။ ဂျပန်သွားလည်ချင်လို့  ဈေးကလဲ မေးလိုက်ရင် အနည်းဆုံး သုံး-လေး ထောင်ကုန်မယ်... ဗီဇာလဲ မလွယ် စသည်ဖြင့် ပြောတဲ့ သူငယ်ချင်းတွေ အတွက် သတင်းလေး လက်တို့ ချင်တာ။ တကယ်သွားချင်ရင် စင်ကာပူဒေါ်လာ ၁၅၀၀ နဲ့ ရောက်တယ်လို့ ။
ကျမ မှာ သူငယ်ချင်းတွေရှိတယ်။ သူတို့ သွားတဲ့ ခရီးတွေဟာ ဈေးချိုချိုနဲ့  ကမ္ဘာအနှံ့  ပတ်နေတဲ့ သူငယ်ချင်းတွေပါ။ ဈေးချိုတယ်ဆိုလို့  ကျောပိုးအိတ် တလုံးနဲ့  သွားနေတဲ့ သူလဲ မဟုတ်ပါဘူး။ မိသားစုနဲ့  ခရီးထွက်တဲ့အခါလဲ ထွက်၊ တခါတလေ luxury tour လိုမျိုး သွားရင်တောင် အခြားသူထက် တော်တော် ဈေးချိုနေတတ်ပါတယ်။ ဒီ့အတွက် လျှို့ ဝှက်ချက်မရှိပါဘူး။ သူတို့ က ခရီးတခု ထွက်ဘို့ ဆို plan ကောင်းကောင်းဆွဲလို့ ပါ။ သူတို့ ဆီက ကျမ အတူယူရတာတွေပေါ့။
၁၅၀၀ နဲ့  ဂျပန်ကို (၅ရက်အတွင်း) ဘယ်လိုသွားမလဲ ဆိုတာလေး အကြမ်းဖျဉ်းပြောပြပါမယ်။
အရင်ဆုံး ဘယ်အချိန်တွေ သွားမယ်ဆိုတာ စဉ်းစားရမှာပါ။ ဆောင်းအကုန် နွေအကူး ပန်းမျိုးစုံ ပွင့်တဲ့အချိန် (march to may) လား ... မိုးလေကင်းလွတ်ပြီး ပွဲတော်မျိုးစုံနဲ့ လာဗန်းဒါး တွေ မွှေးတဲ့ နွေရာသီ (june to August) လား... မေပယ်ရွက်တွေ ရဲရဲနီတဲ့ ဆောင်းဦးရာသီ (Sept to Nov) လား... နှင်းတွေ ဖွေးဖွေးလှုပ်တဲ့ (Dec to Feb) လား စသည်ဖြင့် စဉ်းစားရမှာပါ။ ကိုယ်သွားမဲ့ရက်ကို ပြက္ခဒိန်မှာ မှတ်ပြီးပြီဆိုရင် အရင်ဆုံး လုပ်ရမှာက လေယာဉ် လက်မှတ်ဝယ်ဘို့ ။
လေယာဉ်လက်မှတ် ဝယ်တဲ့ အခါ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ် ရွှေ့ ရမယ် ဖျက်ရမယ်ဆိုရင် refund ပြန်လုပ်ဘို့  အဆင်ပြေမဲ့ ဆီက ရှာဝယ်တာ ကောင်းပါတယ်။ ပြီးတော့ ကပ်ဝယ်မယ်ဆိုရင် ဘယ်လိုမှ အကောင်းဆုံးဈေးကို မရတတ်ပါဘူး။ ကိုယ်သွားမဲ့ အချိန်က spring လို winter လို လူကြိုက်များတဲ့ ရာသီဆို ဈေးပိုကြီးတတ်တဲ့အပြင် ဟိုတည်တွေလဲ အလွန်ရှာရခက် ဈေးကြီးပါတယ်။ အဲဒါကြောင့် အနည်းဆုံး ၄လ ကနေ ၆လ အတွင်း ကြိုစီစဉ်ရပါတယ်။
ကိုယ်သွားမဲ့ ရက် မတိုင်ခင် (၄လ - ၆လ) အတွင်း စီစဉ်ရင် လေယာဉ်လက်မှတ် (အသွားအပြန်) ၆၀၀ ကနေ စပြီး ဝယ်လို့ ရပါတယ်။ အနားကပ်လာလေ ဈေးပိုကြီးလာလေ ဖြစ်တတ်တာကြောင့် ကြိုစီစဉ်ရပါတယ်။
ဂျပန်နိုင်ငံအတွင်း လာလည်တဲ့ ခရီးသည်တွေအတွက် ရထားလက်မှတ်တွေလဲ အွန်လိုင်းက ရောင်းတာရှိပါတယ်။ ခရီးရှည်သွားမဲ့ ဧည့်သည်တွေအတွက် တပါတ် ဆယ့်လေးရက် စသည်ဖြင့် လက်မှတ် အစားစားရှိပါတယ်။ ordinary ticket (7days) က ၃၅၀ စင်းဒေါ်လာနဲ့  တနိုင်ငံလုံးနီးပါး သွားလာလို့ ရပါတယ်။ သဘောက ၇ရက်အတွင်း သွားချင်သလောက်သွား ရထား စီးချင်သလောက်စီး ပိုက်ဆံထပ်ပေးစရာမလိုပါဘူး။ အလည်သွားသူတွေကိုပဲ ရောင်းတာပါ။
တည်းဘို့  ခိုဘို့ လဲ ဂျပန်မှာ ဈေးမကြီးတဲ့ နေရာတွေ ရှာလို့  ရနိုင်ပါတယ်။ အတွေ့ အကြုံအရ hostal တွေဟာလဲ အရမ်းအဆင်ပြေပါတယ်။ အိမ်တွေကနေပြန်ငှားတဲ့ airbnb လိုမျိုးကနေ ငှားရင်လဲ တညကို စင်းဒေါ်လာ ၅၀ ထက် ပိုမကုန်ပါဘူး။
အထူး စပါယ်ရှယ် ဆူရှီလို ငါးအကောင်းစား အစိမ်းလိုက် စားရတာမျိုးတို့  အမဲသား အကောင်းစား တို့  ဆိုတာမျိုးသာ မစားရင် အစားအသောက်ကလဲ တခါစားလောက်ကို စင်းဒေါ်လာ ၁၀-၁၅ လောက်နဲ့ ရပါတယ်။ 7-11 လို ဆိုင်မျိုးက ခေါက်ဆွဲတွေဆိုလဲ အရမ်းအရသာ ရှိပါတယ်။
အဲဒီတော့ ကိုယ်ကလဲ ကြို စီစဉ်မယ်။ ၉၆၉၃ ခြေလျှင်လျှောက်လိုက် စက်ဘီးငှားတန်တာငှား နဲ့ ဆို ခရီးတခုလုံး ကုန်ကျစရိတ်ဟာ ပြောခဲ့တဲ့ ဘတ်ဂျက်ထဲမှာပါပဲ။
ပြီးတော့ ကုန်ကျစရိတ်တွေက တခါတည်းကုန်တာမျိုး မဟုတ်ပဲ ခွဲပြီး စီမံ ခန့် ခွဲရတာဆိုတော့ အဆင်ပြေအောင် ချိန်ညှိလို့ လဲရပါတယ်။ ဥပမာ April မှာ ခရီးသွားမယ်ဆို January မှာ လေယာဉ်လက်မှတ်ဝယ်။ February မှာ ဟိုတည် booking လုပ်။ March မှာ ဗီဇာတင်၊ ရထားလက်မှတ်ဝယ်။ စသည်ဖြင့်ပေါ့။ hidden cost တွေကတော့ ဂျပန်ရောက်တဲ့အချိန် ဆာကေးလေး အူမဲရှူးလေး သိပ်ကောင်းလို့  သောက်လိုက် ဝယ်လာလိုက်တာမျိုးပေါ့ :D
- airfare 650 (2ways)
- hotel for 5 days (40x5) = 200 (နှစ်ယောက်သွားရင် တယောက်တဝက် ရှဲပေါ့။ တယောက်တည်း သွားရင်တော့ ဒီ့ထက်ဈေးချိုတာ ရှာလို့ ရပါတယ်။
- Visa fees 100~150
- meal 30sgd/ day x 5 = 150
- train pass = 350
2016 january မှတ်တမ်းအရ 2015 အတွင်းမှာ လူဦးရေ 20 million လောက် ဂျပန်ကို သွားရောက်လည်ပတ်ခဲ့ပြီး ဂျပန်ယမ်းငွေ 3.48 trillion အထိ ဝင်ငွေရှိခဲ့တယ်ဆိုပါတယ်။ 2013 က စခဲ့တဲ့ Visit Japan ဆိုတဲ့ campaign ကနေ ခရီးသွားလုပ်ငန်းကို တိုးချဲ့  အားပေးခဲ့တဲ့ အမြတ်ပါ။ ၂၀၁၆ မှာ ဒီ့ထက် ပိုဝင်ငွေ ကောင်းခဲ့ပြီး ၂၀၁၇ အတွက်လဲ ကောင်းကောင်းပြင်ဆင်ထားပါသတဲ့။
သွားမယ် သွားချင်တယ်ဆိုပြီး ဖုန်းဆက် မတ်စိပို့  လူချင်းဆုံမေးတဲ့ သူငယ်ချင်းများ တကယ်ရောက်အောင် အမြန်ဆုံး ပြင်ဆင်နိုင်ပါစေ။
Thursday, February 16, 2017
D : Defect - LEAN Management System (7 wastes Introduction)
နောက်ဆုံးပိတ် waste လဲ ဖြစ် ကိုယ်တွေနဲ့ လဲ ရင်းနှီးတဲ့ waste တခုကတော့ Defect ပါ၊ Defect ဆိုတာ ပုံမှန်အားဖြင့် ကာစတန်မာ တောင်းဆိုတာထက် လျော့နည်းရမဲ့ အရာတခုပေါ့။ မျက်စိလည်သွားလား။
ကိုယ်က ပီဇာရောင်းမယ်။ ပီဇာတခု ရောင်းဘို့  ကိုယ့်ဝန်ထမ်းကြောင့် ပီဇာပျက်သွားတယ် သုံးတဲ့ ဂျုံအမျိုးအစားမကောင်းလို့  ပီဇာ မှိုနံ့  နံသွားတယ် မီးဖို အပူချိန် ချိန်လို့ မရလို့  ပီဇာကျွမ်းသွားတယ် စသည်အမျိုးမျိုးသော အကြောင်းတွေကြောင့် defect ဖြစ်လာတဲ့အခါ ကိုယ့်အရင်းထဲက ပဲ့ပဲ့ပါသွားတာပေါ့။
အဲဒီတော့ defect ကြောင့် အရည်အသွေးညံ့ဖျင်းတာ၊ ဝရန်တီ အချိန်ကြာကြာပေးပြီး ပျက်သမျှ ပြင်ပေးရတာ၊ ပြန်ပြီး ပြုပြင်ပေးရတာ (Rework) ၊ service cost တွေ နှိမ့် ယူရတာကနေ... နောက်ဆုံး ကာစတမ်မာ တခြားသူဆီရောက်သွားတော့တာပါပဲ။
ဘာကြောင့် defect ဖြစ်ရသလဲ...
အဖြစ်နိုင်ဆုံးအချက်က Process Check လစ်ဟာတာကြောင့်ပါ။ ကိုယ်လုပ်နေတဲ့ လုပ်လက်စ အလုပ် မှန်လား မှားလား ဝေဖန် ဆန်းစစ်မှု အားနည်းတာမျိုး။ ပြသနာဆိုတာမျိုးက စောစောဖြေရှင်းလေ အကုန်အကျ သက်သာလေပါပဲ။ နောက်ပြီး လိုအပ်တဲ့ သင်တန်းတွေ မရှိတာမျိုး၊ တိကျရှင်းလင်းတဲ့ work instruction မရှိတာတွေဟာလဲ defect ကို ဖြစ်ပေါ်စေပါတယ်။
ပြသနာကို ချဉ်းကပ် အဖြေရှာတဲ့ နည်းမျိုးစုံရှိပါတယ်။ ဥပမာ - ပစ္စည်းတွေ ထောင်နဲ့ သောင်းနဲ့  ချီ ထုတ်လုပ်တဲ့ စက်ရုံတွေမှာဆို ပစ္စည်းတခုမှာ ပြသနာတွေ့ တာနဲ့  တွေ့ တွေ့ ချင်း operate လုပ်နေတဲ့ line ကို ရပ်ပြီး ပြသနာကို ချက်ချင်းအဖြေရှာခြင်းဖြင့် အခြားထောင်ပေါင်း သောင်းပေါင်းများစွာသော ပစ္စည်းတွေရဲ့ ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။
Pokayoke လို့ ခေါ်တဲ့ mistake proofing tools ကိုလဲ သုံးကြပါတယ်။ အမှားထဲက အဖြေရှာနည်းလို့  ဆိုပါစို့ ။ mistake proofing ကို လွယ်လွယ်ကူကူတွေ့ ရမဲ့နေရာက အများပြည်သူသုံးအိမ်သာ လက်ဆေး စင်တွေက ရေပိုက်ခေါင်း တွေမှာ အလိုအလျောက် ရေကျစေတဲ့ sensor တပ်ထားတာကို ဥပမာ ပေးရပါလိမ့်မယ်။
သဘောက အိမ်သာကထွက်လာတဲ့သူဟာ သာမာန်ရေပိုက်ခေါင်းကို လှည့်ဖွင့်ပြီး လက်ဆေးတယ်။ ရေပိုက်ခေါင်း ပြန်ပိတ်တဲ့အခါမှာ ခုန လက်မဆေးရသေးတဲ့ အချိန် ကိုင်ထားတဲ့ နေရာကိုပဲ ပြန်ကိုင်ပြီး ပိတ်လိုက်တော့ သဘောအားဖြင့် ဆေးပြီးသား လက် ပြန်ညစ်ပတ်ပြီး အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။ လက်ဆေးကန်ထဲ လက်ရောက်တာနဲ့  အလိုအလျောက်ရေကျခြင်းဖြင့် ခုနက ပြသနာကို ဖြေရှင်းလိုက်ပါတယ်။ ဒါ့အပြင် ရေပိုက်ခေါင်းကို ဖွင့်လိုက် လှည့်လိုက်နဲ့  အချိန်ကြာတဲ့အခါ ရေပိုက်ခေါင်း ချောင်ပြီး လဲ ရစေခြင်းမှလဲ အချိန်ကာလ တခု အထိ သက်သာစေပါတယ်။
5 Why လို့ ခေါ်တဲ့ ပြသနာကို ချဉ်းကပ်နည်းတခုကလဲ အလွန်အသုံးဝင်ပါတယ်။
အလွန် လူကြိုက်များ အသုံးဝင်တဲ့ tools တခုကတော့ Fish bone diagram လို့ ခေါ်တဲ့ ငါးရိုးပုံနဲ့  ပြသနာ အဖြေရှာနည်းပါ။ ငါးရဲ့ ဦးခေါင်းဟာ အမြဲတမ်း ပြသနာအဖြစ် ဦးတည်ထားပြီး အခြေခံအားဖြင့် အရိုး ၅ ချောင်းနဲ့  ဖွဲ့ စည်းပြီး အဖြေရှာပါတယ်။ အရိုးတွေရဲ့ အမည်တွေက Man, Machine, Material, Method, Enviroment (4M+1E) လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ Man လူကြောင့်ဖြစ်သလား Machine စက်ကြောင့်ဖြစ်သလား Material အသုံးပြုတဲ့ပစ္စည်းတွေကြောင့်လား Method အသုံးပြုပုံ တည်ဆောက်ပုံတွေ လွဲချော်နေသလား မရှင်းလင်းသလား Enviorment ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်လား စသည်ဖြင့် anlysis လုပ်တာမျိုးပါ။Fish Bone Diagram အတွက်လဲ လေ့လာထားသမျှ သတ်သတ်ရေးပါမယ်။
နောက်ထပ် defect မှာ ကျမ သုံးလေ့ရှိတဲ့ tool တခုက 80-20 rule ပါ။ ပြသနာပေါင်း သောင်းခြောက်ထောင် ပစ္စည်းပေါင်း အမျိုးအမည်ပေါင်းများစွာအတွက် တခါတည်း မဖြေရှင်းနိုင်ပါဘူး။ အဲဒါကြောင့် ရလာတဲ့ data ပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတဲ့ နှစ်ကာလ အပိုင်းအခြားအတွင်း ပြသနာ အပေးဆုံး ဆုံးရှုံးမှု အများဆုံး ပစ္စည်း / ပြသနာအမျိုးအမည် (defect description) ၂၀% ကို မင်နီဝိုင်းလိုက်ပါတယ်။ ဒီ၂၀% ကို ဖြေရှင်းလိုက်ခြင်းအားဖြင့် defect cost 80% ကို အလိုအလျှောက် ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။
မေးခွန်းများ feedbackများ ဖြည့်စွက်မှုများ ဆွေးနွေးမှုများ ကြိုဆိုပါတယ်ရှင့်
 Jan 17 - 2017 Posted at Pyay GTI facebook group
O : Over Production - LEAN Management System (7 wastes Introduction)
waste တွေ အကြောင်း တရွေ့ ရွေ့ နဲ့  သွားနေတာ အခု Over Production အကြောင်း ဝေမျှခြင်ပါတယ်။ စကားအဖြစ်နဲ့  ပြောရရင် အချိန် ၅ မိနစ်လောက်သာ ကြာမှာဆိုပေမဲ့ စာရေးတာဆိုတော့ စာရိုက်လိုက် စဉ်းစားလိုက် ရေးထားတာ ပြန်ဖတ်လိုက်နဲ့  ရှေ့ မရောက်တာလဲ ပါတာကြောင့်ပါ။
Over Production ဆိုတာ ဝယ်ယူသူ စားသုံးသူ customer လိုအပ်နိုင်တာထက် ပိုပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေပေါ့။ ကြုံဆုံတုန်းပြောရမယ်ဆိုရင် customer ဆိုတာ ကိုယ့်ကို အခကြေးငွေ ပေးပြီး ကိုယ့် product/ service ကို ဝယ်သူသူကို external customer လို့  ခေါ်ပြီး ကိုယ့်ရုံးတွင်း အဖွဲ့ အစည်းအတွင်းမှာ ကိုယ့်ရဲ့ နောက် process တခုကို လက်ဆင့်ကမ်း ဆက်လက် လုပ်ဆောင်သူကို internal customer လို့  ခေါ်ပါတယ်။
ဥပမာ စက်ရုံတခုမှာ ပစ္စည်းဝယ်ယူတဲ့ ဌာန က ထုတ်လုပ်တဲ့ ဌာန ကို ဝယ်ထားတဲ့ ပစ္စည်းတွေ ပေးပြီး ကုန်ချောတခု ဖြစ်အောင် ဆောင်ရွက်တယ်ဆိုပါစို့  ထုတ်လုပ်ရေး ဌာနသည် အဝယ်ဌာနရဲ့ customer ဖြစ်ပါတယ်။ ထုတ်လုပ်ရေးဌာနရဲ့ လိုအပ်တဲ့ ပစ္စည်းတွေ မှန်မှန်ကန်ကန်နဲ့  သတ်မှတ်ထားတဲ့ အချိန်အတွင်း လက်ခံရရှိစေဘို့  အဝယ်ဌာနမှာ တာဝန်ရှိပါတယ်။ ဒါကို external နဲ့  internal customer ရယ်လို့  သတ်မှတ်ထားပါတယ်။ Quality Management System မှာ customer ဆန္ဒပြည့်ဝစေဘို့  ပျော်ရွှင်စေဘို့  အမြဲ အလေးထားပါတယ်။ ဆိုလိုတာက အပြင်က စားသုံးသူ ဝယ်ယူသူကိုသာမက internal customer လို့ ခေါ်တဲ့ ကိုယ့် အဖွဲ့ အစည်းအတွင်းက သူတွေကိုလဲ တန်ဘိုးထားတာပါ။
over production အကြောင်း ပြန်ဆက်ရမယ်ဆိုရင် လိုအပ်တာထက် အလွန်အကျွံ ထုတ်လုပ်မှုကို mother of all wastes လို့ တောင် အမည်တပ်ပါတယ်။ ဒီ အလွန်အကျွံ ထုတ်လုပ်မှုက အခြား waste အမျိုးအစားများကိုပါ ဆင့်ကဲ ဖြစ်ပေါ်စေပါတယ်။ over production က inventory အများအပြား သိုလှောင်မှုကို ဖြစ်စေလာမယ် အဲဒီအတွက် နေရာတွေ သိုလှောင်တဲ့ ပတ်ဝန်းကျင် ထိန်းညှိမှုတွေ လိုအပ်လာမယ်။ နည်းပညာ စိန်ခေါ်မှုမှာ ကျရှုံးခဲ့ရင် ချက်ချင်း အမှိုက်ပုံ ဘဝပြောင်းသွားတာမျိုး စသည့် နောက်ဆက်တွဲ ပြသနာတွေက မနည်းမနောပါပဲ
over production ဖြစ်ရတဲ့ အကြောင်းရင်းတွေမှာ အကယ်၍များ လိုအပ်ခဲ့သည်ရှိသော် ဆိုတဲ့ အတွေးနဲ့  ပိုပြီး ထုတ်လုပ်တာ၊ အမှာစာထက် ပိုမိုထုတ်လုပ်ပြီး အလုပ်များဘို့  ကြိုးစားတာ၊ အပိုပစ္စည်းအများအပြား အသုံးပြုတာ၊ အသင်းအဖွဲ့ တခုလုံးကိုယ်စား ခန့်မှန်းစစ်ဆေးရမဲ့အစား လုပ်ငန်းခွင်တနေရာစာလောက်သာ စဉ်းစား အမြင်မကျယ်တာတွေက အလွန်အကျွံထုတ်လုပ်မှုကို ဦးတည်စေပါတယ်။
over production ကြောင့် ပေးရတဲ့ အရင်းအနှီးကတော့ တကယ်မလွယ်ပါဘူး။ နည်းပညာ စိန်ခေါ်မှုကြောင့်သာ ကိုယ်ထုတ်ထားတဲ့ product တွေ လူကြိုက်များမှု နည်းသွားတာမျိုးဆို ကံကောင်းရင် လျှော့ဈေးတို့  clearance prices တို့ နဲ့  ရောင်းရရင် ရောင်း မဟုတ်ရင်တော့ အားလုံး ပစ်ထုတ်ရမဲ့ အဖြစ်ပါ။ အရင်းအနှီးများ အပြိုင်အဆိုင်သိပ်များတဲ့ မိုဘိုင်း တယ်လီဖုန်း လောက တီဗွီ ကွန်ပြူတာ ကား စတဲ့ ပစ္စည်းတွေမှာ over production ကို ကြတ်မတ် ဆောင်ရွက်ကြပါတယ်။
ဒီစစ်ပွဲမှာ ဘယ်လို လက်နက်တွေ သုံးပြီး over production ကို သတ်လေ့ရှိသလဲ ဆိုရင် Kanban လို့ ခေါ်တဲ့ စနစ်ကို အသုံးပြုပြီး production ဘယ်အချိန်မှာ စရမယ် ဆုံးရမယ်ဆိုတာ ထိန်းချုပ်ပါတယ်။
Visual management ဟာလဲ အလွယ်တကူ ထိန်းချုပ်လို့ ရတဲ့ tools တခုဖြစ်ပါတယ်။ ဥပမာ ပေါင်မုန့် လုပ်တဲ့ဆိုင်မှာ သတ်မှတ်ထားတဲ့ မုန့် ဗန်း အရေအတွက် ရပြီးရင် ပေါင်မုန့် လုပ်တာ ရပ်ထားတာမျိုး။
ကိုယ့်ပတ်ဝန်းကျင်မှာ over production နဲ့  တူတဲ့ ကိစ္စမျိုး ကြုံတွေ့ ရတယ်ဆိုရင် အခြားသူတွေလဲ သိရအောင် share ပေးပါဦး။
Jan 09- 2017 Posted at Pyay GTI facebook group
O : Over Processing - LEAN Management System (7 wastes Introduction)
Over processing ဖြစ်လာတတ်တာကတော့ ပစ္စည်း အဆောက်အဦ စသည်ဖြင့် တစုံတခုရဲ့ ဒီဇိုင်းမမှန်ကန်မှုကြောင့် resources တွေ ပိုသုံးရတာမျိုး နေရာပိုကျယ်ကျယ်ယူတာမျိုး energy, people စသည်ဖြင့် ပုံမှန်လိုအပ်တာထက်ပိုပြီး အသုံးပြု အားစိုက်ရတဲ့ အရာမျိုးကို over processing လို့  ဆိုလိုပါတယ်။ ဥပမာအနေနဲ့ ဆို မြေပဲတတောင့်ခွဲဘို့  တူတလက်သုံးသလို မျိုးပေါ့။ over processing ရဲ့ အဖြစ်အများဆုံး ပြသနာကတော့ စားသုံးသူရဲ့ လိုအပ်ချက်ကို သေချာ နားလည်သဘောပေါက်မှု မရှိလို့ ပါ။
ကျမတို့  အလုပ်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ over processing ဆိုရင် incoming inspection ဆိုပါစို့ ။ မလိုအပ်ပဲ inspectionကို process တွေထဲမှာ ထည့်မယ်ဆိုရင် inspection လုပ်ဘို့  လူငှားရမယ်။ နေရာလုပ်ရမယ်။ လိုအပ်တဲ့ equipment တွေဝယ်ရမယ်။ အချိန်ပိုကုန်မယ်။ အဲဒီအစား supplier ကို ကိုယ်မှာတဲ့ပစ္စည်း ကိုယ်လိုချင်တဲ့ အရည်အသွေး အတိအကျရဘို့  control လုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ process တွေကို ဖြတ်ထုတ်နိုင်ပါတယ်။
Over Processing ဖြစ်တတ်တဲ့ အကြောင်းရင်းများ
- customer ရဲ့ လိုအပ်ချက်ကို မရှင်းလင်းမသေချာတာ။ ကျမ အသိတယောက်က ပြောတယ်။ သူ့ ရုံးမှာ proess တခု လိုတဲ့အတွက် automation စက်တလုံးဝယ်လိုက်သတဲ့။ စက်ရလာပြီးတဲ့နောက် အဲဒီစက်ကို run ဘို့  အင်ဂျင်နီယာ တယောက်အမြဲထားရတယ်။ စက်ရဲ့ programming ကို နားလည်ဘို့  သင်တန်းတွေလဲ ပေးတက်ရတယ်။ တကယ့်တကယ်ကျ အလုပ်မဖြစ်လို့  အဲဒါကို မသုံးဖြစ်တော့ဘူးတဲ့။
- lack of communication.. အဖွဲ့ အစည်းတွင်းမှာဖြစ်စေ အပြင်မှာဖြစ်စေ စနစ်တကျ ဆက်သွယ်မှု ပြောဆိုမှု မရှိတဲ့အခါ မလိုအပ်တဲ့ process တွေ ထပ်ခါ ထပ်ခါလုပ်ပြီး တကယ့်လိုအပ်ချက်နဲ့  ဝေးကွာသွားတာမျိုး ဖြစ်တတ်ပါတယ်။
Over Processing ဖြစ်နေပြီဆို ဘာလုပ်မလဲ။
လုပ်လက်စကို ရပ်လိုက်ပါ။ အခြား စကားလုံးအနေနဲ့ ပြောရရင် over processing ကြောင့် waste တွေ ဖြစ်နေပြီဆိုတာ သတိပြုမိတာနဲ့  ရပ်လိုက်ပါတဲ့။ နောက်တဆင့်အနေနဲ့  process map တွေ flow တွေ ပြန်ကြည့် စမ်းစစ်ပြီး မလိုလားအပ်တဲ့ အဆင့်တွေကို ဖြတ်တောက်ပစ်ရပါမယ်။ စာရွက်တရွက် ဘောပင်တချောင်းနဲ့  process ပေါ်မှာ နားလည်ရင်းနှီးတဲ့ လူကို မေးခွန်းတွေမေးပြီး ဘယ်အရာ ဖြတ်တောက်ရမယ်ဆိုတာ နားလည်နိုင်ပါတယ်။ အရေးအကြီးဆုံးအနေနဲ့  စားသုံးသူ (customer) လိုချင်တာ လိုအပ်တာ ဘာလဲဆိုတာ နားလည်ရပါမယ်။ နောက်ဆုံးအနေနဲ့  အခြား Lean tools တွေဖြစ်တဲ့ 3P (Product Preparation Process) စတာတွေနဲ့  action ယူပြီး over processing ကို အပြီးတိုင် ဖြတ်တောက်နိုင်ပါတယ်။
Dec 21 - 2016 Posted at Pyay GTI facebook group 
W : Waiting - LEAN Management System (7 wastes Introduction)
Waiting Waste က တော့ process တခုမှာ အရင် process က မပြီးသေးလို့  စောင့်နေရတာမျိုးကို ဆိုလိုတာပါ။ ဥပမာ material delivery ကိုစောင့်တာ machine က သတ်မှတ်ထားတဲ့ အချိန်အထိ run နေလို့  စောင့်တာ (မုန့် ဖုတ်တဲ့ လုပ်ငန်းဆို ပေါင်မုန့် ကို စက်ထဲထည့် ဖုတ်တာကို ထိုင်စောင့်ရတာမျိုး) machine run ပေးဘို့  လူမရှိ လို့  စောင့်ရတာ၊ work instruction အဆင်သင့် မဖြစ်လို့  စောင့်ရတာမျိုး inspection လုပ်နေလို့  အချိန်ကြာနေတာ ဒါမှမဟုတ် information တခုခု သိချင်လို့  စောင့်နေရတာ စသည်ဖြင့်။
operation ထဲမှာ operator တွေဟာ တခုခုကို ရပ်စောင့်နေရတာမျိုး ခဏခဏ မြင်ရပြီဆိုရင် ပြန်သုံးသပ်ဘို့  လိုနေပါပြီ။ နောက်ဆက်တွဲ ပြသနာအနေနဲ့  operating cost တွေ overtime cost တွေ ပိုကုန်ကျမယ်။ တခါတလေ စောင့်နေရတာနဲ့  အချိန်မလောက်မင ဖြစ်ချိန်မှာ customer က တခုခု ပြောင်းလဲချင်တာမျိုး ရှိတဲ့အခါ ပြောင်းလဲပေးနိုင်တဲ့ Flexibility လျော့ပါးနိုင်ပါတယ်။over production ကလဲ Waiting waste ကို ဖြစ်စေတတ်ပါတယ်။ ဥပမာ - ပီဇာထဲ ထည့်ဘို့  အသား 1kg ပဲ တမနက်အသုံး လိုအပ်တဲ့နေရာမှာ 10kg ပြင်ဆင် ချက်ပြုတ်ခြင်းအားဖြင့် အချိန်ပိုကြာပြီး သူ့ ရဲ့ နောက် process ဖြစ်တဲ့ piza delivery မှာ အချိန်မှန် မပို့ နိုင်တာမျိုး။
Waiting waste ကို ဖြတ်ထုတ်နည်းများစွာထဲကProcess flow redesign လုပ်ပြီး cycle time လျှော့ချတာမျိုးက လုပ်လေ့လုပ်ထရှိတဲ့နည်းပါ။Mechanical ပစ္စည်းတခု လုပ်တယ်ဆိုပါစို့  သူ့ flow က သံပြားဖြတ် (မိနစ်၂၀) >> weld (မိနစ်၂၀) >> drill ဖောက် (မိနစ်၂၀) >> screw တပ် assembly လုပ် (မိနစ်၂၀) >> ဆေးသုတ် (မိနစ်၂၀) = ၁နာရီ ၄၀ မိနစ်
အဲဒီ flow ကို ပြန်လေ့လာပြီး rebalnce လုပ်လိုက်တော့ သံပြားဖြတ်+weld >> drill ဖောက် (မိနစ်၁၅) + weld >> drill (မိနစ်၁၅) + assembly (မိနစ်၁၅) >> assembly + paint (မိနစ်၁၅) = ၁နာရီ စသည်ဖြင့် ချုံ့ လိုက်တာမျိုးပါ။
One piece flow လို့ ခေါ်တဲ့ conveyor တလျှောက်မှာ operator တယောက်လျှင် process တခု လုပ်ပြီး control လုပ်တာမျိုး။
တိကျတဲ့ work instruction တွေ Visual management practice ပေါင်းပြီး ဘာလုပ်ရမယ် ... အခြားဘယ်နေရာမှာ သွားကူညီရမယ် စသည်တို့ နဲ့  waiting waste ကို လျှော့ချတာမျိုးလဲ ရှိပါတယ်။
ဥပမာ များစွာထဲက မြင်သာထင်သာရှိတဲ့တခုက ကားပြိုင်ပွဲတွေမှာ ကားဘီးလဲတဲ့ အချိန် နဲ့  design ကို အလွယ်ကူဆုံး အမြန်ဆန်ဆုံး ဖြစ်အောင် waiting waste ဖြတ်ထုတ်ထားတာ မြင်ဘူးကြမယ်ထင်ပါတယ်။
M : Motion - LEAN Management System (7 wastes Introduction)
Motion waste က Transportation waste နဲ့  ဆင်တူသယောင်ရှိပါတယ်။ Transportaion Waste ကတော့ ခရီးဝေး ပိုသွားရတာမျိုးဖြစ်ပြီး Motion waste ကတော့ ကိုယ်အလုပ်လုပ်ရာ နေရာမှာတင် မလိုအပ်တဲ့ လှုပ်ရှားမှုတွေ များနေရတာပါ။
အဲဒီတော့ အလုပ်ရဲ့ capacity ကို ထိခိုက်ပြီး ကိုယ့်ရဲ့ အင်အားတွေ အချိန်တွေကို ပစ္စည်းတွေ မ လိုက် နေရာချလိုက် ရှာလိုက်နဲ့  ပြုန်းတီးရတော့တာပါပဲ။ မုန့် ဖုတ်တဲ့ ဥပမာ ပြန်သွားရရင် ဂျုံမုန့် ထဲ ညှပ်ဘို့  အသားဗန်းကို ရေခဲသေတ္တာထဲက ချ ၊ လိုသလောက် ယူ၊ ပြန်ထည့်၊ အသီးအရွက် လှည့်ယူလိုက်၊ ဆားဗူး ငရုတ်ကောင်းဘူး ပျောက်လို့ လိုက်ရှာလိုက် ကိုယ်လုပ်နေတဲ့ အလုပ်ကို ကောင်းကောင်း အာရုံမစိုက်နိုင်ပဲ ဗာရီယတွေများနေပြီး နောက်ဆုံးမှာ final product ဖြစ်တဲ့ အရသာရှိတဲ့ အသားညှပ် မုန့် တလုံး ရမဲ့အစား အရည်အသွေးညံ့တဲ့ product တခုသာ ဖြစ်လာတာမျိုး။
Motion waste ကို ဖျက်ထုတ်တဲ့ နေရာမှာ အသုံးများ နာမည်ကြီးတဲ့ tool ကတော့ 5S လို့ ခေါ်တဲ့ housekeeping standard ဖြစ်ပါတယ်။
5S ဆိုတာဘာလဲ။ 5S ဆိုတာ ကိုယ်နေတဲ့ နေရာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အလုပ်ခွင်မှာ ပိုပြီး အဆင်ပြေအောင် ချောမွေ့ အောင် ထိန်းချုပ်ပြီး waste တွေကို control လုပ်တဲ့ စနစ်ဆိုပါတော့။ သူ့ ဇာတိကလဲ ဂျပန်ပြည်ကလာတာဆိုတော့ နာမည်တွေကလဲ ဂျပန်အခေါ်အဝေါ်တွေနဲ့ ပါ။
5S Seiri; Sort, Clearing, Classify
5S Seiton; Straighten, Simplify, Set in order, Configure
5S Seiso; Sweep, shine, Scrub, Clean and Check
5S Seiketsu; Standardize, stabilize, Conformity
5S Shitsuke; Sustain, self discipline, custom and practice
တချို့  ကုန်ပနီတွေမှာတော့ 6S ဆိုပြီး safety ကို S တခု အနေနဲ့  ယူကြပါတယ်။ 5S ကို အကျယ်ချဲ့ ပြောရရင် အများကြီးမလို့  အလျှင်းသင့်တဲ့အခါ ခေါင်းစဉ် တခု အနေနဲ့  ရေးပါမယ်။ ကျမရဲ့ ရည်ရွယ်ချက်က waste တွေကို category ခွဲခြမ်းပြီး analysis and problem solving tool တချို့ ကို share လိုတဲ့အတွက်ပါ။
 Dec 12-2016 Posted at Pyay GTI facebook group
I : Inventory - LEAN Management System (7 wastes Introduction)
မြန်မာ့ အလေ့အထမှာတော့ ကုန်ပစ္စည်းတွေသိုလှောင်ထားတာ စီးပွါးရေးလုပ်နည်း တမျိုးဖြစ်ကောင်းဖြစ်ပေမဲ့ တိုးတက်တဲ့ နည်းပညာခေတ်မှာတော့ ကိုယ့်လက်ထဲ ပစ္စည်းများများရှိလေ ငွေအိပ်လေလေလို့ ယူဆကြပါတယ်။ Inventory လို့ ဆိုလိုရာမှာ RAW-ကုန်ကြမ်းပစ္စည်းတွေ Work In Progress (WIP)-လုပ်လက်စ တဝက်တပျက် ပစ္စည်းတွေ Finished Goods-အားလုံး ပြီးစီးသွားတဲ့ ကုန်ပစ္စည်း/ service စသည်ဖြင့် အားလုံးပါဝင်ပါတယ်။
ဒီ inventory အားလုံးဟာ ကိုယ့် ကိုယ်ပိုင် ငွေသား နဲ့  လဲလှယ် ဝယ်ယူထားတာလဲ ဖြစ်မယ် သို့ မဟုတ် ဘဏ်က တစုံတဦးဆီက အတိုးပေး ချေးငှားထားတဲ့ ငွေကြေးနဲ့  ဝယ်ထားတာလဲ ဖြစ်ချင်ဖြစ်မယ်။ စီးပွါးရေးလောကမှာ Cash is King လို့ ပြောကြသလို ကိုယ်လည်ပတ် ခန့် ခွဲရမဲ့ cash က inventory အဖြစ်နဲ့  ကိုယ့်လက်ထဲ ပိုက်မိနေတဲ့အခါ ငွေကြေးစီးဆင်းမှု ကမောက်ကမ ဖြစ်တော့တာပါပဲ။ လောလောဆယ် မြင်သာတဲ့ ဥပမာကတော့ မြန်မာပြည်က ဆောက်လက်စ အထပ်မြင့် တိုက်တွေလို.... ကိုယ့်အမြတ်ထဲက နှုတ်နေတဲ့ activity ဖြစ်နေတာကြောင့် inventory ကို non value added activity အဖြစ် သတ်မှတ်ထားပါတယ်။ Waste တွေကလဲ တမျိုး နဲ့  တမျိုး ဆက်စပ်နေပါတယ်။ finished goods တွေ အလွန်အကျွံ ထုတ်လုပ်မှု (over production) ကြောင့် inventory waste အဖြစ် ပြောင်းလဲနိုင်ပါတယ်။ inventory ကို အချိန်ကြာကြာ လက်ထဲသိမ်းထားတဲ့အခါ သူတို့ ကို ထိမ်းသိမ်းခပြုပြင်ခတွေ။ တချို့ inventory တွေရဲ့ life spen မှာ မြန်မြန် သက်တမ်းကုန်လွယ်တာမျိုးတွေဟာ အမှိုက်အဖြစ် လွယ်လွယ်ပြောင်းသွားနိုင်တာမျိုး၊ စားရိတ် စားခပိုကုန်ကျနိုင်တာမျိုးတွေဖြစ်လာတတ်ပါတယ်။
Inventory waste ကို ဖြေရှင်းဘို့  Toyota production system က Just In Time လို့ ခေါ်တဲ့ စနစ်ကို တီထွင် အသုံးပြုခဲ့ပါတယ်။ ကာစတမ်မာရဲ့ အမှာစာအတိုင်း ပို့ ဘို့ လိုအပ်တဲ့အချိန်မှ ပစ္စည်းမှာတာ တပ်ဆင်တာ အရည်အသွေး စစ်ဆေး စမ်းသပ်တာ စတာတွေကို အချိန်တို အတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်တယ်လို့  ဆိုပါတယ်။ သိပ်မကြာသေးခင်က workshop ဆွေးနွေးပွဲတခုမှာ နားထောင်ခဲ့ရတဲ့ Yokogawa company ရဲ့ Director ကတော့ သူတို့ စက်ရုံမှာ JIT system ကို ၃ရက် (3 days) အတွင်း RAW မှ Finish Goods ကို အသွင်ပြောင်း ထုတ်လုပ်တယ် Inventory လုံးဝ မထားပါဘူး ( zero inventory) လို့  ဂုဏ်ယူစွာ ပြောတာ ကြားခဲ့ရပါတယ်။ zero inventory ဖြစ်ခြင်းအားဖြင့် Over production ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
ဒီနေရာမှာ မေးစရာတွေ ရှိလာနိုင်ပါတယ်။ ကိုယ့်လက်ထဲ Stock မထားပဲနဲ့  ဈေးတက်တာ ပစ္စည်းပြတ်တာတွေ ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ Quality management နဲ့  control လုပ်နိုင်ပါတယ်.. ကိုယ် supplier ရဲ့ အရည်အသွေးကို ထိမ်းချုပ်တာပါ။ ဥပမာ Supplier နဲ့  စာချုပ်ချုပ်ဆို ကတိကဝတ်တွေထားပြီး ဈေးနှုံး နဲ့  အရည်အသွေးကို ထိမ်းချုပ်နိုင်ပါတယ်။
ကျမ အနေနဲ့ ကတော့ ဝယ်သူဘက်ကဆို သိပ်သဘောကျပါတယ်။ ပရိုမိုရှင်းတွေ ဒီစကောင့်တွေ ရလွန်းလို့ ပါ။ ရောင်းသူအနေနဲ့ ဆိုရင်တော့ ကိုယ့်ငွေလေး မပလုံခင် ဈေးရင်းပြန်ရပြီးရောဆို လျှော့ဈေးချပစ်ရမှာဆိုတော့ ဖြစ်နိုင်ရင် လူတိုင်း zero inventory ပဲ ဖြစ်ချင်တာပေါ့လေ။ တချက်စဉ်းစားမိတာက ကျမတို့ နိုင်ငံမှာ အရည်အသွေးရှိ စနစ်ကျတဲ့ စီမံခန့် ခွဲမှုသာရှိရင် တခုခုဆို တက်ချင်တဲ့ ကုန်ဈေးနှုံးကို ထိမ်းနိုင်ရာရောက်မယ်။ မိုးကြီးလို့  စပါးရေနစ်ရုံနဲ့  ဆန်ဈေး တွေ မိုးပေါ်မရောက်ဘူးပေါ့လေ။ (နိုင်ငံရေးတွေ ပါလာတာ တောင်းပန်ပါတယ်)
Dec 08 - 2016 posted at Pyay GTI facebook group
T - Transportation - LEAN Management System (7 wastes Introduction)
Transportation waste ကို အများအားဖြင့် Motion waste နဲ့  ရောထွေးတတ်ပါတယ်။ Transportation waste ဆိုတာ ပစ္စည်း / service အတွက် လိုအပ်တာတွေကို တနေရာကနေ တနေရာကို သယ်ယူပို့ ဆောင်တဲ့အခါ ကားတွေ လက်တွန်းလှည်းတွေ forklifts တွေ နောက်ဆုံး ကိုယ့်လက်တွေ ခြေထောက်တွေ အသုံးပြုပြီး သယ်ယူပို့ ဆောင်ရခြင်းဖြင့် အလုပ်ပြီးမြောက်မှုကို ကြန့် ကြာ စေတာမျိုးပါ။
ပီဇာဆိုင်နဲ့ ပဲ ပြန်ဥပမာပေးရရင် မုန့် ဖုတ်ဘို့  လိုအပ်တဲ့ အခြေခံပစ္စည်းတွေဖြစ်တဲ့ ဂျုံမှုန့်  ကြက်သွန် နဲ့  အသီးအနှံတွေ မှာယူထားတဲ့အချိန် ရောက်မလာနိုင်ပဲ ကြာနေတော့ မီးဖိုချောင်သမားတွေက ဘာမှ မလုပ်နိုင်ပဲ ထိုင်စောင့်နေရတာဟာ Transportation ကြောင့် ဖြစ်တဲ့ waste လို့  ပြောလို့ ရနိုင်ပါတယ်။ ဒီအကြောင်းရင်းက ဘယ်အထိ သွားရိုက်ခတ်နိုင်လဲဆို ကာစတမ်မာကို စောင့်ခိုင်းစေရတာမျိုးဖြစ်မယ်... အချိန်မှီ delivery လုပ်ပေးနိုင်မှု ပျက်ကွက်မယ်။ အဲဒီတော့ စားသုံးသူတွေက နောက်တခါ ဒီပီဇာဆိုင်မှာ စားဘို့  မှာဘို့  အဆင်ပြေနိုင်ပါ့မလားရယ်လို့  စဉ်းစားလာကြမယ် စသည်ဖြင့် အရောင်းကျလာတာမျိုး ဖြစ်လာနိုင်ပါတယ်။Transportation waste ကို လျှော့ချဘို့ အတွက် အချိန် နဲ့  အကွာအဝေး စတဲ့ ပြသနာတွေကို ထိန်းချုပ်လေ့ရှိပါတယ်။ Transportation ရဲ့ အခြား risk တွေကတော့ အချိန်ကြာတာအပြင် ပစ္စည်းပျောက်ဆုံးတာ ပျက်စီးတာ စသည်တွေပါ ပါဝင်ပါတယ်။ အချိန်ကြာကြာယူပြီး ခရီးဝေးဝေးပို့ ရလေ Non value added activities တွေ ပိုများလေလို့  ကောက်ချက်ချနိုင်ပါတယ်.
ဒါပေမဲ့ တခါတလေ transportation ကြောင့် ဖြစ်လာတဲ့ ပြသနာတခုတည်းကိုပဲ ကြည့်ပြီး ပြောင်းလဲ ပြင်ဆင် ဆုံးဖြတ်ဘို့  မလိုအပ်ပါဘူး။ နာမည်ကြီး မိုဘိုင်းဖုန်းတံဆိပ် Apple ရဲ့ sub con ဖြစ်တဲ့ foxconn ဟာ တရုတ်ပြည်မှာ ရှိပြီး နောက်ဆုံး final test and assembly ကတော့ အမေရိကမှာ ရှိပါတယ်။ တရုတ်နဲ့  အမေရိကရဲ့ အကွာအဝေးဟာ non value added activites လို့ ဆိုနိုင်ပေမဲ့ ကုန်ပစ္စည်းရဲ့ နည်းပညာ လျှို့ ဝှက်ချက်ကြောင့် စတဲ့ ကျန်အကြောင်းရင်းများစွာကြောင့် ပြောင်းလဲဘို့  မလိုအပ်သော်လည်းပဲ risk နည်းနိုင်သမျှ နည်းအောင် control လုပ်ယူရပါတယ်။
လုပ်ငန်းခွင်များအတွင်းက Layout ရေးဆွဲမှု ညံ့ဖျင်းတဲ့အခါ - ဆိုပါစို့  ပီဇာဆိုင်မှာ ပစ္စည်းလက်ခံတဲ့ နေရာ မီးဖိုချောင်နဲ့  အနီးဆုံးရှိတဲ့အခါ လိုအပ်တာ ပြင်ဆင်ဘို့  လွယ်ကူစေရမဲ့အစား store ဟာ စားသောက်ခန်းရဲ့ တဘက်မှာ ကောင်တာ တဘက်ခြမ်းမှာ ရှိတဲ့အခါ ပစ္စည်းလိုအပ်တိုင်း စားသောက်ခန်းကို ဖြတ် စားသုံးသူတွေကို ဖြတ်ပြီးမှ ခေါက်တုံ့ ခေါက်ပြန် ယူရတာမျိုး။ store တည်နေရာကလဲ အသားငါး ထားတာက တနေရာ အသီးအရွက်က တနေရာ ကုန်ကြမ်းက တနေရာနဲ့  လှည့်လည်ယူရတာမျိုး စသည်ဖြင့် မီးဖိုချောင် အတွင်းမှာလဲ အသားငါး ပြင်ဆင်တဲ့ မီးဖိုနဲ့  ဂျုံဖုတ်တဲ့ မီးဖို ဝေးနေလို့  တဆက်တည်း မလုပ်ကိုင်နိုင်တာမျိုး။
အဲဒီအခါ layout plan တွေ ပြန်စဉ်းစား နေရာချရတာ အချိန်အတိုတောင်းဆုံး ထိတွေ့ မှု အနည်းဆုံးဖြစ်အောင် ထိန်းချုပ်နည်းတွေ စဉ်းစား လုပ်ဆောင်ရပါတယ်။
အိမ်မှာ ဖြစ်စေ အလုပ်မှာ ဖြစ်စေ Transportation နဲ့  ပါတ်သတ်ပြီး နှောင့်နှေးကြန့် ကြာမှုမျိုး ခဏ ခဏ ကြုံနေတာမျိုးရှိရင် ကောမန့် ရေးပေးခဲ့ပါ။ ကျမတို့  အားလုံး ဝိုင်း စဉ်းစားကြည့်ရအောင်။ (မှတ်ချက် - ရန်ကုန်မြို့ က ကားလမ်းပိတ်တာ မပါကြေး :P )
 08 Dec 2016 - Posted at Pyay GTI facebook group
LEAN Management System (7 wastes Introduction)
LEAN Management System (7 wastes Introduction)
ကျမတို့  အင်ဂျင်နီယာ လောကမှာ Soft power / Hard power အပိုင်းကို တခုချင်းစီ ခွဲခြားမယ်ဆိုရင် အများစုက hard power skill မှာ ထူးချွန်တာများပါတယ်။ မြန်မာအသိုင်းအဝိုင်းတင်မက တော်တော်များများမှာ ကြုံရတာပါ။ Quality concept ပိုင်းမှာ မြန်မာနိုင်ငံကသူများအတွက်ကတော့ ပြည်တွင်းက လုပ်ငန်းတော်တော်များများမှာ အခြေအနေမပေးတာရယ် အရည်အသွေးထက် အရေအတွက်ကို ဇောင်းပေးတဲ့ ခေတ်အခြေအနေကို ဖြတ်သန်းခဲ့ရတာ ဖြစ်တဲ့အတွက် ဒီလစ်ဟာချက်တွေ ဖြစ်လာခဲ့ရတာပါ။ အဲဒါကြောင့် ကိုယ်သင်ခဲ့တဲ့ လေ့လာနေတဲ့ အပိုင်းလေးကို သိသလောက် ဖြည့်စွက် ချင်တာပါ။
အင်ဂျင်နီယာ တယောက် ဒီလောကထဲမှာ ဆက်လက်ရှင်သန်နေဘို့  ဆိုရင် အချိန်တွေ ကြာလာတာနဲ့ အမျှ သူဟာ စီနီယာ တယောက်ဖြစ်လာမယ်။ အဲဒီအခါ နည်းပညာပိုင်းတင်မက လူတွေကို စနစ်တွေကို စီမံကိုင်တွယ် ထိန်းကျောင်းရတဲ့ တာဝန်တွေပါ အလိုအလျှောက် ယူလာရပါတယ်။ နောက်ဆုံး ကိုယ်ပိုင်လုပ်ငန်းလေး လုပ်ရင်တောင် စနစ်ကျတဲ့ စီမံခန့် ခွဲမှုလေး ဖြစ်ဘို့  ကာစတန်မာရဲ့ လိုအပ်ချက်ကို နားလည်စေဘို့  စတာတွေ လိုအပ်လာပါတယ်။ (ဒီလိုတွေ ပြောနေလို့  ဆရာမကြီးလုပ်တယ်မထင်ပါနဲ့ နော်) .... ကျမ အနေနဲ့  လောလောဆယ် ထုတ်လုပ်ရေး လုပ်ငန်း တခုက QC/QA Engineer အနေနဲ့  အလုပ်လုပ်နေတဲ့အတွက် ကျမသင်ခဲ့ရတဲ့ စာတွေ ဖြတ်သန်းခဲ့ရတဲ့ အလုပ်အတွေ့ အကြုံပေါ်က ရခဲ့တဲ့ knowledge တွေကို အများ သူငါ အသုံးပြုလိုက ရစေခြင်း ငှာ ဝေမျှလိုပါတယ်။
စင်ကာပူ ပင်နီဆူလာ ပလာဇာ ၄ လွှာမှာ ရှိတဲ့ ပညာဒါန မှာလဲ QMS system introduction ကို တနင်္ဂနွေ ညနေ ၃နာရီခွဲမှ ၅နာရီအတွင်း knowledge sharing program တခုအဖြစ် ပါဝင်အားဖြည့်ပေးနေပါတယ်။
ဒီနေ့  share လိုတဲ့ အကြောင်းအရာကတော့ management လောကမှာ ပေါ်ပြူလာဖြစ်နေတဲ့ Lean management အကြောင်း မျှဝေလိုပါတယ်။ Lean management ဆိုတာ waste တွေကို နည်းနိုင်သမျှ အနည်းဆုံး ဖြစ်အောင် စီမံခန့် ခွဲတဲ့ စနစ်တခုပါ။ LEAN ရဲ့ အခြေခံ management အတွေးအခေါ် တော်တော်များများဟာ TPS (Toyota production system) ခေါ် တိုယိုတာ မော်တော်ကား ထုတ်လုပ်ရေး စနစ်က မွေးစားထားတာပါ။ LEAN ရဲ့ ဖခင်ကြီးလို့  ဆိုရမဲ့ မစ်စတာ တိုင်ချီအိုနို (Taiichi Ohno) နဲ့  တိုယိုတာ လုပ်ငန်းရှင် အိဂျိ တိုယိုတာ (Eiji Toyoda) တို့ မှ ၁၉၅၀ တဝိုက်မှာ စတင်ခဲ့ပြီး ဂျပန် စက်မှုလောကမှာ ကျယ်ပြန့် လာခဲ့ပါတယ်။ TPS ရဲ့ စည်းမျဉ်းတွေ ဖြစ်တဲ့ Continuous improvement ( Kaizen) ... TPS ရဲ့ ပန်းတိုင်ဖြစ်တဲ့ Waste တွေကို ဖြေရှင်း ဖြတ်ထုတ်တဲ့ နည်းလမ်း TPS ရဲ့ အခြေခံ အတွေးအခေါ်ဖြစ်တဲ့ Just-in-time (လိုအပ်ချိန် တခုတည်းမှာပဲ ပြင်ဆင် service ပေး ရောင်းချတဲ့ ပုံစံမျိုး ) နဲ့  Jidoka (လူတယောက်ကို တချိန်တည်းမှာ တခုသာ လုပ်ခိုင်းစေပြီး အမှားနည်းအောင် ထိန်းချုပ်တဲ့ ပုံစံ ဥပမာ - ပီဇာ ပြင်ဆင်တဲ့ kitchen line မှာ တယောက်က ဂျုံမှုန့် စပ်တယ်ဆို တာဝန်ကျတဲ့တချိန်လုံး ဂျုံမှုန့် စပ်တာ တမျိုးတည်း လုပ်တာမျိုး ...
ဒီစနစ်ဟာ အရေအတွက် သောင်းချီ သိန်းချီထုတ်တဲ့ အလုပ်ရုံတွေမှာ တော်ရုံအမှားတွေကို တားစီးနိုင်ခဲ့ပါတယ်။ နောက်တော့ ခေတ်စနစ်နဲ့  လျော်ညီအောင် ဂျပန်တခုထဲတင်မဟုတ် တကမ္ဘာလုံး အံဝင်ခွင်ကျ ဖြစ်မဲ့ စနစ်ကို ပြုပြင် ပြောင်းလဲရင်း 1990 တဝိုက်မှာ LEAN system ရယ်လို့  လူကြိုက်များလာခဲ့ပါတယ်။ LEAN ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ Waste တွေ ဖြတ်ထုတ်တဲ့ နည်းနာ နိသယတွေ အကြောင်း ပြောချင်ပါတယ်။ ကျမတို့  နေစဉ် လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဘဝဖြတ်သန်းတာရာမှာပဲ ဖြစ်ဖြစ် အဟန့် အတားဖြစ်စေတာအရာ မှန်သမျှ ကို Waste လို့  ဆိုကြပါစို့ ။
management စကားနဲ့  သရုပ်ခွဲကြည့်ရင် Value added job (ကာစတမ်မာက ပိုက်ဆံပေးထားတဲ့အလုပ် ဥပမာ - ပီဇာ မှာလိုသူက သူမှာတဲ့ ပီဇာ အရွယ်အစား အမျိုးအစားအတွက် ပိုက်ဆံပေး ဝယ်ယူတာ) နဲ့  Non Value added job ဆိုတာက ဝယ်ယူသူက အဲဒါတွေ လုပ်ဘို့  ပိုက်ဆံပေးထားတာ မဟုတ်တဲ့ အလုပ်ပါတဲ့။
Non value added activities ကို ထပ် ခွဲခြမ်း စိတ်ဖြာတော့ ဝယ်ယူသူ က သူဝယ်လိုတဲ့ service/ ပစ္စည်းအတွက် ပိုက်ဆံမပေးထားသော်လည်း မဖြစ်မနေ လုပ်ရတဲ့အလုပ် ဥပမာ - စားသုံးသူက ပီဇာကို လုပ်တဲ့ မီးဖိုကို အပူချိန် ၁၂၀ ဒီဂ၇ီ မှာ ချိန်ညှိဘို့  ပိုက်ဆံပေးတာမှာ မဟုတ်ပေမဲ့ ရောင်းချသူက လုပ်ဆောင်ရတဲ့ activity တွေ... နောက်ဆုံးတခုက စားသုံးသူကလဲ အဲဒီအတွက် ပိုက်ဆံမပေး ကိုယ့်လုပ်ငန်းအတွက်လဲ waste ဖြစ်သွားတာမျိုး ဥပမာ - ပီဇာလုပ်တဲ့ မီးဖို အပူချိန် မထိန်းနိုင်လို့  တူးသွားတာမျိုး အသုံးပြုတဲ့ ပစ္စည်းတွေ ရက်လွန်လို့  လွှင့်ပစ်ရတာမျိုး ဟာ ကိုယ့်ရဲ့ profit ထဲက ပါသွားတဲ့အပြင် အလုပ်မှာ အနှောင့်အယှက်ဖြစ် မတွင်ကျယ်စေတာမျိုးပေါ့။ Lean က အဲဒီ waste တွေကို တားဆီး ထုတ်နှုတ်ပစ်တဲ့ management system ပါ။
အဟန့် အတားဖြစ်စေတဲ့ အရာတွေ (Waste) ကို ခွဲခြမ်းစိတ်ဖြာလိုက်တော့ T.I.M.W.O.O.D ဆိုပြီး အတိုကောက်မှတ်လို့ ရပါတယ်။
T : Transport
I : Inventory
M : Movement
W : Waiting & Delay
O : Over production
O : Over processing
D : Defect
တင်းမ်ဝုရဲ့ တခုချင်းစီ အကြောင်းကို နောက်နေ့ တွေမှာ ဆက်ပါမယ်။ လုပ်ငန်းခွင်ထဲတင် မက ကိုယ်ပိုင်ဘဝတွေ အထိပါ အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။ စိတ်ပါဝင်စားတယ် ဆိုရင်ဖြင့် မေးခွန်းများ feed back များကို ကြိုဆိုပါတယ်။ တယောက်တည်း ပြောနေရတာမျိုးထက် အပြန်အလှန်ဆွေးနွေးတာ တိုင်ပင်တာ မေးခွန်းမေးတာမျိုးက ပိုအသက်ဝင် အကျိုးရှိပါတယ်။
Quality is an investment in the future
Dec 06 - 2016 posted at Pyay GTI group facebook
Monday, August 8, 2016
ဟန်မဆောင်တတ်သူ လူယဉ်ကျေး နယ်ပယ်ကို ခရီးဆန့် ချင်ခဲ့
အသားလို၍ အရိုးတောင်းခြင်းမရှိ
ဝန်တိုမှုတွေ မြှုပ်နှံထားတဲ့ တရှိန်ရှိန်အပြုံးတွေမရှိ
တဖွဖွကြင်နာဟန်ဆောင်တဲ့ ဓါးရိုးတွေမရှိ
အဖြောင့်အတိုင်းပြော အမှန်အတိုင်းပြုံးတတ်တဲ့ မျက်လုံးတွေ
ယဉ်ကျေးတဲ့ နုညံ့တဲ့ စကားတိုးတိုးမှာ မေတ္တာတရား စိမ့်ဝင်
ပုခုံးစွန်းပေါ် ခပ်ဖွဖွ အားပေးထိခတ်မှုမှာ
လက်ဖဝါးတွေသာ ကြမ်းချင်းကြမ်းမယ်
စိတ်တွေက မကြမ်းတမ်း....
လျှောက်ခဲ့တဲ့ လမ်းတွေ မတူဘူး
အနိမ့်အမြင့် အမြင်မျိုးစုံဝန်းရံ
တခါတရံလဲ အံတင်းတင်းကြိတ် မာန်တင်းတတ်တယ်။
ရံဖန်ခါလဲ ရင်ကိုဖွင့်၍ ရယ်မောတတ်တယ်။
ဟန်မဆောင်တတ် ယဉ်ကျေးတဲ့ လူ့ အသိုင်းအဝိုင်း ဆီ...
Friday, February 12, 2016
မိန်းမလှလေး Helen
ဆိုင်နံရံတွင် ထွင်းထု တပ်ဆင်ထားသော လိပ်ပြာပုံ ကြည့်မှန်မှ ဆိုင်ရှေ့ တနေရာစီသို့  သူမစိုက်ကြည့်နေသည်။ ဆိုင်ရှေ့ မျက်နှာစာ display မှန်အိမ်ထဲတွင်မတော့ အဝတ်အစား ကြော်ငြာထားသည့် အရုပ်မလေးများက ကိုယ်ဟန်အမျိုးအမျိုး နှင့်။
 နွေ့ အကြည့်တွေက သူမကို ဘေးတစောင်း ကျောခိုင်းကာ မေးထောက်လျှက်ရှိသည့် ကိုယ်ဟန်ပြ အရုပ်မ လေးဆီ ဝေ့ကာ ဝဲကာ ရောက်တတ်သည်။
 ရှုပ်ထွေးထွေပြားသော အတွေးစများက နွေ့  မျက်နှာပြင်ထက်တွင် ပြေးလွှားလျှက်။
x x x x x x x x x x x x x x x
ဒီဖက်ရှင်ဆိုင်ကလေးကို နွေ့  ဝါသနာအရရော ရပ်တည်မှုအတွက်ပါ စတင်ခဲ့သည်။ အစကတော့ နိုင်ငံခြားက ဈေးသင့်တော်သော အဝတ်အထည်တွေ မှာယူကာ ရောင်းချရုံပင်။ ကိုယ်တိုင်လဲ စိတ်ဝင်တစားရှိတော့ အရောင်တွေ ဒီဇိုင်းတွေ အဆန်းတကြယ်ဖြစ်အောင် ကစားရင်း တဖြည်းဖြည်းနဲ့  ကိုယ်ပိုင် တံဆိပ်ကိုပါ တွဲကာ ရောင်းချလာနိုင်ခဲ့သည်။
အရင်ကတော့အိမ်ရှေ့ ခန်းတွင် တွဲဖွင့်နေရာယူထားသော အိမ်ဆိုင်လေးမှ တဖြည်းဖြည်း အရောင်းရသွက်လာတော့ အိမ်မှာ နေရာလေးချဲ့  မှန်အိမ်လေး လုပ်ကာ အရုပ်ကလေး ၂ရုပ် ၃ ရုပ်ဝယ်ရသည်။ ကိုယ်ပြလိုတဲ့ ဒီဇိုင်းလေးတွေ အရုပ်မှာ ဝတ်ပြတော့ လမ်းသွားလမ်းလာတွေ တွေ့ မြင်နိုင်သည်။ ၁နှစ်ခန့် အကြာ ရိုးရိုးအဝတ်အစားများသာမက မင်္ဂလာဆောင် အဝတ်အစားများပါ ငှားရမ်း ရောင်းချလာနိုင်ခဲ့သည်။
အရုပ်မလေး ၃ ရုပ်က မှန်အိမ်ထဲမှာပေမဲ့  နေပူဒဏ် ရေငွေ့ ရိုက်တဲ့ဒဏ်နှင့် ဆေးရောင်ကျ စ ပြုလာသောအခါ အရုပ်အသစ်ဝယ်ရန် နွေ တယောက် website ပေါင်းစုံ မှာရှာရဖွေရတော့သည်။ နွေလိုချင်သည့် အရုပ်က အလျှင်ရှိပြီးသား အရုပ်တွေလို ကိုယ်ဟန်တမျိုးတည်း ပုံသေပြသည့်အရုပ်မျိုးမဟုတ်။ ခန္တာကိုယ် အမူအရာ ကို ပြောင်းလို့ ရသည့် အရုပ်မျိုး။ ခန္တာကိုယ်၏ တစစ်ချင်းစီကို တကယ့်အမျိုးသမီးတစ်ယောက်လို ပြောင်းလဲနိုင်ပြီး ဆွဲဆောင်မှုရှိ လှပသည့် အရုပ်မျိုး။ supplier ပေါင်းများစွာနှင့် ချိတ်ဆက်လိုက် ဈေးမေးလိုက် နောက်တွန့် သွားလိုက်နှင့် အရုပ်ရှာပုံတော်မှာ သုံး - လေး လခန့် ကြာလာသည်။
နောက်ဆုံးတော့ ယိုးဒယား supplier တခုက အရုပ်အဟောင်းဝယ်ချင်ရင်ဖြင့် သူ့  customer တစ်ယောက် ဆိုင်ဖြုတ်မှာ ဖြစ်သည့်အတွက် သုံးလက်စ အရုပ်များနှင့် ပစ္စည်းများ ဝယ်ယူနိုင်သည်ဆိုသည်ဟု သတင်းပေးလာသည်။ ဈေးကလဲ ကိုယ်အဆင်ပြေတဲ့ ဈေးနှုံး သူပို့ ပေးတဲ့ ပုံတွေကြည့်ရတာလဲ second good ဆိုပေမဲ့ တော်တော်ကို လှသေးသည်။ သို့ နှင့် ဘန်ကောက် ကို ရောက်ခဲ့သည်။
 ဆိုင်တွင်းဝင်လိုက်သည်နှင့် မျက်စိကျစရာတွေက အများသား။ ဆိုင်ရှင်အဘွားကြီးက အမေရိကားရှိ သမီးဖြစ်သူဆီ ပြောင်းရွှေ့ နေထိုင်တော့မည်ဖြစ်သောကြောင့် ဆိုင်ကို ဖြုတ်တော့မည်ဖြစ်ကြောင်း။ ဆိုင်မှာ ၁နှစ်ခွဲလောက်သာ ဖွင့်ရသေးပြီး သမီး အိမ်ထောင်ကျ ကလေးမွေးသည့်နောက် လိုက်ရသည်နှင့် အမြဲလိုလိုပိတ်ထားရကြောင်း ဖောင်ဖောင်ဖွဲ့ ကာ ဧည့်ခံရှာသည်။ ဝယ်သူရှိတုန်း လက်စ ဖြတ်ချင်ဟန်ဖြင့် လက်ရှိ အဝတ်အစားများ အရုပ်များ မီးဆိုင်းများကို အလွန်ချိုသောဈေးနှင့်ရောင်းသည့်အပြင် ခင်းထားသည့် ကော်ဇောတွေ လိုက်ကာတွေ ဆလိုက်မီးတွေ ထိုင်ခုံရှည်များ အဝတ်လဲခန်းကြည့်မှန်များ နှင့် အသုံးအဆောင် တို့ တိတို့ တိများကိုပါ အလကားနီးပါးဈေးနှင့် ပေးလေသည်။
display ရုပ်သာ ဝယ်မည်ဟု မှန်းထားသည်ထက် ပိုကုန်ကျသော်လည်း ထိုက်တန်သည်။
 အရောင်းအဝယ် စာချုပ် လက်မှတ်ထိုးရင်း ဆိုင်ရှင် အမျိုးသမီးကြီးက ဆိုင်တွင်း တချက်ဝေ့ကြည့်ကာ အရုပ်တွေက မိန်းကလေးရုပ်တွေဆိုတော့ အဝတ်လဲရင် အပြင်မှာ မလဲနဲ့ ပေါ့။ ပြီးတော့ သူတို့ ကို အလှပြင်ပေးလို့ ရတယ်။ အလှပြင်တော့ တော်ရုံ မဟောင်းလွယ်ဘူးဟုဆိုကာ ပန်းချီ ဆိုးဆေးဘူးလို အကန့် လိုက်ထည့်ထားသော ကာလာဘူးတခု လက်ဆောင်ပေးလေသည်။ စိတ်ဝင်စားစရာကောင်းသားဟု နွေ သဘောကျမိသည်။ မိတ်ဆက်ပေးသော supplier က သယ်ယူပို့ ဆောင်ရေးအတွက် အိမ်အရောက် service ပေးသည်နှင့် နွေကျေနပ်စွာ အိမ်ပြန်ခဲ့ပါသည်။
x x x x x x x x x x x x x x x
ဘန်ကောက်က မှာယူထားသော ပစ္စည်းတွေ ပုံးများစွာနှင့် ရောက်လာတော့ အိမ်ထဲမှာ အကုန်ခင်းကျင်းဘို့ ဆိုတာ အဆင်မပြေ။ သင့်တော်သလောက် ထုတ်ကာ ပြင်ဆင်ရသည်။
ပစ္စည်းတွေ ဖောက်ရင်း အိမ်တွင်လာကူသော ဝမ်းကွဲညီမငယ်လေးက အလန့် တကြား ထအော်သည်။ အပြေးအလွှားကြည့်တော့ စက္ကူပုံးကို လက်ညိုးထိုးပြသည်။
ဝါဝင်းသော အသားအရည်ရောင် ကျောလည်ခန့် ရှိသည့် ရွှေညိုရောင်ဆံပင်တွေ ဝဲဖြာကျနေသည့် မိန်းကလေးရုပ်တခုက စက္ကူပုံးထဲတွင် ပုဆစ်တုပ်ကာ ခေါင်းငုံ့ လျှက် အနေအထားနှင့်။ ညီမငယ်လေးက လူတယောက်လို ထင်မိရင်း လန့်  အော်မိတာဖြစ်သည်။
"သတ္တိခဲမ"
နွေက မျက်စောင်းခဲကာ ရယ်မောရင်း အရုပ်မလေးကို အသာအယာ ထုတ်သည်။ အလွန်တရာ ပြေပြစ်လှပသော အရုပ်မလေးပေ။ နှုတ်ခမ်းမဟ တဟ။ ရှေ့ တည့်တည့်ကို ကြည့်နေသည့် အကြည့်တစုံက နုနယ်ပျိုမြစ် သန့် ရှင်းသည့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ပုံစံ။
ပန်ကာလေ အဝှေ့ မှာ အရုပ်မလေး နောက်ကျောက ဆံပင်တချို့  ရှေ့ ဘက်လွင့်ကျလာသည်။ အသားက ဖယောင်းတင်ထားသလို အပေါ်ယံမာနေသော်လည်း ဖိကိုင်ကြည့်ရင် ပျော့ပျောင်းသည်။
"အမလေး။ လှလိုက်တာ အမေရယ်။ ဒီမှာကြည့်ပါဦး။ "
အမေက အနားလာ စေ့စေ့ကြည့်ကာ အေးဟယ် တခွန်းသာ ထွက်လာသည်။ နောက်မှ
" ဆိုင်ရှင်အဟောင်းက တော်တော်ရိုသေပုံရတယ်အေ့။ ဆံပင်ကလဲ အရုပ်မ ဆံပင်သာပြောတယ်။ ရှန်ပူနံ့  မွှေးလို့ အေ။ အရင်ဝယ်တဲ့ အရုပ်တွေလို ကိုယ်လုံးတီး မလာဘူး။ ရှင်မီးအင်္ကျီနဲ့  စကပ်နဲ့  ။ ဟန်ကျ ပန်ကျ အေ"
ညီမငယ်က "ဒီမှာ လက်မောင်းမှာ တက်တူးကပါသေး။ ဘာတဲ့။ Helen .. ဟယ်လန်တဲ့ အမရဲ့။ ဟုတ်ပါ့ လှလိုက်တာ"
တယောက်တပေါက် ချီးမွမ်းကြရင်း ထိုအရုပ်မလေးကို ဟယ်လန် ဟု အမည်တပ်ကာ အိမ်ရှေ့ မှန်ခန်းကလေးကို ပုံမှန်ရိုးရိုး ကိုယ်ဟန်ပြသည့် အရုပ်မတွေ ထားသည်မှ အထက်တန်ကျ ပျိုမြစ်သည့် မိန်းကလေးတစ်ယောက် ထိုင်သည့် ဧည့်ခန်းပုံစံမျိုး ပြင်ဆင်လိုက်ကြသည်။
ကြက်သွေးရောင် ကော်ဇောခင်း ။ ဆိုဖာတခုချ။ အနက်ရောင် ဖဲစရှည်ကြီးကို ခင်းကာ ခရစ်စတယ်တုံးလေးတွေ ချ။ ခရမ်းရောင် ညနေခင်းဝတ်စုံ နှင့် ဒူးချိတ်ကာ ထိုင်ရင်း လှမ်းမျှော်ကြည့်နေဟန် မိန်းမပျို၏ အလှက ထူထဲ ထည်ဝါသော လိုက်ကာရှည်ကြီးခြံရံလျှက် ရှူမငြီးလွန်းလှသည်။
ညနေစောင်းတော့လဲ မမှိန်လွန်း မလင်းလွန်းသော  spot light များကြား အလှကြီး လှလျှက် ဆိုင်ရှေ့ ဖြတ်သွားဖြတ်လာဟူသမျှ၏ အကြည့်ပေါင်းများစွာကို သိမ်းကြုံးယူသည့် အပြင် ၃-၄ နာရီအတွင်းသူမဝတ်ထားသည့် ညနေခင်း ဝတ်စုံပုံစံအပါအဝင် ဆယ်ထည်မျှ ရောင်းလိုက်ရသည်။
အမေရော ညီမငယ်တွေရော နွေကိုယ်တိုင်ရော အလွန်ပျော်ကြသည်။ အိမ်နောက်ဖေးတွင် အမေ ချက်ကျွေးသော ညစာ ဆူဆူညံညံစားသည်ကို ခန ထားခဲ့ရင်း လင်းလဲ့လဲ့ မီးရောင်အောက်က အပြင်အဆင်ကို လာကြည့်သည်။ ဟယ်လန့်  မျက်တောင်ညိုတွေက ခေါင်းငဲ့ထားရာဆီ စင်းကျလျှက် အိမ်တံခါးဝဆီမှ လေတိုက်တိုင်း သဲ့သဲ့လှုပ်သည့် ခေါင်းလောင်းသံလေးတွေ နားထောင်ရင်း ပြုံးတော့မလို။
ကိုယ့်အတွေးနှင့်ကိုယ် ရီချင်သွားသော နွေသည် အပြုံးကို သိမ်းရင်း အိမ်ထဲ ပြန်ဝင်ခဲ့သည်။ ထိုည သူမ၏ အိပ်မက်ထဲတွင် ဟယ်လန်သည် ဆိုဖာပေါ်တွင် ထိုင်နေရာမှ သူမကို ဖြေးညှင်းစွာ လှည့်ကြည့်ပြီး ပြုံးပြသည်ဟု အိပ်မက် မက်လေသည်။
x x x x x x x x x x x x x x x
သည်အတောအတွင်းရက်တွေမှာ မိသားစု အားလုံး အလုပ်ရှုပ်သည်။ နယ်မှ အမျိုးတွေ ဆေးခန်းလာပြကြသောကြောင့် အိမ်တွင်တည်းကြသည်။ ဒေါ်လေး သမီး မိန်းကလေးက ရောက်ပြီး တည မှာ နွေ့ ကို လာပြောသည်။
"အမ အရုပ်က ကျွန်မ ကို ကြည့်နေတယ်။"
နွေ ရယ်နေသောအခါ " ဟုတ်တယ် မမရဲ့ ။ မနေ့ ညနေက သူ့ ကို အဝတ်လဲပြီး အထဲမှာ ပြန်ထားတော့ ကျွန်မ မှန်ခန်းထဲ လိုက်ဝင်ကြည့်တာ။ ဟိုစားပွဲသေးသေးလေးပေါ်က မှန်လေးက လှလို့  ကိုင်ကြည့်မိတယ်။ သူက ကျွန်မ ကို မှန်ထဲက စိုက်ကြည့်နေတယ်။"
 "တောက်တီးတောက်တဲ့ ညီမ ရယ်"
"တကယ် မမနွေ... သူ့ အကြည့်က စိတ်ဆိုးသလိုမျိုး"
 အမေက အမျိုးတွေလဲဆုံ။ အဘွားဆုံးသွားသော လ လဲဖြစ်သဖြင့် အဘွားအတွက် ရည်စူး၍ အိမ်မှာ အလှူကလေး တခုလုပ်မည်ပြောသောအခါ အလှူအတွက် သိမ်းသင့်တာ သိမ်းကြ ပြင်ဆင်ရတော့သည်။ ဟယ်လန် နှင့် အတူ အားလုံးသော အရုပ်များ အထည်လိပ်များ အထည်များ ပစ္စည်းများနှင့် ခုံတချို့ ကို အခန်းငယ်လေး တခုတွင် ထည့်သိမ်းရသည်။
ညနေစောင်းတော့ တမြို့ တည်းနေပြီး မတွေ့ တာကြာသော မိတ်ဆွေဟောင်း အချို့ နှင့် ဆွေမျိုးများပါရောက်လာသည်။ သူမ မုန့် ပွဲပြင်နေသော မီးဖိုချောင်ထဲ ရောက်လာသော အန်တီ တစ်ယောက်ကပြောသည်။
"ဟို အခန်းရှေ့ မယ်ထိုင်နေတဲ့ ကလေးမ က နွေနွေတို့ ဧည့်သည်လား။ လှလိုက်တာ မှုံလို့ "
 "ဘယ်သူလဲ အန်တီ ရဲ့"
အိမ်ရှေ့  နှစ်ယောက် အတူ ထွက်လာရင်း မေးတော့
"ခုန တင် ဒီနား ထိုင်နေတဲ့ ကလေးမလေ"
နွေ့ ညီမ ဝမ်းကွဲတွေက အများသား။ အားလုံး သက်တူရွယ်တူ ၂၀ ဝန်းကျင် အပြိုင်းအရိုင်း အရွယ်ရောက်လာသူများဖြစ်၍ ငယ်ဂုဏ်ငယ်သွေးပါ ပေါင်းကာ လှကြသည်။
"နွေ့ ညီမတွေပဲ  အန်တီရယ် လှမှာပေါ့"
နွေက အရွှန်းဖောက်တော့ အန်တီက ခေါင်းခါသည်။ နွေ့ ညီမတွေအားလုံး အန်တီ့ အမျိုးချည်းပဲ အန်တီသိရမှာပေါ့။
အန်တီပြောတဲ့တယောက် ဘယ်သူမှန်းမသိတာနှင့် အလှူအလုပ်တွေ ဆက်လုပ်နေခဲ့သည်။
x x x x x x x x x x x x
နာရီကြည့်လိုက်တော့ မနက် ၂နာရီ။ သူမကြည်ကြည်လင်လင် အိပ်ယာနိုးလာသည်။ အခန်းရှေ့ က တစ်စုံတစ်ယောက် ငြင်ငြင်သာသာ ဖြတ်လျှောက်သွားပြီး တခါးပိတ်သံ တိုးတိုး ကြားလိုက်သည်။ နွေ တို့ အိမ်တွင် ညည့်နက်သန်းခေါင်ထိ ရုပ်ရှင်ကြည့်တတ်ကြသည့် ကလေးမ များရှိတတ်သည့် အတွက် ထိုအရာသည် ဘာမှ မထူးခြား။
အသာအယာပင် အခန်းပြင်ဘက်ထွက်ခဲ့သည်။ ပစ္စည်းများသိမ်းသည့် အခန်းရှေ့ ကအဖြတ် အနည်းငယ် ပွင့်ဟနေသည့် တခါးမှ အတွင်းသို့ လှမ်းမြင်လိုက်ရသည်။ တခါးဖွင့်ပြီး အခန်းတွင်းသို့  နွေ ဝင်လိုက်သည်။ အခန်းထဲတွင် မီးဖွင့်မထား။ လမ်းမီးတိုင်မှ မီးရောင်သာ မှန်ပြူတင်းမှ ကန့် လန့် ဖြတ် ကျရောက်နေသည်။ အခန်းတွင်းတွင် တစုံတယောက် မတ်တပ်ရပ်ကာ နွေ့ ကို စောင့်ဆိုင်းနေဟန်ရှိသည်။ အနည်းငယ် ရှေ့ တိုး ကြည့်တော့ ဟယ်လန်။
ညှိုးငယ်နေသည့် မျက်နှာလေးနှင့် နွေ့ ကို ကြည့်နေရှာသည်။ ပြီးတော့ သူမ လက်ဖဝါးတွေကို အသာအယာ ဖြည်းညင်းစွာ ဖြန့် ပြသည်။ နွေက သူမ လက်ဖဝါးတွေ ဆွဲယူကာ ကြည့်လိုက်တော့....
နွေ အိပ်ယာပေါ်တွင် ထိုင်မိလျှက်သား နိုးလာသည်။ ခုန က အရာသည် အိပ်မက်သာဖြစ်ကြောင်း ချက်ချင်း သတိရလိုက်သည်။ နာရီကြည့်လိုက်မိတော့ မနက် ၅ နာရီကျော်ပြီ။ အမေ ဆွမ်းကပ်နေသံကြားရသည်။
 သူမ ကပျာကယာ အိပ်ယာထကာ ပစ္စည်းများ သိမ်းသည့် အခန်းထဲ ဝင်ခဲ့သည်။ အလှူ ပြီးတာ တပါတ်လောက်ရှိပြီဖြစ်သော်လဲ designer ရက်တို သင်တန်းကို မိုးလင်း မိုးချုပ်တက်နေသည့် အတွက် ဘာမျှ နေရာတကျ ပြန်မထားရသေး။ store ခန်းလေးထဲ ဝင်လိုက်လျှင်ပင် ဟယ်လန့် ကို အဝတ်လိပ်ကြီးများ နောက်တွင် ထောင်လျှက်သား တွေ့ သည်။ အလျှင်အမြန်ပင် ဟယ်လန့်  ဆီလျှောက်သွားကာ ဟယ်လန့်  လက်ဖဝါး များကို ဆွဲယူကြည့်လိုက်မိသည်။ လက္ခဏာ အရေးအကြောင်းများ အပြည့်အစုံ ဟယ်လန့်  လက်ဖဝါး နှစ်ဘက်တွင်ရှိသည်။
သူမ နှလုံးသားသည် လည်ချောင်းဆီမှ ခုန်ပေါက်ထွက်တော့မလို ။ ဟယ်လန်ကတော့ အမှောင်ရေးရေးထဲတွင် ဖရိုဖရဲ ဆံနွယ်များကြားမှ ညှိုးငယ်စွာ ငေးကြည့်နေသယောင်။
ဟယ်လန်သည် ဖြုတ်၍ တပ်၍ရသော အရုပ်ကလေး တခုဖြစ်သည်။ သူမ ကို ထိကြည့်လျှင် ရာဘာလိုလဲ ပျော့အိမနေ။ သစ်သားထည် သံထည်လိုလဲ မာကျောမနေသော material တခုဖြင့် တည်ဆောက်ထားသည်။ ခါးလည်ခန့် ဆံပင်တွေကတော့ ဆံပင်အစစ်တွေထက် လှပသည်။ မြင်းမီးများ ဖြစ်နေမလားလို့  သူမတွေးဘူးသည်။ လက်ခဏာ အပြည့်အစုံပါသော လက်ဖဝါး နှစ်ဘက် နှင့် ။ ပြီးတော့ ငေးငေး ရီရီ ဗာဒန်စေ့ မျက်ဝန်း များသည် သူ့ ရှေ့ က ဖြတ်သွားသူတွေ သို့ မဟုတ် ဆိုင်အတွင်း ဝင်လာသူတွေကို ကြည့်နေသယောင်က တခြား အရုပ်တွေထက် ထူးခြားသည်။
 အစွဲအလမ်းဆိုဆို သူမ သည် ဟယ်လန့်  ကို အခြားအရုပ်များထက် အရေးတယူ ထားသည်။ မိသားစုဝင် တစ်ယောက်လို သဘောထားကာ နေရောင်မကျအောင် လေမတိုက်အောင် အရိပ်တကြည့်ကြည့်ထားသည်။ အင်္ကျီ ပုံစံ အသစ် လဲသည့်အခါများတွင်ပင် မိန်းကလေးတစ်ယောက်လဲသလို အခန်းတွင်းတွင် ကရုတစိုက်လဲပေးသည်။ အရုပ်များအားလုံး သုံး-လေးလ တခါ ခေါင်းလျှော်ပြီး ဆေးရောင်အသစ်ပြန်တင်ပေးသည်။
သို့ သော်လည်း မှုံမှိုင်းမှိုင်း ဟယ်လန့် ကို အိပ်မက်ထဲတွင် နောက်တကြိမ် ဆုံဆဲပင်။ နောက်တနေ့  ညနေစာ စားအပြီး ယုတ်တိမရှိနိုင်ရာသော အလုပ်တခု သူမ လုပ်ခဲ့သည်။ ဆိုင်သိမ်းကာနီး ဟယ်လန် အနားသို့  လျှောက်သွားရင်း တီးတိုး စကား မေးလိုက်သည်။
" နင်မပျော်ဘူးလား ဟယ်လန်။ ငါ့ကို တခုခုပြောလေ"
ည မီးရောင် မလင်းတလင်းတွင် ဟယ်လန့် မျက်ဝန်းများသည် ငေးစင်းရင်း ။  ခန နေတော့ သူမ ကွန်ပြူ တာရှေ့ တွင် ထိုင်ကာ ဆွဲလက်စ ဒီဇိုင်းတခု အချောသတ်နေမိသည်။ အပြင်တွင် မိုးတစိမ့်စိမ့်ရွာနေသည်။ ကော်ဖီပူပူ တခွက် ထ ဖျော်ပြီး ပြန်ထိုင်ကာ အရောင်စပ်ပုံအကြောင်းရေးထားသည့် စာတမ်းတခု ဖတ်ဖြစ်ပြီး  စိတ်ဝင်တစား မျောပါသွားမိသည်။
သူမ လက်ချောင်းများက wireless mouse ပေါ်တွင်သာ တင်ထားရင် ကွန်ပြူတာ စခရင်ပေါ်မှ စာရွက်များကို mouse မှ ဘီးလုံးကလေးဖြင့် အသာအယာဆွဲချနေခြင်းသည်သာ လှုပ်ရှားမှု တခုအဖြစ်ရှိနေသည်။ သူမ မျက်နှာရှေ့ မှ အပြာရောင် LED လေး တခု ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတော့မှ သူမ ငုံ့ ကြည့်လိုက်သည်။
Caps Lock LED လေးက ဖွင့်လိုက်ပိတ်လိုက်နှင့်။ Caps Lock ကို ယောင်၍မျှတောင် မထိပဲနဲ့  ။ သူမ နှစ်ချက် သုံးချက် caps lock key ကို နှိပ်လိုက်သည်။ မှိတ်တုတ် မှိတ်တုတ် LED သည် ရပ်သွားသည်။ ခနမျှ အညောင်းဆန့် ကာ ကော်ဖီသောက်မည်ဟု လက်ဆန့် လိုက်သည်တွင် ကော်ဖီပန်းကန်ဆီ မထိရသေးချိန် ကော်ဖီပန်းကန်က မှောက်သွားသည်။ သူမ ကြောင်ကြောင်အအ ငေးရင်း အသိစိတ်က လူကို မပိုင်စိုးနိုင်သေးခင် ရေရွတ်လိုက်မိသည်။
"ဟယ်လန်... နင်လား"
အိမ်မြှောင် စုတ်ထိုးသံက တခန်းလုံး အနှံ့ ။ သူမ စိတ်ရှည်စွာ စိတ်အားထက်သန်စွာ ငြိမ်ငြိမ်သက်သက် စောင့်သည်။ ညနက်သည်ထက်နက် ပြီးနောက် မနက်အလင်းရောက်သည့်ထိအောင် ဟယ်လန် ပြန်မလာခဲ့ပေ။
"မမရေ... " ညနေစောင်း ညီမငယ်တယောက် အော်လိုက်သံက ရေချိုးပြီးစ ဆံပင်တွေ ကရုတစိုက်သုတ်နေသည့် နွေ့ ကို တုန်သွားစေသည်။ နွေတို့ လမ်းထဲမှာ ပွဲတခုအတွက် ပြင်ဆင်နေချိန်ဖြစ်၍ လျှပ်စစ်မီး ခန ဖြတ်ကာ မီးပွင့် မီးလုံးတို့ သွယ်တန်းနေ၍ မှောင်ရိပ်ကျနေသည်။
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ" သူမ အသံ ကြားရာသို့  ပြေးခဲ့သည်။ ညီမငယ်က မျက်လုံးအပြူးသား ရှိုက်သံတဝက်နဲ့ 
"အဲဒီအရုပ်မ ကျွန်မကို နောက်က ဆံပင်ဆွဲတယ်.. ပြီးတော့ တံခါးပေါင်ပေါ် တင်ထားတဲ့ ကိုက်တံ (ပေတံအရှည်) နဲ့  ကျမ ကျောကို ရိုက်တယ်။ မမ အရုပ်က သရဲပူးနေတာ။"
"ညည်းက ဘာလုပ်နေတာတုန်း"
 ဖယောင်းတိုင် မီးတဘက်နှင့် ညီမငယ်က " အမေကြီးက အိမ်ရှေ့ မှာ တင်ထားခဲ့တဲ့ အင်္ကျီယူခိုင်းလို့  လာရှာတာလေ... အမ အရုပ်က အဲဒါ ...."
"တော်တော့။ ဘာတွေ ပြောနေကြတာလဲ.. ဟိုတယောက်ကလဲ ပေါကြောင်ကြောင်နဲ့ ။ အရုပ်မ က ရိုက်စရာလား။ အင်္ကျီရရင် သွားတော့"
နှုတ်ဆိတ် ထွက်သွားတော့ ဟယ်လန့်  လက်ကို တယ်လီဖုန်း မီးရောင်အောက်မှာ ဖြန့် ကြည့်သည်။ သူမ လက်ဖဝါးတွင် ဆံပင်စ တချို့  ။ နွေ မျက်ခုံးတွေ တွန့် ချိုးကာ အိမ်ထဲ ပြန်ဝင်ခဲ့သည်။
ထိုအတောအတွင်းများတွင် နွေ နှင့် အမေ သည် တစ်ယောက်ကို တစ်ယောက် ဟယ်လန့်  အကြောင်း ဖုံးကွယ်ထားခဲ့ကြသည်။ နောက်မှ သိခဲ့ရခြင်းမှာ နွေ က အမေထိတ်လန့် မှာစိုး၍ ဘာမှ မထူးခြားသလို နေသလို အမေကလဲ တခွန်းမှ မပြောပေ။ အဖြစ်အပျက်တခု မတိုင်ခင်အထိပင်။
 အဲဒီနေ့ က ရပ်ကွက်ထဲတွင် လှည့်ပြီး တောင်းရမ်းနေသည့် စိတ်မနှံ့ သည့် အမျိုးသမီးတစ်ယောက် ရောက်လာလေသည်။
"ဟဲ့ အိမ်ကြီးရှင်များရေ... ငါ့ကို ဆန်လေး တတင်း နှစ်တင်းလောက် ပေးစမ်းပါနော်"
အသံနှင့်အတူ စုံစီနဖာပေါင်းစုံပါသည့် ဆွဲခြင်းကြီး ဆွဲလျှက် အိမ်အတက်အဆင်းတွင် ဝင်ထိုင်လိုက်သည့် အမျိုးသမီးအရွယ်လတ်ပိုင်း တစ်ယောက်။ အရင်ကတော့ ကောင်းရောင်း ကောင်းဝယ် ဈေးတွင် အသီးအနှံလေး ရာသီပေါ် စာလေးတွေ ရောင်းသည့် ထို အမျိုးသမီးသည် ဘယ်လိုဖြစ်ကာ စိတ်နောက်သွားသည် မသိ။ လူကတော့ သပ်သပ်ရပ်ရပ်ပင် ဝတ်စားကာ သူတနေ့ စာ အသက်ရှင်ရုံ တောင်းရမ်းစားသောက်ရင်း တုံနှိဘာဝေ ငေးတိငေးမောဖြင့် ဘဝကို ဖြတ်သန်းနေလေသည်။
အမေက ဆန်နို့ ဆီဘူး တစ်လုံးထည့်ထားသော အိတ်ကလေးကို မသဇင်ဆီ ကမ်းပေးလိုက်သည်။
"အထဲမှာ ထိုင်ပါ။ မသဇင်ရဲ့။ အပြင်က မိုးက စိုစွတ်စွတ်နဲ့  "
မသဇင်က ဆန်အိတ်ကလေးကို ခပ်ဖြည်းဖြည်းလေးလေး လှမ်းယူရင်း ပြန်ထွက်သွားရန် မတ်တပ်ရပ်သည်။ ထို့ နောက် ဟယ်လန့် ထံ အချိန်ကြာမြင့်စွာ ငေးကြည့်ကာ ပြန်ထွက်သွားလေသည်။ တစ်ပါတ်လျှင် နှစ်ကြိမ် မျှ လောက်တော့ မသဇင် ရောက်လာတတ်သည်။
ရောက်လာတိုင်း ဟယ်လန့် ဆီ ငေးကာ တခါတခါ ပြုံးသလိုလို မျက်နှာပေး တခါတခါ မျက်မှောင်ကြုံ့ ကာနှင့် ။
x x x x x x x x x x x x
အန်တီ့ အလန့် တကြားအော်သံကြောင့် အတူ အိမ်ပေါ်တက်လာရင်း လန့် သွားရသည်။ အန်တီက ဟယ်လန့် ကို လက်ညှိုး တထိုးထိုး။
"အဲဒါ အရုပ်မ လား နွေ..."
"ဟုတ်တယ်လေ... အန်တီ... လန့် လိုက်တာ"
" ဟိုတခါ အလှူတုန်းက အိမ်ရှေ့ မှာ ပြုံးပြုံးလေးထိုင်နေတဲ့ ကောင်မလေးက သူလေ... ငါမမှားပါဘူး"
နွေ သက်ပြင်းသာ ချရင်း ဘာမှ ပြန်မပြောတော့။
တကယ်ပဲ ဟယ်လန် သည် တခုခု ပူးဝင်နေသည်လား။
x x x x x x x x x x x x
 ရာသီဥတု စိုစိုစွတ်စွတ်နှင့်ကြောင့် ထိုနေ့ ညမှာတော့ သူမတို့  စောစောအိပ်ယာဝင်ကြသည်။ တစုံတခု ကျကွဲသံကြောင့် သူမ လန့် နိုးလာခဲ့သည်။ သူမ အခန်းပြင်ထွက်ခဲ့တော့ အမေနှင့် ညီမငယ်တယောက်ပါ အပြင်ရောက်နှင့်နေကြပြီ။
အသံကြားရာ ဆီ လာခဲ့ကြတော့ အိမ်ရှေ့ ခန်းတွင် လူတစ်ယောက် ညည်းညူ ရင်း လဲကျနေလေသည်။ ဟယ်လန် နှင့် တခြားအရုပ်များထားရာ မှန်အိမ်သည် ကွဲအက်လျှက်ရှိသည်ကို လမ်းမီးမှ မြင်ရသည်။ သူမတို့  အပြေးအလွှား မီးဖွင့်ကြ။
နီးစပ်ရာ တုတ်တွေ ကိုင်ဆွဲရင်း လဲကျနေသူဆီရောက်သွားတော့ ချဉ်စူးစူးအရက်နံ့ နှင့်အတူ သူမတို့  မသိသည့် တစိမ်းတစ်ယောက်သည် ကြမ်းပြင်ပေါ်တွင် ညည်းညူလျှက်။ ထိုသူ၏ ဘေးတွင် ပြန့် ကျဲလျှက်ရှိသည်က ဟယ်လန်တို့  အရုပ်မများ အလှဆင်လျှင် ဝတ်ဆင်လေ့ရှိသည့် ဘရက် တန်ဆာ များ နှင့် ထည့်သည့်ဘူး။
ညနေကမှ ရောက်သည့် အထည်သစ်အိတ်တအိတ်က အိမ်အပြင်သို့ ပင် ရောက်နေပြီ။
 သူမတို့  ရဲကို ဖုန်းဆက်ခေါ် ။ အိမ်နီးချင်းတွေ ရောက်လာသည်အထိ ထိုသူသည် ပါးစပ်မှ ဗလုံးဗထွေးပြောရင်း မျက်နှာကို လက်တစ်ဘက်နှင့်ကွယ် လက်တစ်ဘက်ကလဲ ဗိုက်ဆီသို့  အုပ်ထားသည်။
 ရဲရောက်လာသည့်အခါတွင် စစ်ဆေးပြီး အိမ်အတွင်းသို့  ခိုးဝင်သည့် အရက်သမားတစ်ယောက် ပစ္စည်းခိုးယူရင်းက စားပွဲစွန်းနှင့် တိုက်မိရာမှ အရှိန်လွန်ကာ မှန်ပြူ တင်းကို ခေါင်းနှင့်ရိုက်ခွဲမိသည်ဆိုကာ ခေါ်ယူသွားလေသည်။
 ပြသနာတွေ ပြီးသွား၍ ခြံတံခါး နိမ့်နိမ့်လေးကို ပိတ်ကာနီးမှ အိမ်ရှေ့ မျက်နှာချင်းဆိုင်မှ ခေါက်ဆွဲဆိုင်တွင် ထိုင်နေသည့် မသဇင်ကို မြင်လေသည်။
သူမက မသဇင်ကို "အိမ်ပြန်တော့လေ မသဇင်" ဟု နှုတ်ဆက်သည့် အခါ မသဇင်သည် သူမ ရှိရာသို့  အသာအယာ လျှောက်လာလေသည်။ ခြံတခါးတင်ထားသည့် သူမ လက်တွေကို မသဇင်က တင်းကျပ်စွာ ဆုပ်ကိုင်ရင်း
"ငါ အကုန်မြင်တယ်။ ငါဒီထဲမှာ အိပ်နေတာ ကြာပြီ။ ဟိုကောင်က ဒီ ပြူ တင်းပေါက်ကတက်လာတာ။"
မသဇင်ပြောသော ပြူတင်းပေါက်သည် ကိုယ်ဟန်ပြ အရုပ်များထားသည့် မှန်အိမ်ဘေး က ပြူတင်းပေါက်ဖြစ်သည်။ ထို့ နောက် ဟယ်လန့် ကို လက်ညိုးထိုးရင်း
"အဲဒီကောင် အထုတ်ကို ပစ်ချပြီး နောက်ထပ်တခုကို ယူမလို့  ဟောဟို အခန်းထဲသွားတော့ ဟိုကောင်မက ပါးရိုက်လိုက်တာအေ့။ ပြီးတော့ တွန်းလိုက်တာ ဟိုကောင် စားပွဲပေါ် မှောက်ကျရော။ အဲဒါ တရွတ်ဆွဲလာပြီး အဲဒီမှန်ခန်းထဲက လွှင့်ပစ်တာမှာ မှန်က ကွဲရော ။ အဲဒီကောင်က နောက်ဘက် ထွက်ပြေးရင်း ချော်လဲတုန်း နင်တို့ ရောက်လာတာ။ ကောင်းတယ် အေးရော။"
အားတက်သရော ပြောနေသည့် မသဇင်ကို သူမ ကြောင်ကြည့်နေမိပြီး အိမ်ပေါ် အပြေးတက်ရန် အလှည့်တွင် အနောက်နား ကပ်ရပ်နေသည့် အမေ့ မျက်ဝန်းတို့ နှင့် ဆုံလေသည်။
"ဟယ်လန်"
ညီမငယ်များနှင့် အိမ်နီးချင်းများက လဲပြို ကျသွားခဲ့သည့် ဟယ်လန် နှင့် အခြားအရုပ်မများကို နေရာတကျ ပြင်ဆင်ပြီးနေပေပြီ။ သူမသည် ဟယ်လန့် ဘေး စားပွဲပုလေးပေါ်မှ ရတနာသေတ္တာပုံစံ decoration ဘူးလေးကို ကိုင်ကြည့်ရင်း
"သူတို့ ပြောတာ ဘယ်လောက်မှန်ပြီး ဘယ်လောက်မှားလဲတော့ ငါမသိဘူးပေါ့ ဟယ်လန်။ ဘာဖြစ်ဖြစ်ကျေးဇူးပါ"
တံခါးပိတ်ရင်း အိမ်ထဲဝင်လာသည့်အမေက " သမီး သိပြီးပြီဆိုလဲ အမေ အထွေအထူး မပြောတော့ဘူး။ ကြောက်မှာ စိုးလို့ မပြောမိတာ။ အိမ်က ကလေးမတွေကလဲ ပြောကြတယ်။ ဒီအရုပ်ဟာ ပုံမှန်မဟုတ်ဘူး။ တခါတခါ ညဘက် အိမ်ထဲ သွားနေတဲ့ မိန်းကလေးလိုမျိုးလဲ တွေ့ တယ်တဲ့။
အမေစဉ်းစားတာလေ့  မြို့ ထဲက shopping mall မှာ တနေရာစာလေးယူပြီး ဆိုင်ပြောင်းဖွင့်ပါလားသမီး။ အမေ့ သူငယ်ချင်းကလဲ ဆိုင်ခန်းငှားချင်နေတော့။ အဆင်ပြေမလားလို့ ရယ်ပါ"
နွေ ထွေထွေထူးထူး ပြန်မမေးတော့။ နွေ့ စိတ်ထဲမှာလဲ ဒီလိုပဲ ခံစားနေရသည်။
အဲဒီနောက်ပိုင်း shopping mall ဆီ နွေတို့ ပြောင်းရွှေ့ ခဲ့လေသည်။  ဟယ်လန်ပျော်ပိုက်သည်ဟု ထင်ရသည်။ အတည်မပြုနိုင်သော သတင်းများအရ ရွှေညိုရောင် ဆံပင်ရှည်နှင့် လှပပြေပြစ်သော မိန်းကလေးတစ်ယောက်ကို ထိုshopping mall ပိတ်ချိန် ညအချိန်များတွင် ရိုးရိုးရိပ်ရိပ် မြင်တွေ့ ရသည်ဟူ၍။
သတင်းကြားပြီး နောက်တနေ့ ဆိုင်ရောက်သည့်အခါ သူမသည် အင်္ကျီ sample များ ရွေးချယ်လဲလှယ်ပေးရင်း ဒီညတွေ သိပ်ပျော်တယ်မလား မိဟယ်လန် ဟု တီးတိုး စနောက် ဖြစ်သည်။
 ဟယ်လန့် ကိုနောက်တကြိမ် သူမ ထပ်ဆုံရသည်။ ဒီတခါတော့ အပြင်မှာ ဆုံရခြင်းဖြစ်သည်။ ဟယ်လန်သည် ရှုပ်ထွေးသည့် ချည်ကြိုးတလုံး ဖြစ်သည်။ ရေထဲမှ အရိပ်တခုလိုလဲထင်ရသည်။ ထိတွေ့ ကိုယ်တွယ်မရသည့် ပန်းချီကားတခုနှင့်လဲ တူလေသည်။
x x x x x x x x x x x x
ကမ္ဘာကြီးက ပိုပြီးပဲ ကျဉ်းလာသလား ရေစက်လို့ ပြောရမလား။ သူမ သည် ထိုင်း-မလေးရှား နယ်စပ်ရှိ ဘီးထုံ ဆိုသည့် မြို့ ကလေးသို့  မလေးရှားနိုင်ငံ ပီနန်မြို့ သို့  အလည်သွားရာမှ တဆင့် ရောက်ရှိခဲ့သည်။
တရုတ်သွေးရောစပ်သည့် ထိုင်းလူမျိုး မိတ်ဆွေ၏ အိမ်သို့  အလည်ရောက်ချိန်တွင် ဘယ်လိုမှ မထင်မှတ်ထားစွာ အိမ်ဧည့်ခန်းအတွင်းရှိ မိသားစု ဓါတ်ပုံတွင် ဟယ်လန့် ကို မြင်လိုက်ရသည်။
"ဟယ်လန်"
သူမ၏ တိုးတိမ်တိမ်ရေရွတ်သံက သူမတို့ ကို ဧည့်ခံနေသော သူငယ်ချင်း မိခင်ကို တကိုယ်လုံး တုန်သွားသည်အထိ စိတ်လှုပ်ရှားသွားစေနိုင်လေသည်။ စိတ်လှုပ်ရှားနေလွန်းသော မျက်ဝန်းတို့ ဖြင့် သူမကို စိုက်ကြည့်ပြီး မျက်ရည်များ သွင်သွင်စီးကျလာလေသည်။ သူမသည်လဲ အံ့သြလွန်း၍ မျက်တောင်များ တဖျတ်ဖျတ်ခတ်ရင်း အိပ်မက်လား လက်တွေ့ လားရယ်ဟု ကြိုးစား၍ လက်ရှိအချိန်ကို ဖမ်းဆုပ် တွေးဆ နေမိသည်။
 မိတ်ဆွေ အမျိုးသားက မိခင်ကို ဖေးမ ထားရင်း သူမ ကို မေးလေသည်။
"ဟယ်လန် က တို့ ညီမ အငယ်ဆုံးလေးလေ။ မင်းနဲ့  ဘယ်မှာ ဆုံခဲ့တာလဲ"
အခြေအနေက ကြောက်လန့် တကြားဖြစ်စရာ အဖြစ်အပျက်ကို အမှန်အတိုင်း ပြောနိုင်သည့် အချိန်မဟုတ်ကြောင်း သူမ တွက်ဆ မိသည်။
"တို့  ဘန်ကောက်မှာ ရှိတုန်းက fashion ဆိုင်တခုရဲ့ ပိုစတာမှာ တွေ့ ခဲ့တာပါ။ သူ့ ကို မော်ဒယ်တစ်ယောက်လို့  ထင်ပြီး သိပ်ချစ်စရာကောင်းလွန်းလို့  မှတ်မိနေခဲ့တာပါ"
ထိုအဖြေသည် လက်ရှိအခြေအနေကို ချိန်ဆရင်း ပင်ပန်းကြီးစွာ အားထုတ်လိုက်ရသော မုသား ဖြစ်လေသည်။ ဆွဲဆောင်မှု ကောင်းသော မော်ဒယ်တွေ ပေါများသည့် လောကကြီးမှာ မော်ဒယ်နှင့် နာမည် တွဲမှတ်မိနေရလောက်အောင် တော်ရုံ မှတ်ဥာဏ်မကောင်းနိုင်မှန်း လူတိုင်း ရိုးရိုးစင်းစင်းသိနိုင်မည် ဖြစ်သည်။
ရိုးသားသော အိမ်ရှင် မိသားစုကတော့ ထိုအရာကို ကရုမပြုမိကြ။  ဘွန် ဟုခေါ်သော သူမတို့  မိတ်ဆွေ အိမ်ရှင်သည် မျှော်လင့်ချက်တို့  ပျောက်ကွယ်သွားသယောင် ခေါင်းငိုက်စိုက်ကျနေလေသည်။ ထို့ နောက်တွင် ဘွန်က ညီမငယ်၏ ချစ်စဖွယ် ဓါတ်ပုံ တချို့ ကို သူမကို ပြလေသည်။
လွန်ခဲ့သော ၄ နှစ်ခန့် က ကွာလာလန်ပူတွင် မော်ဒယ်လုပ်မည်ဆိုကာ ထွက်ခွါသွားခဲ့သော။ ၂ နှစ်ခန့် အကြာ ရုတ်တရက် အဆက်အသွယ်ပြတ်တောက်ခဲ့သော မိန်းမဆိုးလေးသည် သူမ ဆိုင်ရှိ အရုပ်မလေးနှင့် တပုံစံတည်းပင်။ လက်မောင်းသားတို့ ဆီမှ တစွန်းတစ မြင်ရသည့် တက်တူးကလေးပင် တူနေသေးသည်။
ကျောလယ်ခန့်  ရွှေဝါရောင် ဆံပင်ရှည်များနှင့် အနက်ရောင် စကပ် ခပ်ကြပ်ကြပ် ဝတ်ထားသည့် မိန်းကလေးပုံကို ကြည့်ရင်း သူမ ခေါင်းတွေပူထူလာ အောင် လက်လှမ်းမီသ၍ စဉ်းစားနေမိသည်။
ဟယ်လန်သည် ဒီနေ့ ထိ အဖြေမသေချာသော ပုစ္ဆာတစ်ပုဒ်ဖြစ်ဆဲ။
နွေ သည် အိမ်ပြန်ရောက်တာနဲ့  ထိုကိစ္စကို အမေ့ကို ပြောသည်။ အမေက "မသဇင်လဲ ဟယ်လန့် အကြောင်းတွေ ပြောတယ်။ ဘာပြောမှန်း အမေမသိဘူး။ တယ်သနားစရာကောင်းတဲ့ လောကသားတွေရယ်ပါလား" လို့  သတိ စကား မြည်တမ်းသည်။ နွေ တယောက် မသဇင် ကို ကောက်ရိုးမျှင် လေးသဖွယ် မျှော်နေမိသည်။
"အိမ်ကြီးရှင်များရေ... ငါ့ကို ဆန်လေး တတင်း နှစ်တင်းလောက် ပေးစမ်းပါနော်" နေ့ လည်ခင်းတခုမှာ မသဇင် အသံ ကြားလိုက်ရသည်။ သူမ က အမေ အသင့်ထုတ်ထားတဲ့ ဆန်ထုတ် ကလေးယူရင်း မသဇင်ဆီ ထွက်ခဲ့သည်။
"မသဇင် အမေ့ကို ဟယ်လန့် အကြောင်းတွေ ပြောတယ်ဆို။ ကျမလဲ သိချင်တယ်။ ပြောပါဦး"
မသဇင်က ဆန်ထုတ်ကလေးကို ခြင်းထဲ သေသေချာချာ ထည့်ရင်းက " ငါ့ကို လေ ချစ်တယ်ပြောတယ်။ သူက သူက ... ငါ့ကို မခွဲချင်ဘူး ဘယ်သူမှ မပေးနိုင်ဘူး တသက်လုံး တယောက်တည်း သိမ်းထားမယ်တဲ့လေ... "
ညီမငယ်တစ်ယောက်က ရယ်မောရင်း မသဇင်ကို ဘယ်သူပြောသတုန်း... ခေါက်ဆွဲဆိုင်က လူပျိုကြီး က လား လို့  နောက်တာကို မသဇင် မကြား။ သနားစရာ မျက်နှာငယ်နဲ့  နွေ့ ကို မော်ကြည့်ရင်း ဆက်ပြောသည်။
"ငါက ဟယ်လန် ... ငါ့လက်မောင်းမှာ ငါ့နာမည်ရှိတယ်။ သူလေသူ.. ငါ့ချစ်သူ.. သူ့ လက်မောင်းမှာလဲ ငါ့နာမည်ရေးထားတယ်။ ငါ အကြောက်ဆုံးက ဖယောင်းအိုးကြီးပဲ... အကြီးကြီး ပြီးတော့ အရမ်းပူတယ်... ငါ့ကို ဖယောင်းအိုးထဲ ထည့်တယ်လေ..."
မသဇင် ပါးပေါ် မျက်ရည်တွေ ကျလာသည်။ ကြောက်ရွံ့ တကြားငိုသည်။ နွေကတော့ မလှုပ်မရှား ငေးကြည့်ရင်းးး.....
x x x x x x x x x x x x
ဟယ်လန့်  ရှုထောင့်စုံ ရိုက်ထားသော ဓါတ်ပုံနှင့် အရုပ်မလေးအဖြစ် နွေ့ လက်ထဲ ရောက်နေသည် ကို ဘွန့်  စီ email မှ စာရေးပို့ လိုက်သည်။ သိပ်မကြာသော သီတင်းပါတ်အတွင်း ဘွန် .. နွေတို့ မြို့ ကို ရောက်လာခဲ့သည်။ ကျောပိုးအိတ်ပင် မချနိုင်ပဲ ဟယ်လန့်  ခြေရင်းတွင် ဝမ်းပန်းတနည်း ငိုရှာသည်။
ဘွန်က ဟယ်လန့်  လက်သန်းလေး တဆစ်ကို တယုတယ အသာအယာ ဖြတ်တောက်ပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေး အဖြေယူသည်။ ဓါတ်ခွဲခန်း အဖြေ စာအိတ်ကို ဘွန် တုန်တုန်ရီရီဖွင့်တော့ နွေလဲ ရင်တဆတ်ဆတ်တုန်နေခဲ့သည်။ အဖြေက ဖယောင်း ခဲသားနှင့် သတ္တုစပ်တမျိုး ရောစပ်ထားသော သက်ရှိတစ်ခုခု၏ တစ်ရှူး တခု တဲ့။
ဟယ်လန့်  လက်သန်းအဆစ်လေးကို နေရာတကျ ပြန် ကပ် တပ်နေသော ဘွန် မှာ အံတင်းတင်းကြိတ်ထားသည်။ ဟယ်လန့် ကို ငေးရင်း နွေ စဉ်းစားသည်။ ဟယ်လန်ဟာ အရှင်လတ်လတ်ပဲ ဖယောင်း စပ်ထားသည့် အိုးထဲ ပုံလောင်းခံရင်း အရုပ်ဈေးကွက်ထဲ ရောက်ခဲ့လေသလား။ ဟယ်လန့်  ခန္တာကိုယ် အစိတ်အပိုင်း အားလုံး လူမိန်းကလေး တယောက်လိုပင်။ ဘွန်က ဟယ်လန့် ကို အိမ်ခေါ်သွားပါရစေ ခွင့်တောင်းလာတော့ နွေ လက်ခံလိုက်သည်။
"ဘွန်... ယူသွားပါ။ ဟယ်လန်က ဘွန့် ညီမလေး ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ဘွန့်  အမေ ကို ပြောသင့် မပြောသင့်တော့ ဘွန် စဉ်းစားပါလေ"
ဘွန် အိမ်ပြန်သွားပြီး ရက်သတ္တပါတ် အနည်းငယ်အကြာ email ပို့ လာသည်။ သင်္ဘော နှင့် ပို့ လိုက်သော ဟယ်လန့် ကို လက်ခံရပါသည်။ အမေ့ကို ဖွင့်မပြောဘို့  ဆုံးဖြတ်လိုက်ပြီး ဟယ်လန့် ကို သေသေချာချာ ဈာပန ပြုလုပ်ပေးမည် လို့  ရေးထားသည်။
နှစ်တွေ ကြာသည့်တိုင် နွေ ... ဒီအဖြစ်အပျက်တွေ မမေ့သေး... အကယ်၍ ရွှေညိုရောင် ရှည်ရှည်ဝဲဝဲ ဆံပင်များနှင့် မိန်းမလှ မော်ဒယ်အရုပ်လေးတစ်ရုပ် shopping mall မှန်ခန်းထဲမှ  စူးစူးငေးငေးကြည့်နေသည့်အခါ သနားစရာ ဟယ်လန့် လို လှုတ်လှုတ်ခတ်ခတ် ဝိဥာဏ်လေး တစ်ခု သူ့ နောက်ကွယ်မှာ ရှိကောင်း ရှိနေမလား  နွေ စဉ်းစားတတ်သည်။
Monday, July 6, 2015
နှလုံးသားချင်း သိနားလည်
ဒီလိုနဲ့  တနေ့ နေ့ တော့ ကျွန်မ ရှင့်ကို မေ့ လိုက်မိဦးမယ်။
အရာရာ စိမ်းစိုလတ်ဆတ်ဆဲ ဒီတခဏ
ရှင် ကျွန်မ ကို ချစ်တဲ့အကြောင်း ထပ်ပြောပါ။
ကျွန်မ အကြိုက်ဆုံး ရှင့်အပြုံးကို ထပ်မြင်ပါရစေဦး။
လွတ်လပ်တဲ့ ခွင့်လွှတ်တဲ့ ကြည်လင်တဲ့ အပြုံးမျိုးလေ။
ဦးနှောက်က မေ့သွားပေမဲ့ နှလုံးသားက မမေ့နိုင်တဲ့ အပြုံးမျိုး။
တခါလောက် ကျွန်မကို ပွေ့ ဖက်ပါ။
နှလုံးသားက မမေ့နိုင်မဲ့ နွေးထွေးမှုမျိုး။
ဦးနှောက်က မေ့သွားခဲ့ရင်တောင် နှလုံးသားက မှတ်မိနားလည်နိုင်တဲ့ နီးကပ်မှုမျိုး။
.....................................................................................................
CT scan မှ ထွက်လာသည့် အဖြူ အနက် ကော်ပြားကို ကြည့်နေသည့် ဆရာဝန်ရဲ့ ဗလာ မျက်နှာ။ ပျော်ရွှင်မှု စိတ်မကောင်းမှု ဘာမှမရှိတဲ့ ဗလာမျက်နှာ။ ပြီးတော့ သောက်ရမဲ့ ဆေးများ။ ဆောင်ရန်  ရှောင်ရန်များ။ သူမ စိတ်ရှုပ်ထွေးစွာ မေးပြီးသား မေးခွန်းတချို့ ထပ်ခါထပ်ခါမေးခဲ့သည်။
"ဆရာပြောတဲ့အတိုင်းဆို ဒီဆေးတွေက ကျွန်မ အာရုံကြော ရောင်တဲ့ရောဂါ သက်သာဘို့  ကျွန်မ မတွေးနိုင် အောင် သူတို့ လုပ်တော့မှာပေါ့နော် ဆရာ။"
ဆရာဝန်က ခေါင်းညိတ်ရင်း ထပ်ပြောသည်။
"ဟုတ်တယ် ဒီဆေးသောက်နေစဉ် အတွင်း သူတို့ က မင်းကို ထိုင်းမှိုင်းစေမယ်။ သဘောက အရမ်းပင်ပန်း အလုပ်များ ဖိအားများနေတဲ့ မင်းရဲ့ အာရုံကြောတွေကို အနားပေးစေချင်လို့ ပါ။ တတ်နိုင်သလောက် ဘာမှ မတွေးပါနဲ့ ။ ဆေးရဲ့ အာနိသင်ကို ခုခံပြီး တွေးမယ် စဉ်းစားမယ် ဆိုရင် ဘာမှ သိပ်ထိရောက်မယ် မဟုတ်ဘူး။"
"ကျွန်မ အလုပ်နဲ့  အဆင်ပြေပါ့မလား ဆရာ။"
"ပြောရမှာ စိတ်မကောင်းပါဘူး မာယာ ။ ဒီအသက်မွေးဝမ်းကြောင်း ပညာက မင်းရောဂါနဲ့  မလိုက်ဖက်ပါဘူး။ တခြားပေါ့ပေါ့ပါးပါး အလုပ်မျိုးက ပိုအဆင်ပြေမှာပါ။ စိတ်ပင်ပန်းမှုပြေစေမဲ့ ပန်းချီဆွဲတာ... ဂစ်တာတီးတာမျိုး တယောထိုးတာမျိုးလို ဖြစ်ဖြစ် အနုပညာ တခုခုကို လုပ်တာလဲ စိတ်အာရုံကို တည်ငြိမ်လန်းဆန်းစေတယ်.. အဲဒါမျိုး လုပ်ဘို့ လဲ တိုက်တွန်းချင်တယ်.. "
အဲဒီ ထိုင်းမှိုင်းလေးလံခြင်းနောက်မှာ သူမ ဘယ်အရာတွေ ဘယ်လောက်အခြေအနေ အထိ ဆိုးရွားစွာ ကျော်ဖြတ်ရလေမလဲ။ ကြည့်သာကြည့်နေမိ သေချာ နားမလည်သည့် ဓါတ်မှန်ပြားကို နောက်ဆုံး တခေါက်ကြည့်ပြီး အမှိုက်ပုံးသို့  ပစ်ထည့်လိုက်သည်။ ချွေးစီးပြန်နေသည့် သူမလက်တွေကို ဆေးရုံ သန့် စင်ခန်း တခု အတွင်း ဝင်ဆေးရင်း သန့် စင်ခန်း မှန်မျက်နှာပြင်မှာပေါ်နေသည့် သူမ အရိပ်ကို ကြာရှည်စွာ စိုက်ကြည့်နေမိသည်။ ခေတ်ရဲ့ မိန်းမပျိုတစ်ယောက်။ လို - တ - ရ ဘဝ မဟုတ်ခဲ့ပေမဲ့ သူမရယူချင်သည်များကို သူမ လက်ဖဝါး ခြေဖဝါး မှ ရနိုင်သည့် အခြေအနေ။ သူမကြိုးစား ပြုံးကြည့်သည်။
မျက်နှာပြင်ပေါ်က အတွန့် အကွေးတွေက အပြုံးမှ ဟုတ်လေရဲ့လား မသေချာ။ ကံတရားက ဒီလို ကြည်စယ်မယ်လို့  သူမ မတွေးဘူးမိ။ သူမကျောပေါ်မှာ ဒဏ်ရာတချို့ ရှိခဲ့စေဦးတော့ မက်မော တွယ်ဖက်ထားချင်စရာ ဘဝဆိုသည့် ရေအိုင်ကြည်လေးရဲ့ အေးမြမှုက သူမပင်ပန်းသမျှကို အမောပြေစေခဲ့သည်။
သိပ်များမကြာတင်မီ ပိုဆိုးလာသော ဒဏ်ရာနှင့် မေမေ့ တိုက်တွန်းချက်ကြောင့် နောက်တခါ ဆေးခန်း ပြန်ပြချိန်တွင် သူမ ခေါင်းထဲတွင် အကြိတ်တခု ရှိနေတာ သေချာသွားသည်... 
ဝေဝါးဝါး ကြောက်စိတ်နှင့် အတွေးတချို့ ၊  တရေးနိုး ညနက် များကို  ဖြတ်သန်းရင်း  နောက်ဆုံးတော့ ဖြစ်သင့်တာ ဆုံးဖြတ်နိုင်ဘို့  သူမ အနိုင်နိုင် ကြိုးစားခဲ့ရသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
 နေရောင်ခြည်ဖျော့ဖျော့က အဝါရောင်ခန်းစီးစ ရှည်ကို ဖြတ်ပြီး သူမ မျက်နှာပေါ် ကန့် လန့် ဖြတ် စီးဆင်းနေသည်။ အမြင်အာရုံ စုစည်းစဉ် စိုးရိမ်တကြီး စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံက စီးမိုး၍..။
အမေ...
သူမ အပြုံးတွေ မပီပြင်လင့်ကစား တွန့် ကွေးနေတဲ့ မေမေ့  မျက်မှောင် နှစ်စ က ပြေပြစ်သွားသည်။
"သမီး ဘယ်လိုလဲ နေကောင်းလား"
အိပ်ယာကို သပ်ရပ်အောင်ပြင် ပြူတင်းပေါက်တံခါးကို ကျယ်ကျယ်ဆွဲဖွင့် အဝါရောင် နှင်းဆီရိုင်းတွေ ထိုးထားသည့် ပန်းအိုးလေးကို နေရာချရင်း တဆက်တည်း မေမေက ပြောသည်.. "ဒီနေ့   August လ ၉ ရက် ၂၀၁၂ .. ကြာသာပတေး နေ့  သမီးရဲ့...  သမီးလေး ခေါင်းကိုက်လို့  အမေ့အိမ်ပြန်ရောက်နေတာ ၁ နှစ်ကျော်ရှိပြီ.. မနှစ်က ဒီအချိန် ငါ့သမီး ခေါင်းကို ခွဲစိတ် ကုသခဲ့တယ်... ကံကောင်းတယ် သမီး... သမီး ခေါင်းထဲက အကြိတ် တခု ကြောင့် အာရုံကြောတွေ ရောင်နေခဲ့တယ်.. အဲဒီအကြိတ်ကို အခု ထုတ်ပြီးသွားပြီ။ ကင်ဆာအဆင့်ထိ မရောက်လိုက်ဘူးပေါ့ သမီးရယ်"
သူမ ကရုတစိုက် နားထောင်နေသည်... မေမေက သူမ ပုခုံးတွေကို ပွေ့ ဖက်ရင်း...
" ဒါပေမဲ့ operation အပြီးမှာ သမီးလေးက အကုန်လုံးကို မမှတ်မိနိုင်တော့ဘူး။ သမီးရဲ့ မှတ်မိနိုင်တဲ့ မှတ်ဥာဏ်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ ရပ်နေပြီး..သမီးရဲ့ နေ့ တိုင်း အိပ်ယာထ မနက်တိုင်းမှာ သမီးဟာ ၂၀၁၁ လောက် က အချိန်တခုမှာပဲ ရှိနေမယ်လို့  ထင်နေလိမ့်မယ်"
သူမ ဇဝေဇဝါ အံ့အားသင့်စွာ မော့ကြည့်သည်။
"ဒါဆို သမီးအလုပ်ရော မေမေ။ ပြီးတော့ မေမေ အရမ်းပင်ပန်းမှာပေါ့"
သူမ မျက်ရည်တွေကျလာသည်။ မေမေက မျက်ရည်တွေ သုတ်ပေးရင်း ဖြည်းငြင်းစွာ ဆက်ပြောသည်။
" ငါ့သမီးလေး နေ့ တိုင်းနီးပါး ငိုရတာ ပင်ပန်းတယ်။ ငါ့သမီး မေမေ နဲ့  ရှိနေတာကိုက ကံကောင်းလှပြီလေ။ မဟုတ်ရင် ၁ နှစ် ၂ နှစ်နေမှ လေး ငါးရက် တွေ့ ရတဲ့ သမီး။ မပင်ပန်းပါဘူး သမီးရယ်။ ကံကောင်းရင် အားလုံးပြန်မှတ်မိနိုင်တာလဲ ရှိတာပဲ။ အားမလျှော့ဘို့ ပဲ လိုတာ"
" အို....မေမေ.. ကျွန်မကို ဒီအကြောင်းတွေ နေ့ တိုင်း ပြောပြရတာလားဟင်" မျက်ရည်တွေကြားက မေးတော့... မေမေက ပြုံးရင်း ခေါင်းညိတ်ပြလေသည်။
ဒီလိုနှင့်သူမသည်နေ့ တိုင်းသော နေ့ သစ်များတွင် နေထိုင်ခဲ့သည်။ တခါတလေ ၁ နာရီမျှ အချိန်ယူပြီးနောက်  ရီရီမောမောဖြစ်ကာ လက်ရှိအခြေအနေကို လက်ခံလိုက်နိုင်သော်လည်း တခါတရံများစွာမှာ သူမ တိုင်ပင်ပြသ နေကျ ဆေးရုံရှိ ဆရာဝန်ဆီသို့  မေမေက လိုက်ပို့ တတ်ရသည်။ ဆရာဝန်က သူမကို တွေ့ တော့ ပြုံးကာ ရယ်ကာ သူမ နာမည်ကို တရင်းတနှီး ခေါ်၍ နှုတ်ဆက်သည်။
" ငါ့သမီး ရှင်မာယာ တစ်ယောက် ရောက်လာပြန်ရော... ကဲ..လာပါဗျာ ... စကားပြောရအောင်"..
" မာယာ့အခြေအနေက တည အိပ်ရာဝင်ပြီး နောက်တနေ့ မနက်မှာ ကွန်ပြူတာကို format ချလိုက်သလို memory အသစ်နဲ့  ပြန်ဖြစ်သွားတတ်သလိုမျိုးပေါ့ သမီးရယ်။ သမီးလိုပဲတခြား ဘဝတူတွေရှိတယ်သမီးရဲ့။ တစ်ယောက်ဆိုရင်ကွယ် သူ့  ရဲ့ မှတ်ဥာဏ်က စက္ကန့်  ၃၀ - တမိနစ်အထိ ပဲ မှတ်မိတယ်။ စက္ကန့်  ၃၀ ရဲ့နောက်မှာ သူဟာ အရာရာ အသစ်ပြန်ဖြစ်သွားပြန်ရော သမီးရဲ့"
ဆရာဝန်ကြီးနဲ့ အတူ လူနာတချို့ ကို လိုက်ကြည့် နှုတ်ဆက်မည်။ သူမလိုပင် ဘဝရဲ့ မှတ်ဥာဏ်တစိတ်တပိုင်းပျောက်ဆုံးနေသောသူတချို့  နှင့် တဘဝလုံးနီးပါးပျောက်ဆုံးနေသော သူတချို့ နှင့် စကားလက်ဆုံပြောမည်။  ထို့ နောက်မှာ အိမ်ပြန်လာကြမည်။ မေမေ နဲ့  အတူ ညနေစာ ကူချက်မည် ။ညနေ နေကျချိန်မှာ  တောင်အစွန်းက ကွေ့ ဝိုက် ထွက်လာတဲ့ မြစ်လက်တက်လေး၏ ကမ်းနဖူးမှာ ထိုင်ရင်း မနက်ဖြန်မှာ နောက်တခေါက်ထပ်မေ့သွားမည့် ကိုယ့်အကြောင်းကိုယ်စဉ်းစားမည်။ ပြီးတော့ မနက်ဖြန်မနက်မှာ ဖတ်ဖြစ်ရင် ဖတ်ဖြစ်မဲ့ ဒိုင်ယာရီလေး ရေးမည်။ ဆိတ်ဖလူးပွင့်လေးတွေ ကောက်၊  ဘုန်းတော်ကြီးကျောင်းအတွင်းရှိ လျောင်းတော်မူ ရုပ်ပွါးတော်ရှေ့ တွင် လှူပြီး ငြိမ်ငြိမ်ဆိတ်ဆိတ် တွေးမည်။
တက္ကသိုလ်မှ အငြိမ်းစားဆရာမ တစ်ဦးဖြစ်သူ မေမေသည် အလုပ်များတစ်ဦးဖြစ်သည်။ သူမတို့ အိမ်အနီးမှ ဘုန်းတော်ကြီးကျောင်းတွင် မှီခိုနေထိုင်သူ ကလေးများအတွက် အချိန်ပိုင်း ပညာဒါန စာပြပေးပြီး ညနေပိုင်းတွင် သားဖြစ်သူ၊ သူမ၏ အကို ပန်းထိမ်ဆိုင်အတွက် ကူညီပေးပြီး မြေးကူထိမ်းတတ်သည်။ နှစ်နှစ် အရွယ် သူမ၏ တူလေးကို သူမ မမှတ်မိတတ်။ သူမကို အလွန်ခင်တွယ်သော ကလေးကို သူမ ပြုံး၍သာ ငေးကြည့်တတ်သည်။
တခါတလေများမှာလဲ မေမေ အလုပ်များသည့်အခါ သူမ ဘာသာ နိုးထ လာတတ်ပြီး လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က အချိန်ပြန်ရောက်ကာ တယောက်တည်း တွေးတတ်သည်။ ခေါင်းကိုက်ဘယ်လို  များ ပျောက်နေပါလိမ့် ဆိုတာမျိုး..။ အလုပ်တွေ ပစ်ထားခဲ့ပြီး အားလပ်ရက် အိမ်ပြန်လာသလို ဝါဂွမ်းကဲ့သို့  လွင့်မျောကာ သူမ အခန်း အပေါ်ထပ်မှ လှမ်းစီးမြင်နေရသည့် မြစ်ငယ်လေးကို တမွန်းလွဲအောင်ထိုင်ကြည့်မည်။ Magazine အဟောင်းတွေသာရှိသည့် သူမ မေမေ၏ စာအုပ်စင်ကလဲ သူမကို ခုနှစ် သက္ကရာဇ်များနှင့် ပတ်သတ်၍ အနှောင့်အယှက် မပေးတတ်ချေ။
အရာအားလုံး သည် သူနှင့် မဆုံခင်အထိ လိုက်လျောတပြေ ရှိခဲ့ခြင်းဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
Saturday, March 14, 2015
ကိုယ့်မျှော်လင့်ချက်နွေဦး
ကိုယ်အလွန် မျှော်လင့်နေတဲ့ အမှာပစ္စည်းတခုအတွက် ရောင်းသူက ကိုယ့်ဆီ စာပို့ လိုက်တယ်။
ချစ်တဲ့ Grace
မင်းမျှော်လင့်တဲ့ ပြီးပြည့်စုံတဲ့ နွေဦးတခု မကြာမီ ရောက်လာတော့မှာပါ။
လှပတဲ့ နွေဦးမှာ နွေးထွေးတဲ့ လေပြည်ညင်းရယ် မင်းအကြိုက် သစ်တောရိုင်းနံ့ စိမ်းပျပျနဲ့ အတူ ကျေးသားလေးတွေ သီချင်းဆိုသံတွေ ပါလိမ့်မယ်။
မင်းရင်ခုန်သံ ခပ်စိပ်စိပ် ကြားနေရမဲ့ မျှော်လင့်ချက်တွေလဲ မင်းတောင်းဆိုချက်အတိုင်း အတူထုပ်ပိုးထားတယ်။
ငါတို့  ကံကြမ္မာ ရောင်းဝယ်ပို့ ဆောင်ရေးအတွက် မင်းဟာ အရေးပါတဲ့ စားသုံးသူတစ်ယောက်ပါ။
အတုံ့ အလှည့် ဆိုတဲ့ ကုန်သွယ်စာချုပ်မှာ ပါတဲ့အတိုင်းပဲ မင်းမှာ တင်ရှိသမျှ ဘဝကြွေးတွေ ပေးဆပ်ပြီးတဲ့အခါ  ပျော်ပျော်ရွှင်ရွှင် "စံ"ပါ။
အတုံ့ အလှည့်ရဲ့ မူအတိုင်း အကောင်းဆုံးတွေကို ဝေငှပါ။ အတုံ့ အလှည့်ရဲ့ ပြဌာန်းချက်အတိုင်း နာကျင်မှုတွေက သင်ခန်းစာယူပါ။
ဓမ္မ ဘက်က ရပ်တည်တဲ့ အခါ အဓမ္မ သမားတွေဟာ နာနာကျည်းကျည်း ထိုးနှက်တတ်ကြလို့  အဲဒီအတွက် ပြင်ဆင်ပါ။
ခရမ်းပြာပန်းတွေ ဝေချိန် ကျောင်းခေါင်းလောင်းသံ သာချိန်မှာ မင်းရဲ့ အမှာပစ္စည်း မင်းလက်ဝယ်ရောက်လိမ့်မယ်။
အကြောင်းကြောင်းကြောင့် နောက်ကျနေမှုကို နားလည်စိတ်ရှည်ပေးတဲ့ မင်းကို ကျေးဇူးသိပ်တင်ပါတယ်။
ရောင်ချည်ဖြာလင်းသော နှစ်သစ်တခု ဖြစ်ပါစေ။
သင်၏ ဖြောင့်မတ်သော
ကံကြမ္မာ
Monday, January 5, 2015
စိတ်.. ကြိုး
ခန္တာကိုယ် အပူရှိန်က ရှိသင့်တာထက် ပိုမိုသာလွန်နေပြီး နှုတ်ခမ်းတွေ ခြောက်ကွဲနေတယ်။ မျက်နှာကျက်ဟာ ပူစီဖောင်း အကြီးကြီး တခုလို လုံးဝန်းကာ အလွန်တရာ နှေးကွေးစွာ သို့ သော် အဆမတန် လေးလံသော အရာမှန်း သိသာစေကာ သူမ မျက်နှာဆီ နီးကပ် ပိကျ လာခဲ့တယ်..။ မျက်လုံးတွေ တအားမှိတ်လိုက်ပြီး မျက်နှာချင်း မဆိုင်ရဲစွာ မျက်နှာကို တဘက်လှည့်လိုက်တယ်။ လေနွေးနွေးက မျက်နှာဆီ တိုက်ခတ်လာတယ်။ သူမ ဆံပင်တွေ လွင့်မျောနေတာပါလား။ အခိုး အငွေ့ တွေ ကြားထဲ သူမ လမ်းလျှောက်နေတယ်..။ သူမ ဘေးမှာ အမျိုးအမည်ပေါင်း များစွာသော့ အရာတွေက စီးမြောလို့ ။ တစုံတခုကို အသာအယာ ဖမ်းဆုပ်လိုက်တော့ ဓါတ်ပုံ မှန်ဘောင်လေးတခု.. ပြုံးပျော်နေတဲ့ မိသားစု တခုပုံ... ဒါ ဘာတွေလဲ... သူမဘေးကို တိတ်ဆိတ်စွာ လာရပ်သူ တဦးက ဓါတ်ပုံလေးကို လှမ်းယူကာ ဖြေတယ်။ ဒါ ငါငယ်ငယ်က စိတ်ကူးခဲ့တဲ့ မျှော်လင့်ချက်တွေပေါ့။ ဒါပေမဲ့ ဘယ်တော့မှ လက်တွေ့ ဖြစ်မလာနိုင်တော့တဲ့ ကိစ္စတခုဆိုပါတော့။ အို... သူမ ဆွံ့ အစွာ အညှို့ ခံရသူလို ဆက်လက် စီးမျောနေပြန်တယ်။ အနိမ့်အမြင့်မရှိ။ တသမတ်တည်း။
ဖြေးငြင်းစွာ ဝေ့လည်လာတဲ့ lego အတုံးလေးတခုကို လှမ်းဖမ်းဆုပ် လိုက်တယ်။ လက်ဖဝါးတွေ ဖြန့် ကြည့်တော့ သစ်သား အိမ်ခေါင်မိုး အပိုင်းအစ လေးတခု။ ပြီးတော့ ဝေါကနဲ ပြိုကျ လွင့်စင် သွားတဲ့ အသံနဲ့  ငိုသံတချို့  ရယ်သံတချို့ ... သူမ ပို နားစိုက်ထောင်လိုက်မိတော့... ဒါတွေဟာ သူမ ကိုယ်တိုင်ပါလား။
ညီမငယ်လေးရဲ့ တောက်ပ ကြည်စင်သော မျက်ဝန်းများနဲ့  စိတ်ရှည် သပ်ရပ်သော လက်ဝဝ ကစ်ကစ်ကလေးတွေ။ lego တပိုင်းချင်းစီ ကောက်ယူပြီး မင်းသမီးလေး နေသော ရဲတိုက် ဆောက်လိုက်... ဘဲကြီး နှစ်ကောင်အတွက် ရေကန်တွေ မြက်ခင်းတွေပါသော အိမ်တလုံးဆောက်လိုက်နှင့်။ သူမ သည် ညီမငယ် တည်ဆောက်သော အရာဝတ္တုတိုင်းကို စိတ်တိုင်းမကျခဲ့။ ထို model များကို သူမ လက်နှင့် ရှုပ်ဖွ ဖျက်စီးကာ အိမ်တလုံး သူမ စိတ်တိုင်းကျ ထပ်ဆောက်ဘို့  ကြိုးစားခဲ့သည်ချည်း။ သူမ လက်နှင့် ရှုပ်ဖွ နေစဉ်မှာပင် ညီမငယ်လေး၏ အံ့ဘနန်း စိတ်ကူးများကို ကရုပြုတတ်မိပြီး ထိုကရုပြုမိသော အချိန်သည် စက္ကန့် အနည်းငယ်စာ နောက်ကျနေကာ model ကို ဖျက်စီးပြစ်လိုက်ပြီးပြီပင်။ ညီမငယ်က သူ့  အိမ်ကလေး ပျက်စီးသွားလို့  အော်ငိုတဲ့အခါ သူမ က အော်ဟစ်ငိုယိုနေသော ညီမငယ်၏ ချစ်စရာဟန်ပန်ကို ကြည့်ကာ အော်ဟစ် ရယ်မောမည်...။
တနေ့ မှာ ညီမငယ်က သူတစ်ယောက်တည်း သတ်သတ် ကစားလို့ ရမည့် lego တဆက်စာ ဝယ်ပေးရန် သူမမှ တဆင့် မိဘများကို တောင်းဆိုခဲ့တယ်။ မမ ဝယ်ပေးမယ်မှာပေါ့လို့  ခပ်ပေါ့ပေါ့ ကတိတခု ပေးလိုက်တော့ ဒါဆို ကြိမ်ပြ ဟုဆိုကာ သူမလက်ထဲ ထည့်လာသည်က ခေါင်မိုး အပိုင်းအစ သစ်သား lego တုံးလေး။ သူမက lego တုံးလေးကို လက်က ဆုပ်ကိုင်ရင်း ဘယ်ဘက် နှလုံးသားနေရာမှာ ကြက်ခြေခတ်ပြတော့ ကျေနပ်သွားတဲ့ ညီမငယ် မျက်နှာ က သူမ အသိထဲ တဖန် သစ်လွင် လတ်ဆတ်လာတယ်။ ဘဝတသက်တာလုံး သူမ၏ ညီမငယ်ကို နားလည်ဘို့  မကြိုးစားခဲ့ စိတ်မရှည်ခဲ့တာ သူမ ပြန်တွေးရင်း... မကြောက်တတ်သော သူမသည် ညီမငယ်၏ သူရဲကောင်း ဖြစ်သော်လည်း... သူမ ၏ မျက်ဝန်းအကြည့်တွင် ညီမငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတတ်တာ... မျက်မှောင်ကြုံ့  နှုတ်ခမ်းတင်းတင်းစေ့ထားတတ်သော သူမရှေ့ တွင် အလွဲလွဲအချော်ချော် စကားပြောတာ.. ဘာသာစကားခြင်း တူသော်လည်း အဓိပ္ပါယ် လွဲမှား နားလည်ခြင်းအတွက် ဒေါသကြီးရတာ....
သက်ပြင်းတချက် ရှူထုတ်ရင်း သူမ ဘေးကို လှည့်ကြည့်တဲ့အခါ သူမလိုပဲ လူတချို့ ကို တွေ့ ရပါရဲ့။ လွင့်မျောနေတဲ့ အပိုင်းအဆတချို့ ဟာရော  သူတို့ မှတ်ဥာဏ်တွေကို နှိုးဆွစေသလား နာကျင်စေသလား သူမ မခန့် မှန်းနိုင်ပါ၊
သူမ အိပ်ယာမှ တိတ်တိတ်ဆိတ်ဆိတ်ပဲ နိုးလာခဲ့တယ်... ပထမ ဆုံး သူမ လုပ်တဲ့ အလုပ်က စိတ်ဆိုး မာန်ဆိုး ပစ်ထားတာ ကြာပြီ ဖြစ်တဲ့ ညီမငယ် ဆီ ဖုန်းဆက်တာ...
"ဟဲလို မမ လား.."
" အေး ... new year လက်ဆောင်အနေနဲ့  နင့်ကို lego တဆက် ဝယ်ပေးမယ် ဆိုတာ ပြောမလို့ "
" သမီးက မမ မေ့နေပြီထင်တာ " ရီသံ စွက်နေတဲ့ ညီမငယ် အသံမှာ ပျော်ရွှင်မှုက စီးဝင်လို့  ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူမ အလုပ် စားပွဲပေါ်မှာ တယောက်ကို တယောက်လက်ဆွဲ နှုတ်ဆက်နေသော lego ရုပ်ကလေး နှစ်ခုရှိသည်။ တခုက ဓါတ်ငွေ့ ကာ ဝတ်စုံ ဝတ်ထားသော စစ်သားလေး ဖြစ်ပြီး နောက်တခု က ဂြိုဟ်သားလေး ဖြစ်သည်။ PORTL  ဆိုတဲ့ စာလုံးလေးများရေးထားသည်။ တစုံတယောက်က ဒီအရုပ်ကလေးတွေမှာ ဘာလို့  PORTL ဆိုတာရေးထားတာလဲ လို့  မေးလာခဲ့ရင်ဖြင့်...
ဒီအရုပ်ကလေး နှစ်ခုဟာ communication ကို အခြေခံတယ်။ သူတို့ ဟာ အခြေခံချင်း လုံးလုံးမတူကြဘူး... တယောက်က ကာကွယ်လိုစိတ် အပြည့်ရှိပြီး တစ်ယောက်က စူးစမ်းတတ်တယ်။ သူတို့ ဟာ သဘာဝချင်းမတူကြ ယဉ်ကျေးမှုခြင်းလဲ တူချင်မှ တူမယ် တီထွင် ဆန်းသစ်ပုံခြင်းလဲ အလွန်တရာ ကွာခြားလိမ့်မယ်... သူတို့ နှစ်ယောက် လက်ချင်းထိပြီး နှုတ်ဆက်ဘို့  နှလုံးသားခြင်း တူညီဘို့ အတွက် P.O.R.T.L ဆိုတဲ့ အချက်က အရမ်းအရေးပါတယ်..
P .. Patience ( စိတ်ရှည်ဘို့ )
O .. Open Minded ( ကြည်လင် သန့် ရှင်းတဲ့ စိတ်တံခါးတွေ ဖွင့်ထားဘို့ )
R .. Respect ( အပြန်အလှန် လေးစားဘို့  ) ( သူတို့ စာ တစ်ယောက်ကို တစ်ယောက်က မသိမသာ ဦးညွှတ်နေတယ်... သင့်မှာ တစ်ယောက်ကို တစ်ယောက် လေးစားသမှု မရှိပဲ အထိုက် အလျှောက် ပျောင်းနွဲ့  တဲ့ ခံစားချက် (flexible) ဆိုတာ မဖြစ်ပဲ လက်ချင်းထိဘို့ ရာ မဖြစ်နိုင်ဘူး)
T.. Team work ( ပူးပေါင်းလုပ်ဆောင်ချင်စိတ် မရှိပဲလဲ လက်ဆွဲ နှုတ်ဆက်ခြင်းဟာ ရာနှုံးပြည့် မပြီးမြောက်ဘူး)
L.. Listen ( တပါးသူရဲ့ စိတ် နှလုံးကို နားမစွင့်ပဲ ကိုယ်အသံသာ ကိုယ်နားထောင်တဲ့ တကိုယ်ကောင်း စိတ်မျိုးနဲ့ လဲ communication ကို ပြည့်စုံစေမှာ မဟုတ်ဘူး)
စိတ်ရဲ့ ကြိုးဟာ ချိတ်ဆက် ရစ်ပတ်နေသလို မပြတ်တောက်စေဘို့  ဒီလို အခြေခံ ဥပဒေသလေးတွေကို လိုက်နာရမှာပါ... သူမ သူငယ်ချင်း ပြောဘူးသလိုပေါ့...
without communication, there is no relationship.
without respect, there is no love.
without trust, there is no reason to continue.
Monday, November 24, 2014
ကမ္ဘာကြီးဟာ ကိုယ့်အိမ်ကိုယ့်ယာ
ခရီးတွေ ထွက်တာများတော့ မိနှစ်၂၀ လောက်အတွင်း အကုန်ပါအောင် အပြီးအစီး ထည့်တတ်လာတယ်။ သွားမယ်ဟေ့ဆိုတာနဲ့  အားလုံး ရယ်ဒီပဲ။ ဒါလေးတွေတော့ ကိုယ့် note ထဲ ထည့်ထားရတာပေါ့။ ကိုယ့်အတွေ့ အကြုံတွေ ရယ် အရင်က ဂူဂဲလ် ထားတာလေးတွေ ပေါင်းပြီး ဒီမှာ တင်လိုက်တယ်...။ ဘယ်နေရာ ရောက်ရောက် ကိုယ့်အိမ် ကိုယ်ယာလို ချောမွေ့ အဆင်ပြေပါစေ။
1) ဆပ်ပြာမှုန့်  - အိတ်ထဲမှာ ဆပ်ပြာမှုန့် လေး ထည့်သွားတယ်။ တခါတလေ လိုအပ်တာထက် ပိုကြာသွားတဲ့ ခရီးသွားရက်တွေမှာ ခြေအိတ်လို အတွင်းခံလိုမျိုးကို ဘေစင်မှာပဲ လျှော်ပြီး စိတ်သန့်  ကိုယ်သန့်  ဝတ်လို့ ရတာပေါ့။ ဘူးမှာ အိတ်မှာ Detergent လို့  စာလေး ကပ်ထားတာ ပို အဆင်ပြေတာပေါ့နော်။
2) အပ်ချည် နဲ့  အပ် - မတော်တဆ ပေါက်ပြဲသွားတွေ အတွက် အပ်ချည်လုံး သေးသေးလေး နဲ့  အပ်ဘူးလေးက travelling kit ထဲ မပါမဖြစ်။
3) baby wipes/ face wipes - တခါတလေ ရေလုံးဝ မချိုးရတဲ့ အခါမျိုးတွေ အတွက်။ တကယ်ပါ ရေလုံးဝ ချိုးဘို့ အဆင်မပြေတဲ့ ခရီးတွေ ရှိခဲ့တယ်။ တော်တော် အသုံးဝင်တယ်။
4) Passport စာအုပ်မှာ ကိုယ့် email လိပ်စာ ဖုန်းနံပါတ်တို့  ရေးထည့်ထားပြီး passport copy အနည်းဆုံး ၃ ခု လောက်ဆောင်ထားရန်။
5) အိမ်သုံးဆေး အနည်းငယ် ( ခြင်ဆေး cream ဝမ်းသွားတာ ခေါင်းကိုက်တာ ဖျားတာ တို့  အတွက် ကာကွယ်ဘို့  ဆေးအနည်းငယ်ဆီ ။ ပလာစတာ နဲ့  ဗိုက်တာမင် စီ )
6) ပိုက်ဆံကို ခွဲသိမ်းထားဘို့ ။ passport ပျောက် ပိုက်ဆံအိတ်ပျောက်သွားရင်တောင် ထမင်းစားဘို့ က လိုသေးတယ်မဟုတ်လား။
7)အဝတ်တွေ ခေါက်ထည့်မဲ့အစား လိပ်ထည့်သွားရင် နေရာကျဉ်းကျဉ်းနဲ့  ပိုဆန့် တယ်။
8) သွားမဲ့ နိုင်ငံရဲ့ မြေပုံ လေဆိပ်ရောက်တာနဲ့  ရှာယူထားတယ်။ ကိုယ့်နိုင်ငံထဲ ခရီးထွက်လဲ မြေပုံ အကြမ်း print ထုတ်ထားတယ်။
9) bank card က အလုပ်လုပ်ရဲ့လား။ Malaysia သွားတုန်းက oversea banking  လုပ်မထားမိတော့ တော်တော်ဒုက္ခများဘူးတာနဲ့  မှတ်သွားပြီ။
10) tissues ထုတ် တော့ တတ်နိုင်သမျှ သယ်တယ်။ အခုနောက်ပိုင်း လက်ဆေးရည်ပါ ဆောင်ဖြစ်တယ်။
11) ကြုံတဲ့နေရာ အိပ်နိုင်ဘို့  ကိုယ်ကတော့ ပုဝါတွေ ဆောင်ထားတယ်။ ခေါင်းပေါ် ခြုံပြီး အိပ်တာပဲ။
12) documents တွေ itineraries တွေ ထည့်ဘို့  အိတ်တခု ဆောင်ထားတယ်။ ခရီးသွားဘို့  စာရွက်တွေ အကုန် ပစ်ထည့်ထားတာပဲ။
13) ကိုယ်သုံးတတ်တဲ့ ဆပ်ပြာ သွားတိုက်ဆေး တွေလဲ travelling kit ထဲ ထည့်ထားတယ်။
14) အိတ် အပိုတွေ ထည့်ထားတယ်။ ဝတ်ပြီးသား အဝတ်ဟောင်းတွေ သတ်သတ် ထုတ်ထားလို့ ရတယ်။
15) မသွားခင် သွားမဲ့ ဒေသ တွေ အကြောင်း ကြိုပြီး ရှာထားတယ်။ နိုင်ငံရပ်ခြားဆို ကိုယ့် နိုင်ငံ သံရုံး ဘယ်နားရှိသလဲ ဆိုတာမျိုး။ အပူချိန် ဘယ်လောက်ရှိလဲ။ မိုးလေဝသ ဘယ်လိုလဲ။ အစားအသောက် တွေ ထုံးတမ်းစဉ်လာ ထူးထူးခြားခြား သတ်မှတ်တာ ရှိသလား စသည်ဖြင့် ။ traveller review တွေ လဲ ဖတ်ပေါ့။
16) ခရီးဝေး သွားရင် ချောင်ချောင်ချိချိ စီးရ အဆင်ပြေတဲ့ ဖိနပ် အဝတ်အစား မျိုး ဦးစားပေး စဉ်းစားတယ်။
17) ဟိုတည် ဧည့်ကောင်တာ မှာ မေးလို့ ရသမျှ Information အကုန်မေးတယ်။ local food ဈေးချိုပြီး စားကောင်းတာ။ ဘယ်နေရာ မှာ ဈေးဝယ်လို့ ကောင်းတာ။ local တွေရဲ့ အလေ့အထ....
18) အဓိက အကျဆုံးကတော့ Open Minded ပါပဲ... နေရာတကာ အဆိုးမြင် ဂျီဂျောင် ကျနေရင် ပျော်စရာ ဖြစ်မှာ မဟုတ်ပါဘူး
ကဲ.... ဘာတွေ လိုသေးလဲ ပြောပါဦးနော်...
<< picture from google>>
Monday, October 13, 2014
မတူညီသော လျှို့ဝှက်ကမ္ဘာ
မွေးစားခံရတဲ့ သားသမီးတွေနဲ့  မိဘတွေ အကြောင်း ရံဖန်ကြားရတိုင်း အများစုက စိတ်မချမ်းသာစရာတွေ ဖြစ်နေတတ်တယ်။ ကျွန်မကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ အဖေနဲ့  အမေဟာ အကို့ ကို မွေးပြီး တော်တော်ကြာတဲ့ အခါ သမီးတစ်ယောက်လိုချင်လာခဲ့တာနဲ့  ကျွန်မကို မွေးစားခဲ့ပါတယ်။
အကိုနဲ့  ကျွန်မဟာ အသက်သိပ်ကွာတဲ့ အတွက် သိပ်ရင်းနှီးခဲ့တာမရှိခဲ့ပေမဲ့ အဖေနဲ့ အမေဟာ ကျွန်မကို လိုလေသေးမရှိ ကရုစိုက်ခဲ့ပါတယ်။
ကျွန်မက ကိုယ်လုံးကိုယ်ထည်ကြီးကြီး ဆံပင်သန်သန်ကောက်ကောက်တွေနဲ့  မျက်လုံးကြီးကြီး။ အမေက ခန္တာကိုယ်သေးသေးလေးနဲ့  ပြေပြစ်လှပတဲ့ အမျိုးသမီးပါ။ ကျွန်မကို ကျွန်မမိသားစုက ချစ်ကြ ကရုစိုက်ကြပေမဲ့ ဆယ်ကျော်သက် အရွယ်မှာတော့ မွေးစားခံရခြင်း ဆိုတဲ့ ကိစ္စဟာ ကျွန်မကိုယ် ကျွန်မ တချိန်လုံး အဆက်မပြတ်မေးနေမိတဲ့ မေးခွန်းတခုပါပဲ။ အမေ့ကို ဒီစကားစလိုက်တိုင်း အမေဟာ အသဲအသန်ငိုကြွေးမြဲ ဆိုတော့ အမေစိတ်မကောင်းဖြစ်မှာ စိုးရိမ်တာနဲ့  မမေးဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့  နှစ်ကူးတခုတုန်းက ကျွန်မကို သေးသိမ်ပျောက်ကွယ်သွားလောက်အောင် အစွမ်းထက်တဲ့ အိမ်နီးချင်း မိန်းမကြီးရဲ့ အကြည့်နဲ့  အပြောကို မှတ်မိတုန်းပါပဲ။
"နင်သာ နင့်အမေရဲ့ ဆံပင် အသားအရည် အရိုးအဆစ် ပုံမျိုးရရင် သိပ်လှမှာ။ အိုး... ဟုတ်သား ဒါမဖြစ်နိုင်တဲ့ကိစ္စကို ။ ငါမေ့တော့မလို့  "
ဒီလိုနဲ့  နှစ်တွေ ကြာလာခဲ့ပြီ။ တနေ့ တော့ မလေးရှားနိုင်ငံ ဟိုတည်တခုရှေ့ မှာ ထိုင်နေတုန်း လူတစ်ယောက်က ရင်းရင်းနှီးနှီးလာနှုတ်ဆက်တော့ ကျွန်မမှာဇဝေဇဝါ။ နင်အလုပ်မှာ အဆင်ပြေလား။ အရင်အလုပ်မှာပဲလား။ စသည်ဖြင့်။ ကျွန်မက သူ့ ကို လုံးဝ မသိကြောင်းပြောတော့ သူက နောက်နေတာမဟုတ်လားတဲ့။ နောက်တော့ သူ့ ဖုန်းထဲက အမျိုးသမီးတစ်ယောက် ဓါတ်ပုံတွေ ပြပါတော့တယ်။ သူနဲ့  အရင်အလုပ်က အတူဆုံခဲ့တဲ့ မိတ်ဆွေဟောင်းပါ။
ဟုတ်ပါတယ်။ ကျွန်မမျက်နှာ။ ကျွန်မဆံပင်။ ကျွန်မမျက်လုံး။ ကျွန်မအပြုံး။ အံ့သြဝမ်းသာစွာနဲ့  ထိုသူ့ ဆီက သူမရဲ့ email လိပ်စာတောင်းယူခဲ့ပါတယ်။
စင်ကာပူပြန်ရောက်ပြီး ညမှာ ကျွန်မ သူမဆီ စာရေးခဲ့တယ်။ ကျွန်မရဲ့ ဓါတ်ပုံတချို့ ကိုပါ ပို့ ပေးလိုက်ပြီး ဖုန်းနံပါတ်လဲ ရေးလိုက်ပါတယ်။ Send ဆိုတဲ့ ခလုတ်ကလေးကို နှိပ်ဘို့  အားမရှိလောက်အောင် စိတ်လှုပ်ရှားနေခဲ့မိတယ်။ နောက်တနေ့ ညနေမှာ သူမဆီက ဖုန်းကို လက်ခံရရှိခဲ့တယ်။ သူမ အသံက ဖုန်းထဲမှာပင် တုန်ခါလို့  ။ ကျွန်မတို့  shopping mall တခုက ကော်ဖီဆိုင်လေးမှာ ချိန်းဆို တွေ့ ဆုံခဲ့ကြတယ်။ ကျွန်မကိုယ်ကျွန်မ မှန်ထဲ ပြန်ကြည့်နေသလိုပါပဲ။ သူမက ကျွန်မ အသံနဲ့  စကားပြောတာကို နားထောင်။ ကျွန်မတို့ နှစ်ယောက်ဟာ ကိစ္စတော်တော်များများမှာ အကြိုက်တွေ တူကြတယ်။ သီချင်းတွေအကြိုက်တူတာ ခရီးထွက်တာ .. ။ သူမဟာလဲ မွေးစားမိဘတွေရဲ့စောင့်ရှောက်ခြင်းကို ခံခဲ့ရပြီး သူမ မိဘတွေက သူမမှာ အမွှာတစ်ယောက်ရှိကြောင်း အရိပ်အမြွက်မျှတော့ ပြောခဲ့ဘူးသတဲ့။
နောက်ဆုံးတော့ ကျွန်မဟာ နှစ်ပေါင်းများစွာ လူမသိ သူမသိ ပျောက်ဆုံးနေတဲ့ မိသားစုဝင် တစ်ယောက်ကို မထင်မှတ်စွာ ရှာတွေ့ ခဲ့ပြီး သူမဟာ ကျွန်မနဲ့  အမွှာညီအမ တစ်ယောက်ဖြစ်နေခဲ့တာ တကယ့်ကို အံ့သြပျော်ရွှင်စရာပါပဲ။
ဒါပေမဲ့ ဒီကိစ္စကို ကျွန်ရဲ့ မွေးစားမိဘတွေကို အသိမပေးခဲ့ပါဘူး။ မိဘတွေက အသက်ကြီးလာပြီ။ ကျွန်မကြောင့် သူတို့ ကို အထိတ်တလန့်  မဖြစ်စေချင်ဘူး။ အကိုက အိမ်ထောင်ကျသွားတော့ မိသားစုနဲ့  ခွဲသွားခဲ့တာကြာပြီ။ အိမ်မှာ ကျွန်မတို့  သုံးယောက်သာ။ တညနေမှာ အမေက သူချက်ထားတဲ့ စွပ်ပြုတ်သောက်နေတဲ့ ကျွန်မ အနား လာထိုင်ရင်း ကျွန်မ မျက်နှာကို လက်နဲ့  အသာအယာတို့ ထိရင်း ငါ့သမီးလေး များများစားနော်။ အမေတို့ နဲ့ နေရတာ ပျော်တယ်မဟုတ်လား သမီးရယ် လို့  မေးပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ အမေ့မျက်နှာကို ကြည့်ရင်း ကျွန်မဟာ ကံသိပ်ကောင်းတဲ့ မွေးစားသမီး မဟုတ်လားလို့  တွေးနေမိတယ်။
တနေ့ မှာတော့ ကျွန်မရဲ့ အမွှာညီအမက ကျွန်မဆီကို ဖုန်းဆက်ရင်း ပိုက်ဆံချီးပါတယ်။ ကားအသစ်ဝယ်ဘို့ တဲ့။ နင့်မှာ ဒီလောက်တော့ရှိတယ်မဟုတ်လား။ ငါက ကံသိပ်မကောင်းခဲ့တဲ့သူဆိုတော့ ငါ့ကို ဒီလောက်တော့ မျှဝေသင့်ပါတယ်တဲ့။
သူနဲ့  ကျွန်မကြားမှာ မတူတာတွေလဲ ရှိပါတယ်။ ကျွန်မက အလုပ်လုပ်ရတာ ပျော်ပါတယ်။ အလုပ်ထဲက အကြောင်းတွေ အားတက်သရောပြောမိတဲ့အခါမှာ သူမရဲ့ ပျင်းရိငြီးငွေ့ နေတဲ့ မျက်လုံးတွေကို မြင်နေရတတ်ပါတယ်။ သူက ညကလပ်တွေ ဘားတွေမှာ အချိန်ဖြုန်းရတာပျော်ရွှင်ပေမဲ့ ကျွန်မက စာအုပ်တအုပ်ဖတ်နေရရင် ကျေနပ်နေတတ်သူပါ။ တခါတခါ ကျွန်မကို ကြည့်တဲ့ သူမအကြည့်ဟာ ATM စက်ကို လှမ်းကြည့်တဲ့ အကြည့်မျိုးဖြစ်နေတတ်တယ်လို့  ခံစားမိရင်း စိတ်မသက်မသာ ဖြစ်တတ်ရပါတယ်။
ဒါပေမဲ့ ပျမ်းမျှအားဖြင့်တော့ ကျွန်မဘဝဟာနေပျော်ပါတယ်။ နွေးထွေးတဲ့ မိသားစုရယ် လျှို့ ဝှက်ထားတဲ့ အမွှာညီမ တစ်ယောက်ရယ် ပိုင်ဆိုင်နေသေးတယ်လေ။
<< ဆံပင်ညှပ်ဆိုင်တွင် ဖတ်မိသော Singapore Women's Weekly - May 2014 လထုတ်မှ secret twin အမည်ရှိ ဆောင်းပါးတိုလေးကို မှတ်မိသလောက် ပြန်လည်စဉ်းစား ဘာသာပြန်ခြင်းဖြစ်သည်>>
Wednesday, September 10, 2014
အခွံ
နေရောင်ခြည်က ကမ္ဘာပေါ် အလျားလိုက်ကျလို့  ။ ဟိုဟိုသည်သည်လျှောက်လာရင်း သန့် စင် နွေးထွေးတဲ့ ဥခွံတခုကို တွေ့ လိုက်တယ်။ သူမ ဥခွံ ထဲ ဝင်ထိုင်ရင်း သန့် ရှင်း သပ်ရပ်တဲ့ နံရံတွေကို ကိုင်ကြည့်တယ်။ လောကကြီးကို ဥခွံထဲမှ လုံခြုံဘေးကင်းစွာ လှမ်းကြည့်တယ်။ လုံခြုံစိတ်ချရတဲ့ စိတ်ခံစားမှုက ဘာနဲ့ မှ မတူဘူးလေ။ အိမ်လို့  သတ်မှတ်လိုက်ပြီး အိပ်ပျော်ဘို့ ကြိုးစားလိုက်တယ်။ အိမ်အသစ်ကလဲ သူမကို ကြိုက်မှာသေချာပါတယ်လေ။ နွေးထွေး ကြည်လင်နေတာပဲကို...။
အော်ဟစ် ကြိမ်းမောင်းနေတဲ့ အသံတွေနဲ့  အိပ်ယာက နိုးလာခဲ့တယ်။ လူတစ်ယောက်ရှေ့ မှာရပ်နေရင်း သူမကို ဒေါသတကြီး ကြည့်လို့ ။
ဘာဖြစ်လို့ လဲ ...
နားမလည်နိုင်စွာမေးတော့
ဒါ ငါ့အိမ် ငါပိုင်တယ် နင်ဘယ်သူလဲ ထွက်သွား
ထိုသူက ပိုင်ဆိုင်ကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်တရွက်ကို သူမ မျက်နှာရှေ့ ဖြန့် ပြတယ်။
ပွဲတော်ဆီ မှန်းဆလို့ လျှောက်ခဲ့တယ်။ မေ့မေ့မောမော ငေးတုန်း လက်တဘက်က သူမကို အသာအယာ ဆွဲခေါ်ယူသွားတယ်။
ပွဲတော်က အလင်းဟာ လက်ပိုင်ရှင်ရဲ့ မျက်လုံးအိမ်ထဲမှာ တောက်ပလို့ ။
အင်း... အခု အထီးမကျန်တော့ဘူးလေ။ နွေးနွေးထွေးထွေးရှိသားပဲ။
မနက် ရောင်နီဦး သမ်းလာတာကို လှမ်းမြင်နေရတယ်။ သူ နဲ့  သူမ တို့ နီးနီးကပ်ကပ်ထိုင်ပြီး မနက်ခင်း နေကို ငေးမောနေကြတယ်။ အချိန်ကြာကြာငေးမောရင်း သူ့ ဘက် အလှည့်မှာ သူမ အလွန်တရာ အံ့အားသင့်သွားတယ်။ သူကလဲ သူမကို အံ့သြတကြီးနဲ့ ကြောင်တက်စွာ ငေးမောလို့ ။
သူ.... သူ့ ကျောပေါ်မှာ အတ္တတရား... မာနတရား... ရက်စက်ခြင်းဆိုတဲ့ ဆူးတွေ... သူမကရော... သူမမှာလဲ ကိုယ်ချင်းမစာနာတတ် ကိုယ့်ကိုယ်သာ ဗဟိုပြုတဲ့ စိတ်ခံစားချက်တွေနဲ့  မနာလို မုန်းတီးမှု အကြေးခွံတွေ တလိပ်လိပ်.... ဘုရား ဘုရား....။
......
လျှောက်နေကျ လမ်းတခုပဲ... သူမ ဖြေးလေးစွာ အထီးကျန်စွာ  လျှောက်ခဲ့တယ်။ အရာရာ ပိန်းပိတ်မှောင်မဲနေတဲ့ မျက်ဝန်းတွေနဲ့  ။